၂၀၁၁ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဒေါ်ရှု”

၂၀၁၁ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်  “ဒေါ်ရှု”

ဒေါ်ရှုကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် ဘိုကလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၂ ယောက်အနက် ဒေါ်ရှုမှာအကြီးဆုံးဖြစ်ပါသည်။ ဒေါ်ရှုသည် အခြေခံပညာ အလယ်တန်းအထိ ပညာသင်ယူခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အသက်မွေးဝမ်းကျောင်းအဖြစ် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့သည်။ ဒေါ်ရှုသည် ၁၉၉၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး စမ်းချောင်းမြို့နယ် စည်းရုံးရေး အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် သံဃာ့အရေးအခင်းကြောင့် အကျဉ်းကျခံနေရပြီး ထောင်ဝင်စာတွေ့မည့်သူ မရှိသော သံဃာတော်များ၊ သီလရှင်များအား အပတ်စဉ် ထောင်ဝင်စာ ပေးပို့နိုင်ရန် မိသားစု၏ စိတ်ပူပန်မှုနှင့် အာဏာပိုင်များ၏ ဖိအားပေး နှောင့်ယှက်မှုများကြားက ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များထဲတွင် ထောင်ဝင်စာတွေ့မည့်သူ မရှိကြသော သံဃာတော်များထံသို့ ပေးပို့မည့် ထောင်ဝင်စာထုပ်များကို ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဝေဠုဝန် မြောက်ရပ်ကွက်ရှိ ဒေါ်ရှု၏ နှစ်ထပ်အိမ်လေးထဲတွင် အမြဲမပြတ် တွေ့ရတတ်ပါသည်။ ထောင်ဝင်စာ အစားအသောက်များ အချိန်မီ ပေးပို့နိုင်ရန် အကူမိန်းကလေး ၂ ဦးနှင့်အတူ ကိုယ်တိုင် ဈေးဝယ်ပြီး ချက်ပြုတ်ကြော်လှော်ရခြင်း ဖြစ်သည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးအခင်း ပြီးခါစ၊ ရှေ့နေ ကိုဖိုးဖြူက ၎င်း ရှေ့နေလိုက်ပေးနေသည့် အမှုတွင်ပါသော မြောက်ဥက္ကလာပ ဘုန်းကြီးကျောင်းမှ သံဃာတော်များနှင့် သီလရှင်များအား ထောင်ဝင်စာ တွေ့မည့်သူမရှိ၍ ဆွမ်းကပ်ပေးရန် အကူအညီတောင်းခဲ့သောကြောင့် သံဃာတော် ၇ ပါးနှင့် သီလရှင် ၇ ပါးတို့အား စတင်ကူညီခဲ့ရာမှ အခြားသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကိုပါ ထောင်ဝင်စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ဒေါ်ရှုသည် သံဃာ အပါး ၅၀ ကျော်အား အမြဲမပြတ် ထောင်ဝင်စာ ပေးပို့နေခဲ့သည်။ ဤသို့ တိုးပွားလာသည့် သံဃာတော်များအတွက် ထောင်ဝင်စာ အပတ်စဉ် ပို့နိုင်ရန် NLD လူမှုအထောက်အကူပြုအဖွဲ့က ကူညီသည့် ထောက်ပံ့ငွေနှင့် (နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက် တစ်လ ၅၀၀၀ ကျပ်နှုန်း) သူမ၏ကိုယ်ပိုင်ငွေများကို အသုံးပြုရခြင်း ဖြစ်သည်။

သံဃာတော်များအား ထောင်ဝင်စာတွေ့ခြင်း၊ ထောင်ဝင်စာထုပ် ပေးပို့ခြင်းများမှာ မလွယ်ကူလှပါ။ မြန်မာပြည်တွင် အကျဉ်းသား၏ မိသားစုဝင်များသာ ထောင်ဝင်စာ တွေ့ခွင့်ရသောကြောင့် ဒေါ်ရှုအနေဖြင့် ရန်ကုန်မှ အကျဉ်းကျ သံဃာများအတွက် ထောင်ဝင်စာထုပ်များကို အင်းစိန်ထောင်ဘူးဝ၌သာ ပေးခွင့်ရသည်။ တခါတရံ ထောင်ဝန်ထမ်းများ၏ အချိန်ဆွဲမှုကြောင့် တနေကုန် စောင့်ဆိုင်းရခြင်းများလည်း ကြုံခဲ့ရသည်။ နယ်ထောင်များအတွက် ထောင်ဝင်စာထုပ်ကို အသေအချာ ထုပ်ပိုးပြီး ဗဟိုစာတိုက်ကြီးက တဆင့် ပေးပို့ရခြင်းဖြစ်သည်။ တရားရုံးတွင် အမှုရင်ဆိုင်နေစဉ် တွေ့ဆုံခွင့်ရသည့် သံဃာတော်များမှလွဲ၍ ကျန်သံဃာတော်များကို မတွေ့ဖူး မသိဖူးပဲ အကူအညီပေးနေသူ ဖြစ်သည်။

ဒေါ်ရှုသည် ၂၀၀၇ ခုနှစ် ဇူလိုင်လ အတွင်းက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကျောက်တော်ကြီးဘုရားတွင် ဝတ်ပြု ဆုတောင်းခဲ့သောကြောင့် ၄၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး၊ ယခုကဲ့သို့ ထောင်ဝင်စာ ပေးပို့နေခြင်းများအတွက်လည်း ဖိအားပေး ခြိမ်းခြောက်မှုများ ခံခဲ့ရသည်။ ထို့အပြင် သူမ၏ နိုင်ငံကူးလက်မှတ်ကိုလည်း ပိတ်ပင်ထားခြင်း ခံရသည်။

၁၆ နှစ်ကြာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သည့် ဆရာတော် အရှင်စန္ဒောဘာသက ဒေါ်ရှုကို ‘ဘိက္ခုမာတာ’ ဟု အမည်မှည့်ခေါ်ခဲ့သည်။ ‘ဘိက္ခုမာတာ’ မှာ ပါဠိဘာသာဖြစ်ပြီး၊ ‘သာသနာ့အနွယ်ဝင်တို့ရဲ့ မိခင်’ ဟု အဓိပ္ပာယ်ရသည်။

၂၀၁၁ ခုနှစ် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ်ကိုမြို့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို နိုင်ငံပေါင်း ၄၀ က ဆန္ဒမဲပေါင်း ၂၅၀၂၂၈ ပေးခဲ့ကြသည့်အနက် ၄၃.၉၁ ရာခိုင်နှုန်းဖြင့် ဘိက္ခုမာတာဒေါ်ရှုအား ချီးမြှင့်ဂုဏ်ပြုခဲ့ကြပါသည်။ ။