၂၀၁၂ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “လဖိုင်နော်မိန်း

၂၀၁၂ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “လဖိုင်နော်မိန်း

၂၀၁၂ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “လဖိုင်နော်မိန်း”

 

၁၉၆၈ ခုနှစ် မေလ ၁၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဒုံကျေးရွာတွင် မွေးဖွားခဲ့သည်။ အဖ ဒူဝါလဖိုင်ဇော်ရစ် (ကွယ်လွန်) နှင့် အမိ ဒူဂျန် အင်ဒေါင်လုဘောက် တို့ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် ဒသမတန်း အောင်မြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်၌ ရန်ကုန် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်သို့ တက်ရောက်ပြီး B.Th ဘွဲ့ရရှိခဲ့သည်။ ထို့နောက် မန်ဒုံ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုဆောင်အဖြစ် ၁ နှစ် ဆောင်ရွက်ခဲ့သည်။
ကွတ်ခိုင်မြို့ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်တွင်လည်း ၁ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အင်းစိန်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ်တွင် B.D ဘွဲ့ထပ်မံ ရယူခဲ့သည်။ ကျောင်းတက်နေချိန်တွင် ဓမ္မတက္ကသိုလ် ကချင်ကျောင်းသားများ မိတ်သဟာရအဖွဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။ မန္တလေး အဝေးသင်တက္ကသိုလ်မှလည်း သမိုင်းဘာသာအဓိကဖြင့် B.A ဘွဲ့ ရရှိခဲ့သည်။
ကျောင်းတက်နေချိန်အတွင်း ကချင်ဘာသာမဂ္ဂဇင်းများတွင် အသိပညာပေးဆောင်းပါးများ ရေးသားခဲ့သည်။ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။ မွေးရပ်မြေ မန်ဒုံကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်တွင် ဓမ္မအမှုတော်ဆောင်အဖြစ် ပြန်လည်ဆက်ကပ်ပြီး၊ ရှမ်းပြည်နယ်ဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူငယ်ဌာန၏ တာဝန်ခံအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ လူမှုရေးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေကြေးအဖိုးအခကို မကြည့်ဘဲ ဆောင်ရွက်တတ်သူဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံကျေးရွာကလေးတွင် အမှုတော်ဆောင်ရင်း ဒေသဖွံ့ဖြိုးရေး၊ လူငယ်များအား ပြုစုပျိုးထောင်ရေးတို့ကို အာဏာပိုင်များ၏ဖိနှိပ်ခံ ဒေသခံများအတွက် ရပ်တည်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ မန်တုံကျေးရွာတွင် ဘုရားရှိခိုးကျောင်းဆောက်လုပ်မှုတွင် ဦးဆောင်ခဲ့မှုအတွက် မြန်မာစစ်တပ်၏ရိုက်နှက်၊ ဖမ်းဆီးချုပ်နှောင်မှုကိုလည်း ခံခဲ့ရသည်။ ဒေသခံရွာသူ/သားများကို မြန်မာစစ်တပ်မှ ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးခြင်းများအတွက် မားမားမတ်မတ်ရပ်တည်၍ ကာကွယ်ခဲ့သောကြောင့်လည်း စစ်တပ်၏စောင့်ကြည့်ခံရမှုနှင့် ဖမ်းဆီးစစ်ဆေးခြင်း မကြာခဏခံရသူဖြစ်ပါသည်။
၂ဝဝ၂ ခုနှစ်မှစ၍ မီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်ရန်အတွက် မိုင်ဂျာယန်တွင် Sinpraw Bum Media (ဆင်ပရော့ဘွမ် မီဒီယာ) လုပ်ငန်းကို အဓိက ဦးဆောင်လုပ်ကိုင်ခဲ့သည်။ လူငယ်များအား မီဒီယာနှင့်ပတ်သက်သည့် သင်တန်းများ ပို့ချခြင်း၊ ကေအိုင်အိုအဖွဲ့၏ သတင်း မှတ်တမ်းဌာနတွင် ကူညီပံ့ပိုးခြင်း၊ ကချင်စကားပြော ဗီဒီယိုဇာတ်လမ်းများ တာဝန်ယူရိုက်ကူးခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ်တွင် Kachinlandnews Web Site ကို တက်ကြွသည့် ကချင်လူငယ်တစုနှင့်လက်တွဲ၍ ဦးဆောင်တည်ထောင်ခဲ့သည်။
၂ဝ၁၁ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ်အတွင်း ပြန်လည်စတင်ခဲ့သော ပြည်တွင်းစစ်ကာလအတွင်း ကချင်လူငယ်တစု စုပေါင်း၍ Kachinland News သတင်းဌာနကို စတင်တည်ထောင်ရာ လဖိုင်နော်မိန်းသည် တက်ကြွစွာပါဝင်ခဲ့ပြီး Kachinland News သတင်းဌာန၏ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စိန်လုံဒေသရှိ ကောင်းဝဲတိုက်ပွဲအတွင်း စစ်ဖြစ်နေသည့်နေရာသို့ ကိုယ်တိုင်သွားရောက် သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှ ပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တခုလုံး မလှုပ်ရှားနိုင်ဖြစ်သွားခဲ့သည်။

 

လက်ရှိအချိန်တွင် ဇနီးဖြစ်သူ ဒေါ်အင်ခွန်ဆိုင်းအောင် နှင့် သမီး လဖိုင်နန်ဆိုင်းပန် တို့က အနီးကပ် ပြုစုစောင့်ရှောက် ပေးနေရသည်။

လဖိုင်နော်မိန်းသည် ပတ်ဝန်းကျင်ရှိ လူငယ်များအား လူသားတစ်ယောက်အနေဖြင့် အရေးကြီးသည့် ရှင်သန်ရပ်တည်မှုအပြင် ချစ်ခြင်းမေတ္တာ၊ စိတ်နှလုံးနှိမ့်ချခြင်းများနှင့် လူ့အဖွဲ့အစည်းအား အကျိုးပြုစေလိုပြီး လူသားဆန်စွာ အသက်ရှင်သန်ရန် စံနမူနာပြနေထိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဘဝကို ရိုးသားစွာဖြတ်သန်းပြီး သူတပါးအကျိုးအား အမြဲရှေးရှု ကူညီတတ်သူတစ်ဦးလည်းဖြစ်သည်။