COBA Constitution – ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းပုံအခြေခံမူနှင့် စည်းမျဉ်းများ

You are here: Home / About COBA / COBA Constitution – ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းပုံအခြေခံမူနှင့် စည်းမျဉ်းများ

Citizen of Burma Award Organization Constitution

အခန်း ၁ – အသင်း၏အမည်၊ အလံ၊ အမှတ်တံဆိပ်၊ ကြွေးကြော်သံနှင့် ဆောင်ပုဒ်များ
(Name of the Organization, Flag,  Logo,  Slogan,  Motto of the Organization)

 

၁-(က) အသင်း၏အမည် (Name of the Organization)

အသင်း၏အမည်မှာ မြန်မာအမည်အားဖြင့် “ပြည်သူ့ဂုဏ်ရည်အသင်း” ဖြစ်ပြီး၊ အင်္ဂလိပ်အမည်အားဖြင့် “Citizen of Burma Award Organization” ဖြစ်သည်။

၁-(ခ)-၁ အသင်း၏အလံ (Flag of the Organization)

၁-(ခ)-၂ အလံ၏အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition of the Flag)

အပြာနုရောင်နောက်ခံ၏အလယ်ဗဟိုရှိ အဖြူရောင်စက်ဝိုင်းအတွင်း၌ အသင်း၏အမှတ်တံဆိပ်ကို ထည့်သွင်းထားသည်။ အပြာနုရောင်သည် ငြိမ်းချမ်းခြင်း၊ ကျယ်ပြန့်လွတ်လပ်ခြင်းနှင့် တည်ငြိမ်ခြင်းသဘောကိုဆောင်ပြီး၊ အဖြူရောင်သည် ပေါင်းစုခြင်း၊ ရိုးသားဖြူစင် ကြင်နာခြင်းနှင့် အမှန်တရားအတွက် ပွင့်လင်းခြင်းသဘောကိုဆောင်သည်။ စက်ဝိုင်းသည် စည်းလုံးညီညွတ်ခြင်းကို ကိုယ်စားပြုသည်။

၁-(ခ)-၃ အသင်း၏ အမှတ်တံဆိပ် (Logo of the Organization)

၁-(ခ)-၄ အမှတ်တံဆိပ်၏အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition of the Logo)

မြန်မာနိုင်ငံအတွင်းရှိ အကူအညီလိုအပ်နေသော တိုင်းရင်းသားပြည်သူအပေါင်းကို ကိုယ်စားပြုသည့် လူပုံသဏ္ဌာန်သင်္ကေတကို ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံသူတို့၏ ရဲရင့်ခြင်းအဓိပ္ပာယ်ဆောင်သော အနီရောင်နှလုံးအိမ်အတွင်း၌ ထည့်သွင်းထားသည်။ ငြိမ်းချမ်းသာယာသည့် အဓိပ္ပာယ်ဆောင်သော အပြာရောင်လက်နှစ်ဖက်သည် ရိုင်းပင်းကူညီခြင်းနှင့် ပေါင်းစုဂုဏ်ပြုခြင်းတို့ကို ဖော်ဆောင်သည်။

၁-(ဂ)-၁   အသင်း၏ ကြွေးကြော်သံ (Slogan of the Organization)

မြန်မာဘာသာဖြင့် – “မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်”
အင်္ဂလိပ်ဘာသာဖြင့် – “Honoring the spirit of Burmese helping Burmese”

၁-(ဂ)- ၂   အသင်း၏ ဆောင်ပုဒ် (Motto of the Organization)

(၁) ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ စုစည်းမှု

(၂) သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
-ဇော်ဂျီ-

Click here to change this text

အခန်း ၂ – အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဉ်
(Goal & Core Value, Vision & Mission)

၂-(က) ပန်းတိုင်နှင့် အနှစ်သာရ (Goal & Core Value)

မြန်မာပြည်ကြီးတွင် လူမှုဒုက္ခများကင်းဝေး၍ သာယာသော လူ့ဘောင်အဖွဲ့အစည်း ပေါ်ထွန်းလာစေရန်။

၂-(ခ) ရည်ရွယ်ချက် (Vision)

မြန်မာပြည်တွင်းမှ ဂုဏ်ပြုထိုက်သော လူမှုရေးသူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီ လိုအပ်နေသည့် မြန်မာပြည်တွင်းလူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန်။

၂-(ဂ) လမ်းစဉ် (Mission)

မြန်မာပြည်တွင်းလူမှုဒုက္ခများကို ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံကာ စွမ်းစွမ်းတမံဆောင်ရွက်နေကြသူတို့အား ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ စုစည်းညီညွတ်မှုဖြင့် လူသိရှင်ကြား၊ အခမ်းအနားများကျင်းပ၍ ဖော်ထုတ်ဂုဏ်ပြု သွားကြရန်နှင့် ကျယ်ပြန့်၊ ထိရောက်စွာ ကူညီသွားကြရန်။

အခန်း ၃ – ပြည်သူ့ဂုဏ်ရည်အသင်းဝင်တိုင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ

၃-(က)  အသင်းဝင်တိုင်းသည် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျားမ စသည့် မွေးရာပါနှင့် ယဉ်ကျေးမှုဆိုင်ရာအချက်များ၊ တဦးချင်း၏ ငွေကြေးပိုင်ဆိုင်မှု၊ ရာထူးအရှိန်အဝါ၊ အသက်အရွယ် စသည့်အချက်များကြောင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ မကွာခြားစေရဘဲ အားလုံး တန်းတူညီမျှမှု ရှိရမည်။ အချင်းချင်း အပြန်အလှန်လေးစားစွာ ဆက်ဆံလုပ်ကိုင်နိုင်ရမည်။

၃-(ခ)  အသင်းဝင်တိုင်းသည် အများသဘောဖြင့် အတည်ပြုသည့် ဆုံးဖြတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်သူဖြစ်ရမည်။

အခန်း ၄ – ပြည်သူ့ဂုဏ်ရည်အသင်း၏ စည်းရုံးရေးအခြေခံမူ

ပြည်သူ့ဂုဏ်ရည်အစီအစဉ်သည် မြန်မာပြည်တွင်းလူမှုရေးလုပ်ငန်းများကိုအားပေးမြှင့်တင်ရန်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူ မည်သူ့ကိုမဆို လက်ကမ်းကြိုဆိုသွားမည်ဖြစ်ပြီး၊ ဒေသအသီးသီးရှိ အသင်းအဖွဲ့များနှင့်တသီးပုဂ္ဂလများ၏ မတူကွဲပြားသည့် အမြင်များအပေါ်တွင် လေးစားမှုကိုအခြေခံကာ ချဉ်းကပ်စည်းရုံးသွားမည့်မူကို ကျင့်သုံးမည်။

အခန်း  ၅ – ဌာနခွဲများ (Chapter) အလိုက် အလုပ်အမှုဆောင်အဖွဲ့ွဲများ ဖွဲ့စည်းခြင်း

၅-(က)  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့နှင့် အဖွဲ့ဝင်များ

၅-(က)-၁  ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများသည် ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစု အသိုင်းအဝိုင်းများအပေါ်တွင် အခြေခံထားသဖြင့် ဒေသဆိုင်ရာအလိုက် မြို့နယ်အနေဖြင့်ဖြစ်စေ၊ မြို့နယ်စုများအနေဖြင့်ဖြစ်စေ၊ ပြည်နယ်အနေဖြင့်ဖြစ်စေ၊ နိုင်ငံအနေဖြင့်ဖြစ်စေ ပြည်သူ့ဂုဏ်ရည်အစီအစဉ်ကို စိတ်ပါဝင်စားသူများကစတင်၍ ဌာနခွဲ (Chapter) အလုပ်အမှုဆောင်အဖွဲ့ကို ဦးစွာဖွဲ့စည်းနိုင်သည်။

၅-(က)-၂  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ (Chapter Executive Committee) သည် အဆိုပါ Chapter ၏ တာဝန်ခံအဖွဲ့ဖြစ်သည်။

၅-(က)-၃  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေကို ကန့်သတ်မထားဘဲ စိတ်ပါဝင်စားသူ မည်သူမဆို ဝိုင်းဝန်းပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိရမည်။ ဌာနခွဲအလိုက် တာဝန်ယူ ဆောင်ရွက်မည့်သူဦးရေကို အနည်းဆုံး ၄ ဦးမှ စတင်၍ သင့်တော်သလို သတ်မှတ်၊ တာဝန်ပေးအပ်နိုင်သည်။

၅-(ခ) ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသတ်မှတ်ချက်

၅-(ခ)-၁  ဌာနခွဲအသီးသီးမှ အလုပ်အမှုဆောင်အဖွဲ့များသည် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုကြီးတခုလုံး၏ အခြေခံပင်မ ရေသောက်မြစ် ဖြစ်သည့်အားလျော်စွာ မတူကွဲပြားသောနေရာဒေသ၊ လုပ်ငန်းနယ်ပယ်အသီးသီးမှ စေတနာ့ဝန်ထမ်း စိတ်ပါဝင်စားသူများနှင့် ပေါင်းစု ဖွဲ့စည်းထားခြင်းဖြစ်သည်။

၅-(ခ)-၂  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်ညှိနှိုင်းကာ အနည်းဆုံး ၁ နှစ်မှ အများဆုံး ၄ နှစ်အထိ သတ်မှတ်နိုင်သည်။ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကုန်ချိန်မှစ၍ ၁ လအတွင်း နောက်သက်တမ်းအတွက် အလုပ်အမှုဆောင်များကို ရွေးချယ်သွားရမည်။ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များကို ရွေးချယ်မှုမပြီးမချင်း လက်ရှိတာဝန်ယူထားသော အလုပ်အမှုဆောင်အဖွဲ့က ဆက်လက်တာဝန်ထမ်းဆောင်ပေးရမည်။

၅-(ဂ) အခြေခံကော်မတီ လေးရပ်

ဌာနခွဲများအလိုက် အောက်ပါလုပ်ငန်းဆောင်ရွက်မှု အခြေခံကော်မတီလေးရပ်ကို မူတည်ဖွဲ့စည်းရမည်။
– ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ
– စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ
– ပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ နှင့်
– စည်းရုံးရေးကော်မတီ တို့ဖြစ်သည်။

၅-(ဃ) ဌာနခွဲ (Chapter) အလိုက် တာဝန်ခံခန့်ထားခြင်း

၅-(ဃ)-၁  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့သည် ဖွဲ့စည်းပြီး ရက် ၃၀ အတွင်း မိမိတို့ဌာနခွဲ (Chapter) ၏ ပြည်သူ့ဂုဏ်ရည်လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်အောင်ဆောင်ရွက်မည့် တာဝန်ခံတဦး ရွေးချယ်ခန့်ထားရမည်။

၅-(ဃ)-၂  ဌာနခွဲ (Chapter) တာဝန်ခံသည် လိုအပ်ပါက ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်သော်လည်းကောင်း၊ ဗဟိုလုပ်ငန်းကော်မတီများနှင့်သော်လည်းကောင်း၊ အခြား ဌာနခွဲ (Chapter) များနှင့်သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်ရေးကို တာဝန်ခံရမည်။

၅-(င) ပြည်သူ့ဂုဏ်ရည်အစီအစဉ်တွင် ဌာနခွဲ (Chapter) အသစ်စတင်ဝင်ရောက်ခြင်း

၅-(င)-၁  ဌာနခွဲအလိုက် အခြေခံကော်မတီလေးရပ်ကို ဝိုင်းဝန်းလုပ်ဆောင်တာဝန်ခံသူ ၄ ဦးဖြစ်စေ၊ ၄ ဦးထက်ပိုသော အရေအတွက်ဖြင့်ဖြစ်စေ စတင်ဖွဲ့စည်းပြီးသည့်နောက်၊ ပြည်သူ့ဂုဏ်ရည်အစီအစဉ်တွင် အဆိုပါ ဌာနခွဲပါဝင်လာကြောင်း
“ပြန်ကြားရေးနှင့် မှတ်တမ်းဗဟိုလုပ်ငန်းကော်မတီ”မှ ကြေညာချက်ထုတ်ပြန်ရမည်။

၅-(င)-၂   ပြည်သူ့ဂုဏ်ရည်အစီအစဉ်သည် ပြည်ပရောက်မြန်မာတိုင်းရင်းသားမိသားစုများ စုဝေးနေထိုင်ကြရာ မြို့နယ်များအလိုက်သာ အဖွဲ့ခွဲများ၊ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သောကြောင့် နိုင်ငံအလိုက်ဖြစ်စေ၊ ပြည်နယ်အလိုက်ဖြစ်စေ ကန့်သတ်ချက်များဖြင့် သတ်မှတ်သွားမည်မဟုတ်ပါ။ သို့သော်လည်း ဌာနခွဲများမှ ၎င်းတို့ဌာနခွဲအမည်ကို နိုင်ငံအမည် သို့မဟုတ် ပြည်နယ်အမည်ဖြင့် သုံးနှုန်းလိုခဲ့လျှင် အခြားကန့်ကွက်ချက်များ မပေါ်သရွေ့သုံးနှုန်းနိုင်သည်။

၅-(င)-၃  အသစ်ဝင်ရောက်လာသော ဌာနခွဲ (Chapter) အနေဖြင့် စတင်ဖွဲ့စည်းပြီး ၁ နှစ် ပြည့်သည့်အခါတွင်ဖြစ်စေ၊ ၁ နှစ် မပြည့်သေးသော်လည်း အဆိုပါ ဌာနခွဲ (Chapter) ၏ ပြည်သူ့ဂုဏ်ရည်အစီအစဉ်အတွက် ဖော်ဆောင်လာသော လှုပ်ရှားမှုများအပေါ် မူတည်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏သဘောတူညီချက်ဖြင့််ဖြစ်စေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် အမည်စာရင်း တင်သွင်းနိုင်သည်။

၅-(င)-၄  အသစ်ဝင်ရောက်လာသော ဌာနခွဲ (Chapter) များမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် အမည်စာရင်း တင်သွင်းလာပါက လက်ရှိဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြည်သူ့ဂုဏ်ရည်အသင်းဖွဲ့စည်းပုံ စည်းမျဉ်း ၆ အရ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားရမည်။

၅-(စ)   ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ 

၅-(စ)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် အမည်စာရင်းတင်သွင်းနိုင်သည်။ မတင်သွင်းလိုက မတင်သွင်းဘဲ နေနိုင်သည်။ ဌာနခွဲ (Chapter) အလိုက် ဖွဲ့စည်းထားသော ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏  မဲ ၄ မဲဖြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရာတွင် ဆန္ဒပြုမဲပေးပိုင်ခွင့်ရှိသည်။ ဆန္ဒပြုရမည့်အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ဆန္ဒပြုရန်လိုသည်။ ကိုယ်တိုင်တက်ရောက်ခြင်း မပြုနိုင်ပါက ဆန္ဒမဲပေးပိုင်ခွင့်ပျက်ပြယ်သည်။

၅-(စ)-၂  ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ မပျက်မကွက်တက်ရောက်ရန်ခေါ်ယူသော အထူးအရေးကြီးသည့် အစည်းအဝေးများကို  ဌာနခွဲမှ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်တဦးဖြစ်စေ၊ နှစ်ဦးဖြစ်စေ မဖြစ်မနေတက်ရောက်ရမည်။

၅-(စ)-၃  ပြည်သူ့ဂုဏ်ရည်ဆုအတွက် နောက်ဆုံးဆန်ခါတင်ငါးဦး ရွေးချယ်ရာတွင် မိမိတို့ဌာနခွဲနှင့်အကျုံးဝင်သော ဒေသအတွင်းမှ မြန်မာတိုင်းရင်းသား မိသားစုများ၏ဆန္ဒကို ကိုယ်စားပြု မဲပေးရွေးချယ်ပိုင်ခွင့်ရှိသည်။

၅-(စ)-၄  ဌာနခွဲ (Chapter) တိုင်းသည် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နှစ်စဉ်ရန်ပုံငွေ အမေရိကန်ဒေါ်လာငါးရာ (၅၀၀) အနည်းဆုံး ထည့်ဝင်ရန် သတ်မှတ်သည်။

၅-(စ)-၅  ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများအတွက် ကော်မတီလေးရပ်ကိုအခြေခံလျက် ဆောင်ရွက်နိုင်သည်။ ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီကို ကြိုတင်အသိပေးပြီး ရန်ပုံငွေပွဲများကျင်းပခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ မြန်မာတိုင်းရင်းသား မိသားစုများထံမှ ဆန္ဒမဲများတောင်းခံခြင်းတို့ကို ပြုလုပ်နိုင်သည်။ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပလိုက အိမ်ရှင်မြို့အဖြစ် အဆိုပြုသည့်မြို့များနှင့် ယှဉ်ပြိုင်ရွေးချယ်ခံနိုင်သည်။

၅-(ဆ) ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်များ သက်တမ်းမပြည့်မီ တာဝန်များမှခေတ္တအနားယူခြင်း၊ နုတ်ထွက်ခြင်း နှင့် အစားထိုးခြင်း

၅-(ဆ)-၁  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်စေ၊ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ တာဝန်များမှခေတ္တအနားယူလိုပါက ဌာနခွဲတာဝန်ခံထံသို့ အကျိုးအကြောင်းတင်ပြ၍ အနားယူနိုင်သည်။ ဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့ သက်တမ်းကာလ ၁ နှစ်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရက် ၃၀၊ ကျန်းမာရေးအခြေအနေကြောင့် ဖြစ်ပါက ရက် ၆၀၊ စုစုပေါင်း ရက် ၆၀ ထက်မကျော်လွန်ဘဲ တာဝန်များမှခေတ္တအနားယူနိုင်သည်။

၅-(ဆ)-၂  အနားယူထားသည့်ကာလအတွင်း ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ အခါအားလျော်စွာကျင်းပသော အစည်းအဝေးများကို တက်ရောက်လိုက တက်ရောက်နိုင်သည်။ ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲများပေးနိုင်သည်။

၅-(ဆ)-၃  ခွင့်ပြုထားသောရက်များထက် ကျော်လွန်၍ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်နိုင်ခြင်းမရှိလျှင် ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့က အလုပ်အမှုဆောင်အဖွဲ့ဝင်သစ် အစားထိုးခန့်ထားနိုင်သည်။

၅-(ဆ)-၄  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ပြည်သူ့ဂုဏ်ရည်အစီအစဉ်မှတဦးဖြစ်စေ၊ အများဖြစ်စေ နုတ်ထွက်လိုပါက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သို့မဟုတ် ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီသို့ စာဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ အနည်းဆုံးရက်သတ္တပတ်နှစ်ပတ် (၁၄ ရက်) ကြိုတင်အကြောင်းကြားလျက် တရားဝင်နုတ်ထွက်နိုင်သည်။ နုတ်ထွက်စာကို လက်ခံရရှိသည့်အဖွဲ့က ကျန်အဖွဲ့များသို့ ဆက်လက်အကြောင်းကြားရမည်။

၅-(ဆ)-၅  အကယ်၍ ဌာနခွဲအလုပ်အမှုဆောင် အဖွဲ့တဖွဲ့လုံးနုတ်ထွက်ပါက  ပြည်သူ့ဂုဏ်ရည်အစီအစဉ်ကို စေတနာ့ဝန်ထမ်း ဆောင်ရွက်မည့်ပုဂ္ဂိုလ်များ တာဝန်မှနုတ်ထွက်ခြင်းသာဖြစ်ပြီး အဆိုပါဒေသအတွင်း စိတ်ပါဝင်စားသူများက ဌာနခွဲအလုပ်အမှုဆောင် အဖွဲ့သစ်ကို တဖန်ပြန်လည်၍ ဖွဲ့စည်းထူထောင်နိုင်သည်။

၅-(ဆ)-၆  နုတ်ထွက်ရန်ဆန္ဒပြုသူသည် မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်းများအား ရှင်းလင်းပြီး သက်ဆိုင်ရာအလုပ်အမှုဆောင်ကော်မတီသို့ ပြန်လည်အပ်နှံရန်တာဝန်ရှိသည်။

အခန်း  ၆ – ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (Central Executive Committee)

၆-(က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို ရွေးချယ်ခြင်း

၆-(က)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မိမိတို့အခြေချနေထိုင်ရာဒေသအသီးသီး၏ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ လုပ်ဆောင်နေသူများကို ကိုယ်စားပြုသူများ ဖြစ်ရမည်။

၆-(က)-၂  ဝိုင်းဝန်းဆောင်ရွက်သည့် ဌာနခွဲများမှ ပြည်သူ့ဂုဏ်ရည်အသင်း၏ လုပ်ငန်းများ ကျယ်ပြန့်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအပေါ်တွင် အခြေခံလျက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် တဦး သို့မဟုတ် နှစ်ဦးအထိ အမည်စာရင်း တင်သွင်းနိုင်သည်။ မတင်သွင်းဘဲလည်း နေနိုင်သည်။

၆-(က)-၃  ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် ဌာနခွဲကိုယ်စားလှယ် နှစ်ဦး အမည်စာရင်းတင်သွင်းလိုလျှင် မိမိတို့ ဌာနခွဲ၏ ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့်အစီအစဉ်များ၏လိုအပ်ချက်ကြောင့် အမှုဆောင်နှစ်ဦးအထိ အမည်စာရင်း တင်သွင်းလိုကြောင်း ရှင်းလင်းတင်ပြရန်လိုအပ်သည်။

၆-(က)-၄  အမည်စာရင်းတင်သွင်းထားသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေမှာ အများဆုံးသတ်မှတ်ဦးရေထက် ကျော်လွန်နေပါက တိုက်ရိုက်ဆန္ဒမဲစနစ်ဖြင့်ဆုံးဖြတ်ပြီး ရွေးချယ်မည်။

၆-(က)-၅  ဝိုင်းဝန်းပါဝင်ကြသော ဌာနခွဲများမှ ဌာနခွဲတခုလျှင်ဆန္ဒမဲ လေးမဲအများဆုံးပေးပိုင်ခွင့်ရှိပြီး ဆန္ဒမဲဖြင့်ရွေးချယ်မည့်နေ့ရက် မတိုင်မီ ရက်သတ္တပတ်တပတ် ကြိုတင်၍ ဌာနခွဲအလိုက် ဆန္ဒမဲပေးရွေးချယ်မည့်သူများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် အမည်စာရင်း တင်သွင်းရွေးချယ်ခံလိုသူများ၏အမည်စာရင်းကို “စာရင်းစစ်နှင့်စည်းကမ်းထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ” သို့တင်သွင်းရမည်။ သတ်မှတ်ထားသောနေ့တွင် တယ်လီဖုန်းအစည်းအဝေးကျင်းပကာ ဌာနခွဲများ၏ဆန္ဒကို တိုက်ရိုက်တောင်းခံ ရွေးချယ်မည်။

၆-(က)-၆  ဝိုင်းဝန်းဆောင်ရွက်ကြသော ဌာနခွဲများတည်ရှိရာပထဝီဝင်အနေအထားအရ အချိန်ကာလကွာခြားမှုကြောင့် တယ်လီဖုန်းအစည်းအဝေးကို တက်ရောက်ရန်အခက်အခဲရှိပါက ထိုဌာနခွဲများသည် ဌာနခွဲအများစုပါဝင်ရာ အစည်းအဝေးမတိုင်မီ ကြိုတင်၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည်။

၆-(က)-၇  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တိုင်းသည် (တယ်လီဖုန်းအစည်းအဝေးများ အပါအဝင်) ရွေးချယ်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးများသို့ ကိုယ်တိုင်တက်ရောက်၍ အမည်စာရင်းတင်သွင်းခြင်း၊ အရွေးချယ်ခံခြင်းများကို ဆောင်ရွက်ရမည်။ အခြားသူများကတဆင့် တာဝန်ခံခြင်း၊ ကာယကံရှင်မပါဝင်ဘဲ အဆိုပြုထောက်ခံခြင်းများမရှိစေရ။

၆-(ခ)  ဗဟိုအလုပ်အမှုဆောင်များ၏ အရည်အချင်းသတ်မှတ်ချက်များ

၆-(ခ)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မည့်သူသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်၊ လမ်းစဉ်တို့ကို စိတ်ဝင်စားစွာ သဘောပေါက်နားလည်လျက် ပန်းတိုင်၊ ရည်ရွယ်ချက်၊ လမ်းစဉ်များ သွေဖည်တိမ်းစောင်း မသွားစေရန် ကာကွယ်၊ ထိန်းကျောင်း၊ တည့်မတ်သွားနိုင်သူဖြစ်ရမည်။

၆-(ခ)-၂  ပြည်သူ့ဂုဏ်ရည်အသင်း၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အချိန်ပေးလုပ်ကိုင်ဆောင်ရွက်နိုင်သူ၊ အဖွဲ့ဝင်များအတွင်း နားလည် လေးစား ယုံကြည်မှုကို တည်ဆောက်နိုင်သူဖြစ်ရမည်။

၆-(ခ)-၃  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုလုပ်ငန်းကော်မတီအသီးသီးက တင်ပြလာသော ရှေ့လုပ်ငန်းစဉ်များကို ဦးဆောင်ချမှတ် အကောင်အထည်ဖော်သွားနိုင်ရမည်။

၆-(ခ)-၄  ရန်ပုံငွေရှာဖွေရေးကိစ္စများတွင် တက်ကြွစွာဦးဆောင်တာဝန်ယူနိုင်သူဖြစ်ရမည်။

၆-(ခ)-၅  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်သူ၊ ငွေကြေးကိစ္စရပ်များတွင် ယုံကြည်စိတ်ချစွာ အပ်နှံကိုင်တွယ်တာဝန်ယူနိုင်သူဖြစ်ရမည်။

၆-(ခ)-၆  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ အကျိုးစီးပွားနှင့် အခြားအသင်းအဖွဲ့များ၏ အကျိုးစီးပွား ယှဉ်လာပါက ပြည်သူ့ဂုဏ်ရည်အသင်း၏ အကျိုးစီးပွားကိုဦးစားပေး၍ လုပ်ကိုင်ဆောင်ရွက်ရမည်။

၆-(ဂ)  ဗဟိုအလုပ်အမှုဆောင်များ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်

၆-(ဂ)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် ဗဟိုလုပ်ငန်းကော်မတီတခုခုတွင် ဝင်ရောက်တာဝန်ယူရမည်။

၆-(ဂ)-၂  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် တတ်နိုင်ပါက တခုထက်ပိုသောဗဟိုလုပ်ငန်းကော်မတီများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်သည်။

၆-(ဂ)-၃  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် မိမိတို့ဌာနခွဲတွင် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ နှစ်စဉ်ဖြစ်မြောက်စေရေးကို ဆောင်ရွက်နိုင်ရမည်။

၆-(ဂ)-၄  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်း ပြည်သူ့ဂုဏ်ရည်အသင်း၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ ယေဘုယျ သုံးသပ်ချက်များ၊ ဆောင်ရွက်သင့်သည်များ၊ ဗဟိုလုပ်ငန်းကော်မတီအသီးသီးက ၃ လ ၁ ကြိမ် တင်ပြလာသော လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ထင်မြင်ချက်၊ အကြံပြုချက်များကို လေးလတကြိမ် အစီရင်ခံတင်ပြနိုင်ရမည်။

၆-(ဂ)-၅  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ညှိနှိုင်းသဘောတူညီမှုဖြင့် စီမံခန့်ခွဲနိုင်သည်။

၆-(ဃ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်း

၆-(ဃ)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကို ရွေးချယ်ပြီးသည့်နေ့မှစတင်၍ ၄ နှစ် (၄၈ လ) အဖြစ် သတ်မှတ်သည်။

၆-(ဃ)-၂  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကုန်ချိန်မှစ၍ တလအတွင်း နောက်သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်များကို ရွေးချယ်သွားရမည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များကို ရွေးချယ်မှုမပြီးမချင်း လက်ရှိတာဝန်ယူထားသော ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ဆက်လက်တာဝန်ထမ်းဆောင်ပေးရမည်။

၆-(ဃ)-၃  ကြားဖြတ်ဝင်ရောက်လာသော အဖွဲ့ဝင်သစ်၏သက်တမ်းသည် လက်ရှိဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လက်ကျန် သက်တမ်းအထိသာဖြစ်သည်။

၆-(င)   ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သက်တမ်းမပြည့်မီ တာဝန်များမှခေတ္တအနားယူခြင်း၊ နုတ်ထွက်ခြင်း နှင့် အစားထိုးခြင်း

၆-(င)-၁ တာဝန်များမှ ခေတ္တအနားယူခြင်း

၆-(င)-၁/၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်စေ၊ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ တာဝန်များမှ ခေတ္တအနားယူလိုပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူးထံသို့ အကျိုးအကြောင်း တင်ပြ၍ အနားယူနိုင်သည်။

၆-(င)-၁/၂  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သက်တမ်းအတွင်း ၁ နှစ်လျှင် ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရက် ၃၀၊ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်ပါက ရက် ၆၀၊ စုစုပေါင်း ရက် ၆၀ ထက်မကျော်လွန်ဘဲ တာဝန်များမှခေတ္တအနားယူနိုင်သည်။

၆-(င)-၁/၃  အနားယူထားသည့်ကာလအတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အခါအားလျော်စွာကျင်းပသော အစည်းအဝေးများကို တက်ရောက်လိုက တက်ရောက်နိုင်သည်။ ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲများပေးနိုင်သည်။

၆-(င)-၁/၄  ခွင့်ပြုထားသောရက်များထက်ကျော်လွန်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်နိုင်ခြင်းမရှိပါက ၎င်းကိုယ်စားပြုရာ ဌာနခွဲ (Chapter) အလုပ်အမှုဆောင်အဖွဲ့က ထပ်မံရွေးချယ်စေလွှတ်သည့်သူတဦးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်အဖြစ် အစားထိုးရမည်။

၆-(င)-၁/၅  ၎င်းကိုယ်စားပြုရာ ဌာနခွဲ (Chapter) အလုပ်အမှုဆောင်အဖွဲ့က ရက် ၃၀ အတွင်း ထပ်မံရွေးချယ်စေလွှတ်ခြင်း မရှိလျှင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သင့်တော်သလို စီမံအစားထိုးရမည်။

၆-(င)-၂  နုတ်ထွက်ခြင်း

၆-(င)-၂/၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပြည်သူ့ဂုဏ်ရည်အသင်းတွင် လက်ရှိတာဝန်ယူလုပ်ဆောင်နေသော
အခန်းကဏ္ဍအသီးသီးမှ မိမိသဘောအလျောက် နုတ်ထွက်ရန်ဆန္ဒရှိပါက အနည်းဆုံးရက် ၃၀ ကြိုတင်၍ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့သို့အကြောင်းကြားရမည်။

၆-(င)-၂/၂  နုတ်ထွက်ရန်ဆန္ဒပြုသူသည် မပြီးပြတ်သေးသောဆောင်ရွက်ဆဲလုပ်ငန်းများအား ရှင်းလင်းပြီး သက်ဆိုင်ရာအလုပ်အမှုဆောင်ကော်မတီသို့ ပြန်လည်အပ်နှံရန်တာဝန်ရှိသည်။

၆-(င)-၃  အစားထိုးခြင်း

၆-(င)-၃/၁  လစ်လပ်သွားသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာအတွက် ကျန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှ အရေးပေါ်အခြေအနေတရပ်ကြောင့် အလျင်အမြန် ဖြည့်စွက်ရန်သဘောတူညီပါက မဲပေးရွေးချယ်မှုအထမြောက်စေရန် ရက် ၃၀ အတွင်း စီစဉ်ဆောင်ရွက်ရမည်။

၆-(င)-၃/၂  လစ်လပ်သွားသောဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာကို အရေးပေါ်အခြေအနေတရပ်ကြောင့် အလျင်အမြန် ဖြည့်စွက်ရန်မလိုအပ်ပါက နှစ်စဉ် ဇွန်လ သို့မဟုတ် ဇန်နဝါရီလ တို့တွင်ကျင်းပမည့် ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲများ၌ အစားထိုး တာဝန်ပေးနိုင်သည်။

၆-(င)-၃/၃  အစားထိုးဝင်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်၏သက်တမ်းသည် နုတ်ထွက်သွားသူ၏ ကျန်ရှိနေသောသက်တမ်းသာဖြစ်ရမည်။

၆-(စ)   ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ကို အရေးယူခြင်းနှင့် ထုတ်ပယ်ခြင်း

၆-(စ)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးသည် ပြည်သူ့ဂုဏ်ရည်အသင်း ပြိုကွဲ ပျက်စီးရာကို ရှေးရှုဆောင်ရွက်နေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့လျှင်ဖြစ်စေ၊

၆-(စ)-၂  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင်ဖြစ်စေ၊

၆-(စ)-၃  မိမိနေထိုင်ရာတိုင်းပြည်၏ တည်ဆဲဥပဒေများအရ ရာဇဝတ်ပြစ်မှုဆိုင်ရာအရေးယူခံရခြင်းများရှိခဲ့လျှင်ဖြစ်စေ (နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖြစ်ပွားရသော အမှုအခင်းများ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမှုအခင်းများနှင့် သက်ဆိုင်အကျုံးဝင်ခြင်းမရှိစေရ)၊

၆-(စ)-၄  ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးများကို သုံးကြိမ်ဆက်တိုက် အကြောင်းမဲ့ပျက်ကွက်ခဲ့လျှင်ဖြစ်စေ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်းခံရမည် ဖြစ်သည်။

အခန်း ၇ – ပြည်သူ့ဂုဏ်ရည်အသင်း၏ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး

၇-(က) ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ကို ရွေးချယ်ခြင်း

၇-(က)-၁   ရွေးချယ်ပွဲကျင်းပရေးအဖွဲ့ ဖွဲ့စည်းခြင်း

၇-(က)- ၁/၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ကို ရွေးချယ်နိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးအပ်သူ တဦး သို့မဟုတ် နှစ်ဦးဖြင့် ရွေးချယ်ပွဲ ကျင်းပရေးအဖွဲ့ကို ဦးစွာဖွဲ့စည်းရမည်။

၇-(က)- ၁/၂  ရွေးချယ်ပွဲကျင်းပရေးအဖွဲ့၏သက်တမ်းသည် ရွေးချယ်ပွဲအောင်မြင်စွာ ပြီးဆုံးချိန်အထိသာဖြစ်သည်။

၇-(က)-၂   အမည်စာရင်းတင်သွင်းခြင်း

၇-(က)-၂/၁  ဗဟိုလုပ်ငန်းကော်မတီတခုခုတွင်ဖြစ်စေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်ဖြစ်စေ သက်တမ်း ၁ နှစ် (၁၂ လ) တာဝန်ထမ်းဆောင်ပြီးသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး တာဝန်သုံးခုစလုံးသို့ မိမိဆန္ဒအလျောက် ဝင်ရောက်အရွေးချယ်ခံနိုင်သည်။

၇-(က)-၂/၂  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်လိုသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ထမ်းဆောင်ရမည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု ဝန်ခံကတိပြု၍ မိမိကိုယ်မိမိ ဆန္ဒပြုအမည်စာရင်းတင်သွင်းကြရမည်။

၇-(က)-၂/၃  အမည်စာရင်းတင်သွင်းရာတွင် ရွေးချယ်ပွဲကျင်းပရေးအဖွဲ့ဝင်တဦး သို့မဟုတ် နှစ်ဦးထံသို့ မိမိတို့အသုံးပြုနေသည့် အီးမေးလ်ဖြင့် အမည်စာရင်းတင်သွင်းနိုင်သည်။

၇-(က)-၂/၄  ရွေးချယ်ပွဲကျင်းပသည့်နေ့ရက်တွင် ရွေးချယ်ပွဲကျင်းပရေးအဖွဲ့ဝင် တဦး သို့မဟုတ် နှစ်ဦးက အီးမေးလ်မှတဆင့် လက်ခံရရှိသော အဆိုပြုသူအမည်စာရင်းများကို အင်္ဂလိပ်အက္ခရာစဉ်ဖြင့် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တာဝန်အလိုက် ကြေညာပေးသွားရမည်။

၇-(က)-၂/၅  တာဝန်တခုထက်ပို၍ ဆန္ဒပြုအမည်စာရင်းတင်သွင်းကြသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တာဝန်တခုတွင် အရွေးချယ်ခံရခြင်းမရှိပါက နောက်ထပ်ဆန္ဒပြုထားသည့် တာဝန်များတွင် ဆက်လက်အရွေးချယ်ခံခွင့်ရှိသည်။

၇-(က)-၃   ရွေးချယ်ပုံ

၇-(က)-၃/၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တာဝန်များအလိုက် တခုချင်းရွေးချယ်မည်။

၇-(က)-၃/၂  မဲပေးရမည့် အမည်စာရင်း စီစဉ်ရာတွငြ်ဖစ်စေ၊ တာဝန်များအလိုက် ဝင်ရောက်အရွေးချယ်ခံမည့်သူများက ၎င်းတို့ သဘောထားများကို ပြောကြားစေရာတွင်ဖြစ်စေ၊ အမည်စာရင်းကို အင်္ဂလိပ်အက္ခရာစဉ်အလိုက် စီစဉ်သွားမည်။

၇-(က)-၃/၃  ဝင်ရောက်အရွေးချယ်ခံမည့်သူများက မိမိအကြောင်းကို မိတ်ဆက်တင်ပြပြီး ပြည်သူ့ဂုဏ်ရည်အသင်း တိုးတက်ရာ တိုးတက်ကြောင်းအတွက် မိမိတာဝန်ယူ အကောင်အထည်ဖော်ဆောင်သွားလိုသည့် လုပ်ငန်းစဉ်များအကြောင်း သုံးမိနစ်ခန့် ရှင်းလင်းတင်ပြပေးရမည်။

၇-(က)-၄ ရွေးချယ်ခြင်း

၇-(က)-၄/၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်း ကိုယ်ပိုင်ဆန္ဒမဲတမဲစီဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

၇-(က)-၄/၂  ရွေးချယ်ပွဲကျင်းပရေးအဖွဲ့ကသတ်မှတ်ထားသော ဘလော့ဂ်တခုတွင် လှိျု့ဝှက်ဆန္ဒမဲဖြင့်ရွေးချယ်မည်။

၇-(က)-၄/၃  ဆန္ဒမဲပေးရမည့်အချိန်ကို ၃ မိနစ်ထက်မပိုစေရန်သတ်မှတ်ထားရမည်။

၇-(က)-၄/၄  ဆန္ဒမဲအများဆုံးရရှိသူနှစ်ဦး မဲအရေအတွက်တူညီနေပါက အဆိုပါနှစ်ဦးကို ပြန်လည်ဆန္ဒပြုမဲပေးရမည်။

၇-(က)-၄/၅  အကယ်၍ လုပ်ငန်းတာဝန်တရပ်တွင် ဝင်ရောက်အရွေးချယ်ခံသူ တဦးတည်းသာရှိပါက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် ထောက်ခံမှုလိုအပ်သည်။ ဗဟိုအလုပ်အမှုဆောင်များ လျှို့ဝှက်ဆန္ဒပြုနိုင်ရန် ရွေးချယ်ရေးအဖွဲ့မှ ဆက်လက်စီစဉ်ရမည်။

၇-(က)-၅   ထုတ်ပြန်ကြေညာခြင်း

၇-(က)-၅/၁  လုပ်ငန်းတာဝန်များအလိုက် ရွေးချယ်ခံရသူများကို ရွေးချယ်ပွဲကျင်းပရေးအဖွဲ့ဝင်တဦးက ကြေညာပေးရမည်။

၇-(က)-၅/၂  အကယ်၍ လုပ်ငန်းတာဝန်တရပ်တွင် ဝင်ရောက်အရွေးချယ်ခံသူ တဦးတယောက်မျှမရှိပါက အဆိုပါတာဝန် လစ်လပ်နေကြောင်းကြေညာရမည်။

၇-(က)-၅/၃  လုပ်ငန်းတာဝန်အလိုက်ရွေးချယ်ခံရသူများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုပြီး၊ အသင်း၏ဖွဲ့စည်းပုံကို ထုတ်ပြန်ကြေညာပေးရမည်။

၇-(ခ) ပြည်သူ့ဂုဏ်ရည်အသင်း၏ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့၏ စုပေါင်းလုပ်ဆောင်ရမည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၇-(ခ)-၁/၁  ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူးတို့ ညှိနှိုင်း၍ နှစ်စဉ် တနှစ်တာခန့်မှန်းခြေရသုံးငွေစာရင်း (အသုံးစားရိတ် လျာထားချက်) ရေးဆွဲရမည်။ လိုအပ်ပါက ဘဏ္ဍာရေးနှင့်ဘဏ္ဍာငွေရှာဖွေရေး ဗဟိုလုပ်ငန်းကော်မတီ၏ အကြံပေးမှုကို ရယူနိုင်သည်။

၇-(ခ)-၁/၂  ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ ရေးဆွဲသော တနှစ်တာခန့်မှန်းခြေ ရသုံးငွေစာရင်း (အသုံးစားရိတ် လျာထားချက်)ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်ပြပြီး အဖွဲ့ဝင်အများစု သဘောတူညီမှသာ အတည်ဖြစ်သည်။

၇-(ခ)-၁/၃  အကယ်၍ ပြည်သူ့ဂုဏ်ရည်အသင်းသည် ဖွံ့ဖြိုးတိုးတက်လာရမည့်အစား ဆုတ်ယုတ်မှုများရှိလာပါက ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူးတို့တွင် အဓိကတာဝန်ရှိသည်။

၇-(ခ)-၁/၄  ဗဟိုလုပ်ငန်းကော်မတီလေးရပ်၏ အစည်းအဝေးများကျင်းပသည့်အခါတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ဒု ဥက္ကဋ္ဌ သို့မဟုတ် အထွေထွေအတွင်းရေးမှူးတဦးဦး မဖြစ်မနေ တက်ရောက်ရမည်။

၇-(ခ)-၂   ဥက္ကဋ္ဌ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

၇-(ခ)-၂/၁  ဥက္ကဋ္ဌသည် ဒု ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတို့နှင့် ညှိနှိုင်း၍ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ ရေတိုရေရှည်စီမံကိန်းများကို ဦးဆောင်ရေးဆွဲရမည်။

၇-(ခ)-၂/၂  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးများကို အသင်း၏ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးအပ်ထားသူမှ ခေါ်ယူကျင်းပရမည်။

၇-(ခ)-၂/၃  ဥက္ကဋ္ဌက အသင်း၏ဘဏ္ဍာရေးမှူးတဦးကို အမည်စာရင်းတင်သွင်း ခန့်အပ်သွားရမည်။ ဥက္ကဋ္ဌတင်သွင်းသော ဘဏ္ဍာရေးမှူးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက အတည်ပြုရန်လိုအပ်သည်။ ဘဏ္ဍာရေးမှူး၏သက်တမ်းသည် ဥက္ကဋ္ဌ၏ သက်တမ်းအတိုင်းဖြစ်သည်။

၇-(ခ)-၂/၄  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ မဲခွဲဆုံးဖြတ်မှုသည် ဆန္ဒမဲအညီအမျှဖြစ်နေသည့်အခြေအနေ ပေါ်ပေါက်ခဲ့ပါက ဥက္ကဋ္ဌ သို့မဟုတ် ယာယီဥက္ကဋ္ဌက အဆုံးအဖြတ်ပေးရမည်။

၇-(ခ)-၂/၅  ဥက္ကဋ္ဌသည် ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် နှစ်စဉ်ဌာနခွဲသစ် (New Chapter) အနည်းဆုံး တခုစီတိုးပွားလာစေရန်နှင့် ပထမသက်တမ်း ၂ နှစ်အတွင်း ဌာနခွဲသစ် (New Chapter) အနည်းဆုံး ၄ ခု ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ဝင်ရောက်လာစေရန် စည်းရုံးရေးတာဝန်ကို ထမ်းဆောင်ရမည်။ (ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် တည်ဆောက်နေသည့် အထူးကာလဖြစ်သောကြောင့် ဤ တာဝန်ဝတ္တရား သတ်မှတ်ချက်ကို ထည့်သွင်းထားခြင်းဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကြီး ၄ နှစ်ကုန်ဆုံးသောအခါတွင် ယခုသတ်မှတ်ချက်ကို ပြန်လည်သုံးသပ်သွားရန်ဖြစ်သည်။)

၇-(ခ)-၃   ဒု-ဥက္ကဋ္ဌ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

၇-(ခ)-၃/၁  ဒု ဥက္ကဋ္ဌသည် ဥက္ကဋ္ဌ၏တာဝန်ပေးချက်အရ ဥက္ကဋ္ဌတာဝန်ဝတ္တရားများကို အခါအားလျော်စွာ ဝင်ရောက်ထမ်းဆောင် ပေးရမည်။

၇-(ခ)-၃/၂  ဥက္ကဋ္ဌ တာဝန်ယူထားသူသည် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ကအနားယူခြင်း၊ နုတ်ထွက်ခြင်းရှိပါက ဥက္ကဋ္ဌ တာဝန်အတွက် နောက်ထပ် တဦးတယောက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်တင်မြှောက်ခြင်းမပြုမီ ကာလအတွင်း ဒုဥက္ကဋ္ဌသည် ယာယီဥက္ကဋ္ဌအဖြစ် ဥက္ကဋ္ဌ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်ရမည်။

၇-(ခ)-၃/၃  ဒု ဥက္ကဋ္ဌသည် ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် နှစ်စဉ်ဌာနခွဲသစ် (New Chapter) အနည်းဆုံး တခုစီ တိုးပွားလာစေရန်နှင့်  ပထမသက်တမ်း ၂ နှစ်အတွင်း ဌာနခွဲသစ် (New Chapter) အနည်းဆုံး ၃ ခု ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ဝင်ရောက်လာစေရန် စည်းရုံးရေးတာဝန်ကို ထမ်းဆောင်ရမည်။ (ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် တည်ဆောက်နေသည့် အထူးကာလဖြစ်သောကြောင့် ဤတာဝန်ဝတ္တရား သတ်မှတ်ချက်ကို ထည့်သွင်းထားခြင်းဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကြီး ၄ နှစ် ကုန်ဆုံးသောအခါတွင် ယခု သတ်မှတ်ချက်ကို ပြန်လည်သုံးသပ်သွားရန်ဖြစ်သည်။)

၇-(ခ)-၄   အထွေထွေအတွင်းရေးမှုး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

၇-(ခ)-၄/၁  အထွေထွေအတွင်းရေးမှူးသည် အခြေခံဗဟိုလုပ်ငန်းကော်မတီ ၄ ရပ်မှ တင်သွင်းသောအစီရင်ခံစာများကို တခုချင်းခြုံငုံသုံးသပ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် တင်ပြအစီရင်ခံရမည်။

၇-(ခ)-၄/၂  အထွေထွေအတွင်းရေးမှူးသည် လုပ်ငန်းလိုအပ်ချက်များအရ အတွင်းရေးမှူး၏တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်နိုင်မည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြင့် အတွင်းရေးမှူးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းပိုင်ခွင့်ရှိသည်။

၇-(ခ)-၄/၃  အထွေထွေအတွင်းရေးမှူးသည် တိုးချဲ့ဖွဲ့စည်းမည့် အတွင်းရေးမှူးအဖွဲ့အမည်စာရင်းကို အသင်းဥက္ကဋ္ဌထံမှ အတည်ပြုချက် ရယူရမည်။

၇-(ခ)-၄/၄  အသင်းဥက္ကဋ္ဌသည် အထွေထွေအတွင်းရေးမှူးတင်သွင်းလာသည့် အတွင်းရေးမှူးအဖွဲ့အမည်စာရင်းကို ရက်သတ္တနှစ်ပတ် (၁၄ ရက်) အတွင်း ဆုံးဖြတ်အတည်ပြုပေးရမည်။

၇-(ခ)-၄/၅  အတွင်းရေးမှူးအဖွဲ့၏သက်တမ်းသည် အထွေထွေအတွင်းရေးမှူး၏ လက်ကျန်သက်တမ်းအထိသာဖြစ်သည်။

၇-(ခ)-၄/၆  အထွေထွေအတွင်းရေးမှူးသည် ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် နှစ်စဉ်ဌာနခွဲသစ် (New Chapter) အနည်းဆုံး တခုစီတိုးပွားလာစေရန်နှင့် ပထမသက်တမ်း ၂ နှစ်အတွင်း ဌာနခွဲသစ် (New Chapter) အနည်းဆုံး ၃ ခု ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ဝင်ရောက်လာစေရန် စည်းရုံးရေးတာဝန်ကို ထမ်းဆောင်ရမည်။
(ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် တည်ဆောက်နေသည့် အထူးကာလဖြစ်သောကြောင့် ဤ  တာဝန်ဝတ္တရားသတ်မှတ်ချက်ကို ထည့်သွင်းထားခြင်းဖြစ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကြီး ၄ နှစ် ကုန်ဆုံးသောအခါတွင် ယခုသတ်မှတ်ချက်ကို ပြန်လည်သုံးသပ်သွားရန်ဖြစ်သည်။)

၇-(ဂ) ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့၏ သက်တမ်းသတ်မှတ်ချက်

ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့၏ တာဝန်ထမ်းဆောင်ရမည့်သက်တမ်းသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းအတိုင်းဖြစ်သည်။

၇-(ဃ)  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ကို လုပ်ပိုင်ခွင့်ရုပ်သိမ်းခြင်း

၇-(ဃ)-၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့သည်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သည့်အားလျော်စွာ အသင်း၏စည်းမျဉ်း ၆-(စ) ပါအချက်များနှင့် ငြိစွန်းပါက လုပ်ပိုင်ခွင့်များရုပ်သိမ်းခံရမည်ဖြစ်သည့်အပြင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်မှလည်း ရပ်စဲခြင်းခံရမည်ဖြစ်သည်။

၇-(ဃ)-၂  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့သည် အသင်း၏စည်းမျဉ်း ၇-(ခ) ပါတာဝန်နှင့်ဝတ္တရားများကိုကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်းမရှိပါက မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့၏တာဝန်အသီးသီးမှ နုတ်ထွက်ပေးရမည်။

၇-(ဃ)-၃  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့သည် အသင်း၏တိုးတက်ရာတိုးတက်ကြောင်းကို ဆက်လက်  ထမ်းဆောင်နိုင်မှုနှင့်ပတ်သက်၍ အနည်းဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေ၏ ၃ ပုံ ၁ ပုံက သံသယရှိလာပါက အကျိုးအကြောင်းခိုင်လုံစွာတင်ပြ၍ အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းနိုင်သည်။

၇-(ဃ)-၄  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့အားလုံး သို့မဟုတ် တဦးဦးကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းလာပါက တင်သွင်းလာသည့်နေ့ကစ၍ ရက်သတ္တတပတ်အတွင်း တာဝန်ရှိသူတဦးဦးက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးခေါ်ယူပေးရမည်။

၇-(ဃ)-၅  အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခံရသူသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အယုံအကြည်မရှိကြောင်းတင်သွင်းလာသည့် အချက်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းတင်ပြပိုင်ခွင့်ရှိသည်။

၇-(ဃ)-၆  အပြန်အလှန်ရှင်းလင်းဆွေးနွေးကြပြီးသည့်နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅၀% ကျော်၏ သဘောဖြင့် အယုံအကြည်မရှိအဆိုကို ပယ်ချနိုင်သည် သို့မဟုတ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်နိုင်သည်။

၇-(ဃ)-၇  အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးအပါအဝင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တိုင်း ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲပေးနိုင်သည်။

၇-(ဃ)-၈  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅၀% ကျော်က အယုံအကြည်မရှိကြောင်း ဆန္ဒမဲပေးပါက အယုံအကြည်မရှိအဆို တင်သွင်းခံရသူသည် မိမိ၏တာဝန်မှနုတ်ထွက်ရမည်။

၇-(ဃ)-၉  အယုံအကြည်မရှိအဆိုကြောင့် မိမိ၏တာဝန်မှနုတ်ထွက်သူသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်တာဝန် ထမ်းဆောင်နိုင်ခွင့်ရှိသည်။

၇-(င)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ သက်တမ်း မပြည့်မီနုတ်ထွက်ခြင်း  

၇-(င)-၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ တာဝန်ယူထားသည့် သက်တမ်းမပြည့်မီ ပြည်သူ့ဂုဏ်ရည်အသင်းတွင် လက်ရှိလုပ်ဆောင်နေသော တာဝန်အသီးသီးမှ မိမိသဘောအလျောက် နုတ်ထွက်ရန်ဆန္ဒရှိပါက အနည်းဆုံး ရက် ၃၀ ကြိုတင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ အကြောင်းကြားရမည်။

၇-(င)-၂  တင်ပြလာသော နုတ်ထွက်လွှာ လက်ခံခြင်း၊ လက်မခံခြင်းကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်းအဝေးက ဆုံးဖြတ်ရမည်။

၇-(င)-၃  နုတ်ထွက်ရန်ဆန္ဒပြုသူသည် မိမိ၏မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်းပြီး သက်ဆိုင်ရာအလုပ်အမှုဆောင်ကော်မတီသို့ ပြန်လည်အပ်နှံရန်တာဝန်ရှိသည်။

၇-(စ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့ တာဝန်များမှ ခေတ္တအနားယူခြင်း

၇-(စ)-၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတိ့ုသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်စေ၊ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်စေ တာဝန်များမှ ခေတ္တအနားယူလိုပါက အသင်း၏ဥက္ကဋ္ဌထံသို့ဖြစ်စေ၊ ဒု-ဥက္ကဋ္ဌထံသို့ဖြစ်စေ အထွေထွေအတွင်းရေးမှူးထံသို့ဖြစ်စေ အကျိုးအကြောင်းတင်ပြ၍ ခေတ္တအနားယူနိုင်သည်။

၇-(စ)-၂  ၎င်းတို့ထမ်းဆောင်ရမည့် သက်တမ်းကာလ တနှစ်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရက် ၃၀၊ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ပါက ရက် ၆၀၊ စုစုပေါင်း ရက် ၆၀ ထက်မကျော်လွန်ဘဲ တာဝန်များမှခေတ္တအနားယူနိုင်သည်။

၇-(စ)-၃  ခေတ္တအနားယူထားသည့်ကာလအတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အခါအားလျော်စွာကျင်းပသော အစည်းအဝေးများကို တက်ရောက်လိုက တက်ရောက်နိုင်သည်။ ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲပေးနိုင်သည်။

၇-(စ)-၄  ခွင့်ပြုထားသောရက်များထက်ကျော်လွန်၍ တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်နိုင်ခြင်းမရှိပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ၎င်းအမှုဆောင်၏နေရာတွင် သင့်လျော်သလို အစားထိုးရမည်။

၇-(ဆ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတာဝန်များလစ်လပ်ခြင်းနှင့် အစားထိုးခန့်အပ်ခြင်း

၇-(ဆ)-၁  လစ်လပ်သွားသော အမှုဆောင်၏နေရာအတွက် ကျန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက အလျင်အမြန်အစားထိုးရန် သဘောတူညီလျှင် မဲပေးရွေးချယ်မှုအထမြောက်စေရန် ရက်၃၀ အတွင်း စီစဉ်ဆောင်ရွက်ရမည်။

၇-(ဆ)-၂  လစ်လပ်သွားသောနေရာကို အလျင်အမြန်အစားထိုးရန်မလိုအပ်ပါက နှစ်စဉ် ဇွန်လ ပထမပတ် သို့မဟုတ် ဇန်နဝါရီလ ပထမပတ်တွင်ကျင်းပမည့် ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ၌ အစားထိုးနိုင်သည်။

၇-(ဆ)-၃  အစားထိုးဝင်ရောက်လာသူ၏ တာဝန်ထမ်းဆောင်ရမည့်သက်တမ်းသည် ယခင်တာဝန်ထမ်းဆောင်သွားသူ၏ ကျန်ရှိနေသော သက်တမ်းသာဖြစ်ရမည်။

အခန်း ၈ – ဗဟိုလုပ်ငန်းကော်မတီများ (Central Working Committee)

၈-(က) ဗဟိုလုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း

၈-(က)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်မှ ဦးစားပေးအဆင့်သတ်မှတ်ချက်ဖြင့် ဗဟိုလုပ်ငန်းကော်မတီများကို အမြန်ဆုံး ဖွဲ့စည်းပေးရမည်။

၈-(ခ)  ဗဟိုလုပ်ငန်းကော်မတီဝင်များရွေးချယ်ခြင်း

၈-(ခ)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကလွဲ၍ ကျန်ဗဟိုလုပ်ငန်းကော်မတီဝင်များကို လွတ်လပ်စွာဖြင့် ရွေးချယ်ဖွဲ့စည်းနိုင်သည်။ ဖြည့်စွက်နိုင်သည်။ အစားထိုးနိုင်သည်။ လုပ်ငန်းတာဝန်များ ရုပ်သိမ်းနိုင်သည်။

၈-(ဂ)  ဗဟိုလုပ်ငန်းကော်မတီ၏ တာဝန်ခံ

၈-(ဂ)-၁  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဥက္ကဋ္ဌသည် ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီ၏ တာဝန်ခံဖြစ်သည်။

၈-(ဂ)-၂  ကျန် ဗဟိုလုပ်ငန်းကော်မတီ ၄ ရပ်အတွက် တာဝန်ခံတဦးစီကို ဗဟိုလုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းပြီးချိန်မှစ၍ ရက်သတ္တနှစ်ပတ် (၁၄) ရက်အတွင်း သက်ဆိုင်ရာဗဟိုလုပ်ငန်းကော်မတီဝင်များက ဆွေးနွေးတိုင်ပင်ရွေးချယ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရမည်။ တင်ပြလာသောဗဟိုလုပ်ငန်းကော်မတီ၏တာဝန်ခံကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အနီးကပ်ဆုံး အစည်းအဝေးမှ လက်ခံအတည်ပြုခြင်းကိစ္စကို ဆွေးနွေးဆုံးဖြတ်ပေးရမည်။

၈-(ဂ)-၃  သက်ဆိုင်ရာဗဟိုလုပ်ငန်းကော်မတီဝင်များက ရွေးချယ်သည့် ဗဟိုလုပ်ငန်းကော်မတီတာဝန်ခံသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လက်ခံအတည်ပြုခြင်းဆိုင်ရာ အစည်းအဝေး မကျင်းပနိုင်မီကာလအတွင်း ယာယီဗဟိုလုပ်ငန်းကော်မတီတာဝန်ခံအဖြစ် တာဝန်များကိုထမ်းဆောင်ရမည်။

၈-(ဂ)-၄  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဗဟိုလုပ်ငန်းကော်မတီဝင်များသည် တာဝန်ခံအဖြစ် ဗဟိုလုပ်ငန်းကော်မတီတခုတွင်သာ ဆောင်ရွက်နိုင်သည်။

၈-(ဃ)  ဗဟိုလုပ်ငန်းကော်မတီများ၏သက်တမ်း
၈-(ဃ)-၁  ဗဟိုလုပ်ငန်းကော်မတီများ၏သက်တမ်းသည် စတင်ဖွဲ့စည်းချိန်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သက်တမ်းကုန်ဆုံးချိန်အထိ ဖြစ်သည်။

၈-(င) ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးဗဟိုလုပ်ငန်းကော်မတီ (Finance & Fund Raising Central Working Committee)

၈-(င)-၁  ကော်မတီဝင်တိုင်းသည် ပြည်သူ့ဂုဏ်ရည်အသင်း၏  ရန်ပုံငွေရှာဖွေရေးကိစ္စရပ်များကို ဦးဆောင်တာဝန်ယူကြရမည်။

၈-(င)-၂  ကော်မတီဝင်တိုင်းသည် ဘဏ္ဍာရေးကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ခံ၊ တာဝန်ယူကြရမည်။

၈-(င)-၃  အသင်း၏လက်ရှိဘဏ္ဍာရေးအခြေအနေနှင့် အသုံးစရိတ်လျာထားချက်များကို ညှိနှိုင်းဆွေးနွေးကြရမည်။

၈-(င)-၄  စည်းရုံးရေးဗဟိုလုပ်ငန်းကော်မတီကို ဆက်သွယ်လျက် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ပြုလုပ်ရန် ငွေကြေးအကူအညီ လိုအပ်နေသောမြို့များနှင့် ဆွေးနွေးတိုင်ပင်၍ ပြည်သူ့ဂုဏ်ရည်အသင်း၏ မူဝါဒဘောင်အတွင်း ညှိနှိုင်းဆောင်ရွက်ကြရမည်။

၈-(င)-၅  ကော်မတီသည် တနှစ်အတွင်း ရှေ့ဆက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည့် ဘဏ္ဍာရေးဆိုင်ရာ အစီအစဉ်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ကော်မတီဖွဲ့စည်းပြီးချိန်မှ တလအတွင်းအစီရင်ခံ တင်ပြကြရမည်။

၈-(င)-၆  ကော်မတီသည် လက်ရှိဘဏ္ဍာရေးအခြေအနေများနှင့် ချမှတ်ထားပြီးလုပ်ငန်းစဉ်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အထွေထွေအတွင်းရေးမှူးထံသို့ ၃ လ ၁ ကြိမ် အစီရင်ခံတင်ပြရမည်။

၈-(စ) စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေးဗဟိုလုပ်ငန်းကော်မတီ (Auditing & Discipline Central Working Committee)

၈-(စ)-၁  ဤကော်မတီသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ စည်းကမ်းများပေါ်တွင်ရပ်တည်လျက် ဌာနခွဲ (Chapter) အသီးသီးတို့၏ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်တို့တွင်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်တို့တွင်ဖြစ်စေ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရိုးသားဖြောင့်မတ်မှုများရှိစေရန် စိစစ်လေ့လာရမည်။

၈-(စ)-၂  ရန်ပုံငွေနှင့် အသုံးစရိတ်ရှင်းတမ်းများကို လိုအပ်သလိုထုတ်ပြန်သွားကြရမည်။

၈-(စ)-၃  ပြည်သူ့ဂုဏ်ရည်အသင်း၏ ငွေစာရင်း နှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ခံကြရမည်။

၈-(စ)-၄  ကော်မတီအနေဖြင့် ငွေစာရင်းနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ လက်ငင်းအခြေအနေများ၊ ချမှတ်ထားပြီးလုပ်ငန်းစဉ်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အထွေထွေအတွင်းရေးမှူးထံသို့ ၆ လ ၁ ကြိမ် အစီရင်ခံ တင်ပြကြရမည်။

၈-(ဆ) ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ (Information & Recording Central Working Committee)

၈-(ဆ)-၁  ဤကော်မတီသည် သတင်းအချက်အလက်များရယူခြင်း၊ တည်းဖြတ်ခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ လိုအပ်လျှင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်းလုပ်ငန်းများနှင့် အသင်း၏ဝက်ဘ်ဆိုဒ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့အတွက် ဦးစီးတာဝန်ယူ ဆောင်ရွက်ရမည်။

၈-(ဆ)-၂  ကော်မတီဝင်တိုင်းသည် မိမိတို့မြို့၏ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အချိန်နှင့်တပြေးညီ အသင်း၏ ဝက်ဘ်ဆိုဒ်ပေါ်သတင်းတင်နိုင်ရေးအတွက် သတင်းရေးသားကြရမည်။ ဓာတ်ပုံများ ပေးပို့နိုင်ကြရမည်။

၈-(ဆ)-၃  ကော်မတီဝင်တိုင်းသည် မြန်မာပြည်တွင်းလူမှုရေးလှုပ်ရှားမှုများဆိုင်ရာဖြစ်စေ၊ ပြည်သူ့ဂုဏ်ရည်အသင်းအကြောင်းဖြစ်စေ သတင်း (သို့မဟုတ်) ဆောင်းပါး တပုဒ်ကို လစဉ် မဖြစ်မနေ ရေးသားတင်ဆက်ကြရမည်။

၈-(ဆ)-၄  ကော်မတီဝင်တိုင်းသည် အသံလွှင့်ဌာန သို့မဟုတ် သတင်းဝက်ဘ်ဆိုဒ် သို့မဟုတ် ဘလော့ဂ် စသည့်မီဒီယာများမှ အနည်းဆုံးတခုကို ဆက်သွယ်ရေး၊ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများကို သတင်းပေးပို့ရေးအတွက် တာဝန်ယူကြရမည်။

၈-(ဆ)-၅  ကော်မတီသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ အထွေထွေမှတ်တမ်းမှတ်ရာများကို ပြုစုထိန်းသိမ်းထားရမည်။

၈-(ဆ)-၆  ကော်မတီသည် တနှစ်အတွင်းရှေ့ဆက်အကောင်အထည်ဖော်လုပ်ဆောင်သွားမည့် ပြန်ကြားရေးနှင့် ဝက်ဘ်ဆိုဒ်ဆိုင်ရာ အစီအစဉ်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ကော်မတီဖွဲ့စည်းပြီးချိန်မှတလအတွင်းအစီရင်ခံတင်ပြရမည်။

၈-(ဆ)-၇  ကော်မတီအနေဖြင့် ပြန်ကြားရေးနှင့်ဝက်ဘ်ဆိုဒ်ဆိုင်ရာ လက်ငင်းအခြေအနေများနှင့် ချမှတ်ထားပြီး လုပ်ငန်းစဉ်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အထွေထွေအတွင်းရေးမှူးထံသို့ ၃ လ ၁ ကြိမ် အစီရင်ခံတင်ပြရမည်။

၈-(ဇ) စည်းရုံးရေး ဗဟိုလုပ်ငန်းကော်မတီ (Public Relation Central Working Committee)

၈-(ဇ)-၁  ကော်မတီဝင်တိုင်းသည် မိသားစုဝင်မြို့များ၏ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ နှစ်စဉ်ဖြစ်မြောက်စေရေးအတွက် တာဝန်ယူကြရမည်။

၈-(ဇ)-၂  ကော်မတီဝင်တိုင်းသည် ပြည်သူ့ဂုဏ်ရည်မိသားစုဝင် ဌာနခွဲသစ် (New Chapter) များ ပေါ်ပေါက်ရေးအတွက် ဆက်သွယ်၊ စည်းရုံး၊ လှုပ်ရှားကြရမည်။

၈-(ဇ)-၃  စည်းရုံးရေးဗဟိုလုပ်ငန်းကော်မတီသည် တနှစ်အတွင်း ရှေ့ဆက်အကောင်အထည်ဖော် လုပ်ဆောင်သွားမည့် အစီအစဉ်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ကော်မတီဖွဲ့စည်းပြီးချိန်မှ ၁ လ အတွင်း အစီရင်ခံတင်ပြရမည်။

၈-(ဇ)-၄  စည်းရုံးရေးဗဟိုလုပ်ငန်းကော်မတီသည် လက်ရှိစည်းရုံးရေးအခြေအနေများနှင့် ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အထွေထွေအတွင်းရေးမှူးထံသို့ ၃ လ ၁ ကြိမ် အစီရင်ခံတင်ပြရမည်။

၈-(ဈ) ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီ (Central Working Committee for Ceremonies)

၈-(ဈ)-၁ ဤကော်မတီကို ပြည်သူ့ဂုဏ်ရည်အသင်း၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေအတွင်း ရေးမှုးတို့ သုံးဦးကဦးဆောင်ပြီး ကျန်လုပ်ငန်းကော်မတီတခုလျှင် တာဝန်ခံနှင့်အဖွဲ့ဝင်တဦးကျပါဝင်သည့် စုစုပေါင်းအဖွဲ့ဝင် ၁၁ဦးဖြင့် ဖွဲ့စည်းသွားရမည်။

လုပ်ငန်းကော်မတီများအနေဖြင့် အဖွဲ့ဝင်စာရင်းကို အချိန်မီတင်သွင်းနိုင်ခြင်းမရှိပါက မိမိဆန္ဒအလျောက် တာဝန်ယူလုပ်ဆောင်နိုင်မည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းသွားရမည်။

၈-(ဈ)-၂ ကော်မတီသည် ပြည်သူ့ဂုဏ်ရည်ဆုအတွက် လက်ခံရရှိသောအမည်စာရင်းတင်သွင်းလွှာတိုင်းကို ရွေးချယ်ရေး မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ ဦးစွာစစ်ဆေးရမည်။ အဆိုပြုခံရသူများ၏ အကြောင်းခြင်းရာ၊ အချက်အလက်အထောက်အထားတို့ကို ရနိုင်သမျှကြိုတင်စိစစ်၍ ဆက်လက်ရွေးချယ်နိုင်ရန် စီမံဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၃ ကော်မတီဝင်တိုင်းသည် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်း ခံရသူများ၏ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ၊ ဓာတ်ပုံနှင့် မှတ်တမ်း အချက်အလက်များကို ရှာဖွေစုဆောင်းခြင်းများကိုသတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရန် တာဝန်ယူနိုင်ရမည်။ သတ်မှတ်ထားသောနေ့ရက်တွင် အများဆုံးပဏာမအယောက်၂၀ကို အမှတ်ပေးရွေးချယ်ရာ၌ ပါဝင်ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၄   ပဏာမရွေးချယ်ထားသူများထဲက နောက်ဆုံးဆန်ကာတင် သုံးဦးကို ဌာနခွဲအသီးသီးက ဆက်လက်ရွေးချယ်နိုင်ရန်အတွက် ပဏာမရွေးချယ်ခံရသူများ၏ ဓာတ်ပုံနှင့် မှတ်တမ်း အချက်အလက်များကို ဌာနခွဲအသီးသီးသို့ သတ်မှတ်ချိန်အတွင်း ဖြန့်ဝေပေးရမည်။

၈-(ဈ)-၅ ဂုဏ်ပြုပွဲအခမ်းအနားအတွက် ဆုတံဆိပ်၊ ဂုဏ်ပြုလွှာများကို အချိန်မီပြီးစီးအောင် ပြုလုပ်နိုင်ရမည်။

၈-(ဈ)-၆ အခမ်းအနားတွင် ဖတ်ကြားတင်ပြရန်နှင့် ပြည်သူ့ဂုဏ်ရည်အသင်းတွင် မှတ်တမ်းတင်ထားနိုင်ရန် ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်တို့ ၏ လုပ်ဆောင်ချက်အကျဉ်းကို ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ မူဝါဒများဖြစ်သည့် လူမှုရေးလုပ်ငန်းများ ကိုလုပ်ဆောင်ရာတွင် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှု၊ ကျယ်ပြန့် ထိရောက်အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှုနှင့် နိုင်ငံသားများနှင့်လူ့ဘောင်လောကအတွက် စံပြဖြစ်မှုများ ပေါ်လွင်အောင် အနှစ်သာရရှိရှိရေးသားပြုစုနိုင်ရမည်။ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားပြုစုခြင်းကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၇ ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်တို့၏ လုပ်ဆောင်ချက်အကျဉ်း မှတ်တမ်းဗွီဒီယိုကို ဆုပေးပွဲအခမ်းအနားတွင် ပြသရန် အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၈ အခမ်းအနားတွင် ဖတ်ကြားတင်ပြမည့် ငွေစာရင်းရှင်းတမ်းကို စာရင်းစစ်အဖွဲ့နှင့်ဆက်သွယ်လျက် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၉ အိမ်ရှင်မြို့အဖြစ် အဆိုပြုမည့်မြို့များနှင့်ညှိနှိုင်းဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၁၀ သက်ဆိုင်ရာအိမ်ရှင်မြို့၏ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပရေးအဖွဲ့နှင့်ပူးပေါင်းလျက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဉ်တို့မှ သွေဖည်ခြင်းမရှိသောအနှစ်သာရပြည့်ဝသည့် ဂုဏ်ပြုပွဲများကျင်းပသွားနိုင်ရန် ဆက်သွယ်၊ ညှိနှိုင်း၊ စီမံဆောင်ရွက်နိုင်ရမည်။

အခန်း ၉ – ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ (Treasury Policy)

၉-(က)-၁  ပြည်ပရောက် မြန်မာတိုင်းရင်းသား ပြည်သူများ၏ ချွေးနှဲစာဖြင့်လှူဒါန်းထားသော ငွေကြေးများကို မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများအားဂုဏ်ပြုခြင်း၊ ကူညီထောက်ပံ့ခြင်းများပြုလုပ်ရာတွင် မတော်မတရား သုံးစွဲမှုများ မရှိစေရန် တတ်အားသမျှ စွမ်းဆောင်သွားမည်။

၉-(က)-၂  ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ၊ တာဝန်ယူမှုများအပေါ်တွင်အခြေခံလျက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဝင်ငွေ၊ထွက်ငွေများကို စီမံခန့်ခွဲသွားမည်။

၉-(က)-၃  ပြည်သူ့ဂုဏ်ရည်အသင်း ရေရှည်တည်တံ့အောင်မြင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ ရိုးသား၊ ဖြောင့်မတ်၊ ရှင်းလင်း၊ တိကျစေရန် ပြည်သူ့ဂုဏ်ရည်အသင်းနှင့်သက်ဆိုင်သူတိုင်းတွင် တာဝန်ရှိသည်။

အခန်း ၁၀ – ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ (Treasury Regulations)

၁၀-(က)   ရန်ပုံငွေရှာဖွေခြင်း

၁၀-(က)-၁  ရန်ပုံငွေရှာဖွေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ရာတွင် ပြည်သူ့ဂုဏ်ရည်အသင်း၏ ပန်းတိုင်၊ ရည်ရွယ် ချက်၊ လမ်းစဉ်၊ ဆောင်ပုဒ်တို့ကို ထိခိုက်သွေဖည်ခြင်းမရှိစေရန် အထူးဂရုစိုက် ဆောင်ရွက်ကြရမည်။

၁၀-(က)-၂  ပြည်သူ့ဂုဏ်ရည်အသင်း၏လုပ်ငန်းများကို ဝိုင်းဝန်းထောက်ပံ့ကူညီသူများထံမှ လှူဒါန်းငွေများ လက်ခံရယူနိုင်သည်။

၁၀-(က)-၃  ပြည်သူ့ဂုဏ်ရည်အသင်း(ဌာနခွဲ)များအနေဖြင့် အစားအစာများ သို့မဟုတ် အသင်းနှင့်သက်ဆိုင်သော ပစ္စည်းပစ္စယများကို အခါအားလျော်စွာ ရောင်းချခြင်းဖြင့်သော်လည်းကောင်း၊ တေးဂီတဖျော်ဖြေပွဲများ ပြုလုပ်ခြင်းဖြင့် သော်လည်းကောင်း၊ အခြား သင့်တော်သည့်နည်းလမ်းများဖြင့်သော်လည်းကောင်း ရန်ပုံငွေရှာဖွေနိုင်သည်။

၁၀-(က)-၄  ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲများအနေနှင့် ရန်ပုံငွေရှာဖွေပွဲများကျင်းပပြုလုပ်ရာတွင် “ပြန်ကြားရေးနှင့် မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ” တာဝန်ခံကို ရက်သတ္တတပတ် ကြိုတင်၍ အီးမေးလ်ဖြင့် အကြောင်းကြားထားရမည်။

၁၀-(က)-၅  ရန်ပုံငွေရှာဖွေပွဲများပြုလုပ်ရာတွင် ကုန်ကျစရိတ်များနုတ်ပြီးနောက် အသားတင်ရရှိသော ရန်ပုံငွေစုစုပေါင်းကို ထုတ်ပြန်ကြေညာသွားရမည်။

၁၀-(က)-၆  ရန်ပုံငွေရှာဖွေပွဲကျင်းပပြီး ရက်သတ္တနှစ်ပတ် (၁၄ ရက်) အတွင်း ငွေစာရင်းရှင်းတမ်းအသေးစိတ်ကို “စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ”သို့ ပြုစုတင်ပြရမည်။ အများပြည်သူသိရှိစေရန်အတွက်လည်း ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်ပေးရမည်။

၁၀-(ခ)   ရန်ပုံငွေများကို စီမံခန့်ခွဲခြင်း

၁၀-(ခ)-၁  ပြည်သူ့ဂုဏ်ရည်အသင်းသို့ အသင်းဝက်ဘ်ဆိုဒ်မှတဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ လှူဒါန်းငွေများကို “ပြည်သူ့ဂုဏ်ရည်အသင်း၏ ပင်မရန်ပုံငွေစာရင်း” သို့ထည့်သွင်းရမည်။

၁၀-(ခ)-၂  ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ကျယ်ပြန့်အောင်မြင်စေရန်ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာဌာနခွဲမှ ရှာဖွေရရှိသော ရန်ပုံငွေ၏ (တကြိမ်လျှင်) ၃၅% အထိကို ဌာနခွဲရန်ပုံငွေအဖြစ် စုဆောင်းတည်ထောင်နိုင်သည်။ အဆိုပါ ဌာနခွဲရန်ပုံငွေကို ပြည်သူ့ဂုဏ်ရည် ပင်မငွေစာရင်းအောက်ရှိ  ဌာနခွဲငွေစာရင်း(Chapter’s Bank Account)တွင် စနစ်တကျ ထိန်းသိမ်းထားရမည်။

၁၀-(ခ)-၃  ရှာဖွေရရှိသောရန်ပုံငွေ၏ ၆၅% ကို အသင်း၏ ပင်မရန်ပုံငွေစာရင်းသို့ ထည့်သွင်းရမည်။ သို့မဟုတ်
၆၅% ထက်ပို၍ဖြစ်စေ၊ ၁၀၀% ပြည့်ဖြစ်စေ “အသင်း၏ ပင်မရန်ပုံငွေစာရင်း” သို့ ပေးအပ်ထည့်ဝင်လိုပါကလည်း ထည့်ဝင်နိုင်သည်။

၁၀-(ခ)-၄  ပြည်တွင်း ပြည်ပ တသီးပုဂ္ဂလနှင့် အဖွဲ့အစည်းများအား ဌာနခွဲများက တိုက်ရိုက်လှူဒါန်း ကူညီထောက်ပံ့ခြင်း မပြုရ။ ဌာနခွဲအသီးသီး ပါဝင်လုပ်ဆောင်နေသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်သာ ပြည်သူ့ဂုဏ်ရည်၏မူဝါဒ ရပ်တည်ချက်ဖြစ်သည့် ပြည်တွင်းလူမှုရေးလုပ်ငန်းများအားဂုဏ်ပြုခြင်း၊ ကူညီထောက်ပံ့ခြင်းများကို ပြုလုပ်သွားမည်။

၁၀-(ခ)-၅  ဌာနခွဲရန်ပုံငွေများကိုသုံးစွဲရာ၌ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများကျယ်ပြန့်အောင်မြင်စေရန်ရည်ရွယ်ပြီး သက်ဆိုင်ရာဌာနခွဲ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ သုံးစွဲသွားရမည်။

၁၀-(ခ)-၆  အရေးပေါ်ရန်ပုံငွေလိုအပ်မှုအတွက် ကျင်းပကောက်ခံသော ရန်ပုံငွေပွဲများကဖြစ်စေ၊ လှူဒါန်းငွေများကဖြစ်စေ ရရှိငွေများကို “အရေးအပေါ်အခြေအနေ ရန်ပုံငွေစာရင်း”သို့ ထည့်သွင်းရမည်။

၁၀-(ခ)-၇  ရန်ပုံငွေပွဲအတွက်ကုန်ကျစရိတ်များရှိပါက ထုတ်နုတ်ပြီးမှ ကျန်ငွေကို “အရေးအပေါ်အခြေအနေ ရန်ပုံငွေစာရင်း”သို့ ထည့်သွင်းနိုင်သည်။

၁၀-(ခ)-၈  အရေးပေါ်ရန်ပုံငွေ လိုအပ်မှုအတွက် ဌာနခွဲအသီးသီးကရှာဖွေရရှိသော ရန်ပုံငွေစာရင်းကို  ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေ ရှာဖွေရေးဗဟိုလုပ်ငန်းကော်မတီက အတည်ပြု၍ ပြန်ကြားရေးနှင့်မှတ်တမ်းဗဟိုလုပ်ငန်းကော်မတီက ထုတ်ပြန်ကြေညာပေးရမည်။

၁၀-(ခ)-၉  အရေးပေါ်အသုံးလိုအပ်ချက်များ ပေါ်ပေါက်လာပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များထံသို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ဆက်သွယ်ပြီး ၇၀% အထက် သဘောတူညီမှုရမှသာ သုံးစွဲရမည်။

၁၀-(ဂ)   ဗဟိုရန်ပုံငွေမှ ငွေချေးယူခြင်း

၁၀-(ဂ)-၁  ဌာနခွဲ အသီးသီးမှ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ငွေကြေးအကူအညီ လိုအပ်လာပါက မိမိတို့ လုပ်ဆောင်မည့် အစီအစဉ်များကို “ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးဗဟိုလုပ်ငန်း ကော်မတီ”သို့  အသေးစိတ်တင်ပြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လက်ကျန် ဗဟိုဘဏ္ဍာငွေမှ ခေတ္တခဏ ချေးယူနိုင်သည်။ ငွေချေးယူသည့် ပမာဏသည် တနှစ်တာကာလ (နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့) အတွင်း  ဌာနခွဲတခုအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ (နှစ်ထောင်) ထက်မပိုသော ပမာဏ ဖြစ်ရမည်။

၁၀-(ဂ)-၂  ပြန်လည်ပေးဆပ်ရမည့်ကာလ အပိုင်းအခြားမှာ နှစ်စဉ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲမကျင်းပမီ ရက်သတ္တနှစ်ပတ် (၁၄ ရက်) အလို သို့မဟုတ် ချေးယူသည့်ရက်မှ ရက်ပေါင်း ၁၈၀ အတွင်း စသည့်နည်းလမ်းနှစ်ခုအနက်မှ အနီးကပ်ဆုံးကာလတွင် ပြန်လည်ပေးဆပ်ရမည်။

၁၀-(ဃ)   ဘဏ်စာရင်းဖွင့်လှစ်ခြင်း

၁၀-(ဃ)-၁  ပြည်သူ့ဂုဏ်ရည်အသင်း ပင်မငွေစာရင်း (Main Bank Account) တခုတည်းသာ ထားရှိရမည်။

၁၀-(ဃ)-၂  အဆိုပါ ပင်မငွေစာရင်း(Main Bank Account) အောက်မှသာ ဌာနခွဲငွေစာရင်းများ ဖွင့်ရမည်။
(ခြွင်းချက်။      ။ အမေရိကန်ပြည်ထောင်စုပြင်ပရှိ ဌာနခွဲများအနေနှင့် သီးခြားငွေစာရင်းဖွင့်လှစ်နိုင်သည်။)

၁၀-(င)   ငွေသွင်းငွေထုတ်ခြင်း

၁၀-(င)-၁  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာငွေကို “ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးဗဟိုလုပ်ငန်းကော်မတီ”မှ တာဝန်ယူ ထိန်းသိမ်းပေးရမည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် တာဝန်ပေးအပ်ထားသူ ငွေထိန်း (ဘဏ္ဍာရေးမှူး)သည် ငွေသွင်းငွေထုတ်ကိစ္စရပ်များအတွက် တာဝန်ခံဖြစ်သည်။

၁၀-(င)-၂  ပြည်သူ့ဂုဏ်ရည်အသင်း အသုံးစရိတ်အတွက် ပင်မဘဏ်ငွေစာရင်းမှ ငွေထုတ်ယူရာတွင်အမေရိကန်  ဒေါ်လာ တထောင် (၁၀၀၀)နှင့် အထက်ကို ဘဏ္ဍာရေးမှူးနှင့် ဗဟိုကော်မတီဝင်တဦးပါဝင်မှ ထုတ်ယူခွင့်ရှိသည်။

၁၀-(စ)   အလှူခံဖြတ်ပိုင်းများ

၁၀-(စ)-၁  ပြည်သူ့ဂုဏ်ရည်အသင်း၏ အလှူငွေလက်ခံဖြတ်ပိုင်းစာအုပ်များကို “ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး ဗဟိုလုပ်ငန်း ကော်မတီ”မှ တာဝန်ယူလျက် ပုံနှိပ်ခြင်း၊ ဌာနခွဲအသီးသီးသို့ ဖြန့်ဝေခြင်းများ ပြုလုပ်ရမည်။ ပုဂ္ဂလိက ရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း မပြုရ။

၁၀-(စ)-၂  ပြည်သူ့ဂုဏ်ရည်အသင်း၏ အလှူငွေလက်ခံဖြတ်ပိုင်းစာအုပ်များကို “စာရင်းစစ်၊ မှတ်တမ်းတင်နှင့် စည်းကမ်း ထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ”မှ တာဝန်ယူလျက် ဌာနခွဲအသီးသီးတို့တွင် အသုံးပြုပြီး ဖြတ်ပိုင်းများ ပြန်လည်တောင်းခံခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ရမည်။

၁၀-(စ)-၃  ပြည်သူ့ဂုဏ်ရည်အသင်း၏ လက်ရှိအသုံးပြုနေသော အလှူငွေလက်ခံဖြတ်ပိုင်းစာရွက်ပုံစံနှင့် ဖြတ်ပိုင်း နံပါတ်စဉ်များ၏ သတင်းအချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ (www.citizenofburma.org) ဝက်ဘ်ဆိုဒ်ပေါ်တွင် ထုတ်ပြန်ကြေညာသွားမည်။

၁၀-(ဆ)   စစ်ဆေးခြင်းနှင့် ထုတ်ပြန်ကြေညာခြင်း

၁၀-(ဆ)-၁  ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတိကျမှန်ကန်မှုအတွက် ပြည်သူ့ဂုဏ်ရည်အသင်း၏ “စာရင်းစစ်နှင့်စည်းကမ်းထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ” သည် မည်သည့်သြဇာလွှမ်းမိုးမှုမှ မရှိစေရဘဲ လွတ်လပ်စွာ စစ်ဆေးပိုင်ခွင့်ရှိရမည်။ သက်ဆိုင်ရာဌာနခွဲ အသီးသီးမှ ဘဏ္ဍာရေးကော်မတီကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရမည်။

၁၀-(ဆ)-၂  ရန်ပုံငွေနှင့် အသုံးစရိတ်ရှင်းတမ်းကို နှစ်စဉ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားများတွင် ထုတ်ပြန်ကြေညာသွားမည်။

၁၀-(ဆ)-၃  ပြည်သူ့ဂုဏ်ရည်အသင်း၏ ငွေစာရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလိုပါက “စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ” သို့ တင်ပြပြီး၊ အောက်ပါအချက်အလက်များနှင့် ပြည့်စုံပါက စစ်ဆေးနိုင်သည်။

၁၀-(ဆ)-၃/၁  မည်သူမဆို သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများမှတဆင့် တင်ပြတောင်းဆိုနိုင်သည်။

၁၀-(ဆ)-၃/၂  စစ်ဆေးမှုပြုရန်  ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအပေါ် ကျိုးကြောင်းခိုင်လုံသော အထောက်အထားများ တင်ပြနိုင်ရမည်။

၁၀-(ဆ)-၃-၃  စုံစမ်းစစ်ဆေးမှုပြုရန် ကုန်ကျစရိတ်များကို စုံစမ်းစစ်ဆေးလိုသူက ကျခံနိုင်ရမည်။

၁၀-(ဇ)  အထွေထွေအသုံးစရိတ်များနှင့် ဂုဏ်ပြုပွဲများကျင်းပရေးကုန်ကျစရိတ်

၁၀-(ဇ)-၁  ပြည်သူ့ဂုဏ်ရည် လုပ်ငန်းဆောင်တာများ လည်ပတ်ရာတွင် သုံးစွဲရန်နှင့် ဂုဏ်ပြုပွဲများကျင်းပရာတွင် အသုံးပြုရန်အတွက်  ပြည်သူ့ဂုဏ်ရည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် နှစ်စဉ်ဒေါ်လာ တရာ (၁၀၀) ထည့်ဝင်သွားရန်တာဝန်ရှိသည်။ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့များ၊ ဌာနခွဲလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ အပါအဝင် အခြားမည်သူမဆို ဗဟိုလုပ်ငန်းကော်မတီဝင်များနည်းတူ ထည့်ဝင်လိုကထည့်ဝင်နိုင်သည်။ အဆိုပါထည့်ဝင်ငွေများသည် ပြည်သူ့ဂုဏ်ရည်၏ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ (Operations Costs) အတွက် သက်သက်သာဖြစ်ပြီး အများလှူဒါန်းသော ဗဟိုဘဏ္ဍာငွေနှင့် သက်ဆိုင်ခြင်းမရှိစေရ။ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲနှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်သည် အဆိုပါထည့်ဝင်ငွေများထက် ကျော်လွန်နေမှသာ ဗဟိုဘဏ္ဍာငွေမှ သုံးစွဲသွားရန်ဖြစ်သည်။

၁၀-(ဇ)-၂  နှစ်စဉ်ကျင်းပရန်ရှိသော ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲများကျင်းပရန်အတွက် သက်ဆိုင်ရာအိမ်ရှင်မြို့မှ ငွေကြေးအကူအညီ တောင်းခံလာပါက  ကူညီထောက်ပံ့ငွေ ဒေါ်လာနှစ်ထောင် (၂၀၀၀) သတ်မှတ်ပြီး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အခြားအမှုဆောင်များ၊ စိတ်ပါဝင်စားသူများ၏ ထည့်ဝင်ငွေများကို ဦးစွာအသုံးပြုသွားမည်။

၁၀-(ဇ)-၃  ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲများကျင်းပခြင်းအတွက် ဗဟိုရန်ပုံငွေမှထောက်ပံ့သော ဒေါ်လာနှစ်ထောင် (၂၀၀၀) ကို အခမ်းအနားကျင်းပရန် နေရာငှားရမ်းခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း၊ လိုအပ်သော ရုပ်သံဆိုင်ရာစက်ပစ္စည်းများ ငှားရမ်းခြင်းနှင့် အခမ်းအနားတွင် ဧည့်ခံကျွေးမွေးသည့်စရိတ်များအတွက်သာ သုံးစွဲသွားရန်ဖြစ်ပြီး၊ အခမ်းအနားတွင် တင်ဆက်သောဖျော်ဖြေမှု၊ ရပ်ဝေးရပ်နီး ဧည့်သည်များအား ဧည့်ခံစရိတ်များ၊ သယ်ယူပို့ဆောင်ရေးစရိတ်များ စသည်တို့ကို သက်ဆိုင်ရာအိမ်ရှင်မြို့က တာဝန်ယူရမည်။

အခန်း ၁၁ –  အစည်းအဝေးများခေါ်ယူခြင်း

၁၁ -(က) အစည်းအဝေးအမျိုးအစားများ

၁၁-(က)-၁  ပုံမှန်အစည်းအဝေး

၁၁ -(က)-၂  အထူးအစည်းအဝေး

၁၁ -(က)-၃  အရေးပေါ်အစည်းအဝေး

၁၁ -(ခ) အစည်းအဝေးများဖိတ်ကြားခြင်း

၁၁ -(ခ)-၁  ပုံမှန်အစည်းအဝေးများကို အနည်းဆုံး တပတ် (၇ ရက်) ကြိုတင်ဖိတ်ကြားရမည်။

၁၁ -(ခ)-၂  အထူးအစည်းအဝေးများကို အနည်းဆုံး သုံးရက် (၇၂ နာရီ) ကြိုတင်ဖိတ်ကြားရမည်။

၁၁ -(ခ)-၃  အရေးပေါ်အစည်းအဝေးများကို အနည်းဆုံး တရက် (၂၄ နာရီ) ကြိုတင်ဖိတ်ကြားရမည်။

၁၁ -(ခ)-၄  အခြေအနေအကြောင်းကြောင်းကြောင့် သတ်မှတ်ချိန်ထက်နောက်ကျပြီး ဖိတ်ကြားခဲ့သော် အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူများ၏ ၆၅% ကျော်တက်ရောက်နိုင်မှသာ အစည်းအဝေးများ အထမြောက်သည်။

အခန်း – ၁၂   ပြည်သူ့ဂုဏ်ရည်အသင်း၏ ဝက်ဘ်ဆိုဒ်

၁၂-(က)-၁  အသင်း၏ဝက်ဘ်ဆိုဒ်သည် www.citizenofburma.org ဖြစ်သည်။

၁၂-(က)-၂  ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲအသီးသီး (Chapter)များက အများပြည်သူသို့ တင်ပြလိုသော အကြောင်းအရာများကို အသင်း၏ ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ တာဝန်ခံနှင့်ဆက်သွယ်ညှိနှိုင်းပြီး စည်းမျဉ်းမူဝါဒနှင့်ကိုက်ညီလျှင် အသင်း၏ဝက်ဘ်ဆိုဒ်တွင် တင်ပြနိုင်သည်။

၁၂-(က)-၃  အသင်း၏ဝက်ဘ်ဆိုဒ်နှင့် ဆင်တူယိုးမှားဝက်ဘ်ဆိုဒ်ခွဲများ၊ ပြည်သူ့ဂုဏ်ရည်ဘလော့ဂ်များ ပြုလုပ်ခြင်းကို တားမြစ်သည်။

အခန်း ၁၃ – အရေးပေါ်အခြေအနေ သတ်မှတ်ပြဋ္ဌာန်းခြင်း

၁၃- (က)  မြန်မာနိုင်ငံအတွင်းနေရာဒေသတခုခုတွင် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လူမှုရေးအခက်အခဲ၊ အကျပ်အတည်းများနှင့် ရုတ်တရက်ကြုံတွေ့ပါက အခြေအနေအပေါ်မူတည်၍ ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌက အရေးအပေါ်အခြေအနေကျရောက်ကြောင်း သတ်မှတ်ပြဋ္ဌာန်းနိုင်သည်။

၁၃- (ခ)  အရေးအပေါ်အခြေအနေကျရောက်ကြောင်း သတ်မှတ်ထားသည့်ကာလအတွင်းတွင် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဗဟိုလုပ်ငန်းကော်မတီအသီးသီးသည် အရေးအပေါ်အခြေအနေကျရောက်ရာဒေသကို ဝိုင်းဝန်းကူညီသည့် လုပ်ငန်းများအား ပထမဦးစားပေးအဖြစ် လုပ်ကိုင်ဆောင်ရွက်ကြရမည်။

၁၃- (ဂ)  အရေးအပေါ်အခြေအနေကျရောက်ကြောင်း သတ်မှတ်ထားသည့်ကာလအတွင်းတွင် ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲအသီးသီးအနေဖြင့် အရေးအပေါ်အခြေအနေကျရောက်ရာဒေသကို ဝိုင်းဝန်းကူညီနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေခြင်းအပါအဝင် နည်းလမ်းများရှာဖွေကြရမည်။

၁၃- (ဃ)  ပြည်သူ့ဂုဏ်ရည်အသင်းရန်ပုံငွေမှ သင့်တော်သည့်ပမာဏကို အရေးအပေါ်အခြေအနေရန်ပုံငွေအဖြစ် တနှစ်တာ ခန့်မှန်းခြေရသုံးငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားရမည်။

အခန်း ၁၄ – ပြည်သူ့ဂုဏ်ရည်အသင်း၏စည်းမျဉ်းများကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ဖျက်သိမ်းခြင်း

၁၄-(က)-၁  ပြည်သူ့ဂုဏ်ရည်အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဉ် တို့ကို မည်သည့််အကြောင်းနှင့်မျှ ပြင်ဆင်ရေးဆွဲခြင်း မရှိစေရ။

၁၄-(က)-၂  ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူပါ ပန်းတိုင်၊ရည်ရွယ်ချက်နှင့်လမ်းစဉ်တို့မှလွဲ၍ အခြားစည်းမျဉ်းများကို လိုအပ်ချက်အရ ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းလိုပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ၇၀% ကျော်ထောက်ခံမှုဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းနိုင်သည်။     ။