Skip to content

အပိုင်း ၁ – အသင်း၏အမည်၊ အလံ၊ အမှတ်တံဆိပ်၊ ကြွေးကြော်သံနှင့် ဆောင်ပုဒ်များ
(Name of the Organization, Flag,  Logo,  Slogan,  Motto of the Organization)

၁-(က) အသင်း၏အမည် (Name of the Organization)

အသင်း၏အမည်မှာ မြန်မာအမည်အားဖြင့် “ပြည်သူ့ဂုဏ်ရည်အသင်း” ဖြစ်ပြီး၊ အင်္ဂလိပ်အမည်အားဖြင့် “Citizen of Burma Award Organization” ဖြစ်သည်။

၁-(ခ)-၁ အသင်း၏အလံ (Flag of the Organization)

၁-(ခ)-၂ အသင်း၏အလံ အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition of the Organization’s Flag)

အပြာနုရောင်နောက်ခံ၏အလယ်ဗဟိုရှိ အဖြူရောင်စက်ဝိုင်းအတွင်း၌ အသင်း၏အမှတ်တံဆိပ်ကို ထည့်သွင်းထားသည်။ အပြာနုရောင်သည် ငြိမ်းချမ်းခြင်း၊ ကျယ်ပြန့်လွတ်လပ်ခြင်းနှင့် တည်ငြိမ်ခြင်းသဘောကိုဆောင်ပြီး၊ အဖြူရောင်သည် ပေါင်းစုခြင်း၊ ရိုးသားဖြူစင် ကြင်နာခြင်းနှင့် အမှန်တရားအတွက် ပွင့်လင်းခြင်းသဘောကိုဆောင်သည်။ စက်ဝိုင်းသည် စည်းလုံးညီညွတ်ခြင်းကို ကိုယ်စားပြုသည်။

၁-(ဂ)-၁ အသင်း၏ အမှတ်တံဆိပ် (Logo of the Organization)

၁-(ဂ)-၂ အသင်းအမှတ်တံဆိပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition of the Organization’s Logo)

မြန်မာနိုင်ငံအတွင်းရှိ အကူအညီလိုအပ်နေသော တိုင်းရင်းသားပြည်သူအပေါင်းကို ကိုယ်စားပြုသည့် လူပုံသဏ္ဌာန်သင်္ကေတကို ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံသူတို့၏ ရဲရင့်ခြင်းအဓိပ္ပာယ်ဆောင်သော အနီရောင်နှလုံးအိမ်အတွင်း၌ ထည့်သွင်းထားသည်။ ငြိမ်းချမ်းသာယာသည့် အဓိပ္ပာယ်ဆောင်သော အပြာရောင်လက်နှစ်ဖက်သည် ရိုင်းပင်းကူညီခြင်းနှင့် ပေါင်းစုဂုဏ်ပြုခြင်းတို့ကို ဖော်ဆောင်သည်။

၁-(ဃ)  အသင်း၏ ကြွေးကြော်သံ (Slogan of the Organization)

မြန်မာဘာသာဖြင့် – “မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်”
အင်္ဂလိပ်ဘာသာဖြင့် – “Honoring the spirit of Burmese helping Burmese”

၁-(င)  အသင်း၏ဆောင်ပုဒ် (Motto of the Organization)

(၁) ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ စုစည်းမှု

(၂) သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။
-ဇော်ဂျီ-

အခန်း ၂ – အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဉ်
(Goal & Core Value, Vision & Mission)

၂-(က) ပန်းတိုင်နှင့် အနှစ်သာရ (Goal & Core Value)

မြန်မာပြည်ကြီးတွင် လူမှုဒုက္ခများကင်းဝေး၍ သာယာသော လူ့ဘောင်အဖွဲ့အစည်း ပေါ်ထွန်းလာစေရန်။

၂-(ခ) ရည်ရွယ်ချက် (Vision)

မြန်မာပြည်တွင်းမှ ဂုဏ်ပြုထိုက်သော လူမှုရေးသူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီ လိုအပ်နေသည့် မြန်မာပြည်တွင်းလူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန်။

၂-(ဂ) လမ်းစဉ် (Mission)

မြန်မာပြည်တွင်းလူမှုဒုက္ခများကို ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံကာ စွမ်းစွမ်းတမံဆောင်ရွက်နေကြသူတို့အား ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ၏ စုစည်းညီညွတ်မှုဖြင့် လူသိရှင်ကြား၊ အခမ်းအနားများကျင်းပ၍ ဖော်ထုတ်ဂုဏ်ပြု သွားကြရန်နှင့် ကျယ်ပြန့်၊ ထိရောက်စွာ ကူညီသွားကြရန်။

အခန်း ၃ – ပြည်သူ့ဂုဏ်ရည်အသင်းဝင်တိုင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ

၃-(က) အသင်းဝင်တိုင်းသည် လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား၊မ စသည့်မွေးရာပါနှင့် ယဥ်ကျေးမှုဆိုင်ရာ အချက်များ၊ တဦးချင်း၏ ငွေကြေးပိုင်ဆိုင်မှု၊ ရာထူးအရှိန်အဝါ၊ အသက်အရွယ် စသည့်အချက်များကြောင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ မကွာခြားစေရဘဲ အားလုံးတန်းတူညီမျှမှုရှိရမည်။ အချင်းချင်း အပြန်အလှန်လေးစားစွာ ဆက်ဆံ၊ လုပ်ကိုင်နိုင်ရမည်။

၃-(ခ) အသင်းဝင်တိုင်းသည် အများသဘောဖြင့် အတည်ပြုသည့်ဆုံးဖြတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး ထိုဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

အခန်း ၄ – ပြည်သူ့ဂုဏ်ရည်အသင်း၏ စည်းရုံးရေးအခြေခံမူ

၄- ပြည်သူ့ဂုဏ်ရည်အစီအစဥ်သည် မြန်မာပြည်တွင်း လူမှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူ မည်သူ့ကိုမဆို လက်ကမ်းကြိုဆိုသွားမည်ဖြစ်ပြီး၊ ဒေသအသီးသီးရှိ အသင်းအဖွဲ့များနှင့် တသီးပုဂ္ဂလ များ၏ မတူကွဲပြားသည့် အမြင်များအပေါ်တွင် လေးစားမှုကို အခြေခံကာ ချဥ်းကပ်စည်းရုံးသွားမည့်မူကို ကျင့်သုံးမည်။

အခန်း  ၅ – ဌာနခွဲများ (Chapter) အလိုက် အလုပ်အမှုဆောင်အဖွဲ့များ ဖွဲ့စည်းခြင်း

၅-(က)  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့နှင့် အဖွဲ့ဝင်များ

၅-(က)-၁ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများသည် ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစု အသိုင်းအဝိုင်းများအပေါ် တွင် အခြေခံထားသဖြင့် ဒေသဆိုင်ရာအလိုက် “မြို့နယ်” အနေဖြင့်ဖြစ်စေ၊ “မြို့နယ်စုများ” အနေဖြင့်ဖြစ်စေ၊ “ပြည်နယ်” အနေဖြင့်ဖြစ်စေ၊ “နိုင်ငံ” အနေဖြင့်ဖြစ်စေ ပြည်သူ့ဂုဏ်ရည်အစီအစဥ်ကို စိတ်ပါဝင်စားသူများက စတင်၍ ဌာနခွဲ (Chapter) အလုပ်အမှုဆောင်အဖွဲ့ကို ဦးစွာဖွဲ့စည်းနိုင်သည်။ ဌာနခွဲအလုပ်အမှုဆောင်စာရင်းကို သတ်မှတ်ထား သည့်ပုံစံတွင်ဖြည့်သွင်းရမည်။

၅-(က)-၂ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ (Chapter Executive Committee) သည် အဆိုပါဌာနခွဲ (Chapter) ၏ တာဝန်ခံ အဖွဲ့ဖြစ်သည်။

၅-(က)-၃ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေကို ကန့်သတ်မထားဘဲ စိတ်ပါဝင်စားသူ မည်သူမဆို ဝိုင်းဝန်းပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိရမည်။ ဌာနခွဲအလိုက် တာဝန်ယူဆောင်ရွက်မည့်သူဦးရေကို အနည်းဆုံးလေးဦးမှ စတင်၍ သင့်တော်သလို သတ်မှတ်၊ တာဝန်ပေးအပ်နိုင်သည်။

၅-(ခ) ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသတ်မှတ်ချက်

၅-(ခ)-၁ ဌာနခွဲအသီးသီးမှ အလုပ်အမှုဆောင်အဖွဲ့များသည် ပြည်သူ့ဂုဏ်ရည်အသင်းကြီးတခုလုံး၏ အခြေခံပင်မ ရေသောက်မြစ် ဖြစ်သည့်အားလျော်စွာ မတူကွဲပြားသောနေရာဒေသ၊ လုပ်ငန်းနယ်ပယ် အသီးသီးမှ စေတနာ့ဝန်ထမ်း စိတ်ပါဝင်စားသူများနှင့် ပေါင်းစုဖွဲ့စည်းထားခြင်းဖြစ်သည်။

၅-(ခ)-၂ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏သက်တမ်းကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်ညှိနှိုင်းကာ အနည်းဆုံး တစ်နှစ်မှ အများဆုံး လေးနှစ်အထိ သတ်မှတ်နိုင်သည်။ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကုန်ချိန်မှစ၍ ရက်၃၀ အတွင်း နောက်သက်တမ်းအတွက် အလုပ်အမှုဆောင်များကို ရွေးချယ်သွားရမည်။ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များကို ရွေးချယ်မှုမပြီးမချင်း လက်ရှိတာဝန်ယူထားသော အလုပ်အမှုဆောင်အဖွဲ့က ဆက်လက်တာဝန်ထမ်းဆောင်ပေးရမည်။

၅-(ဂ) အခြေခံကော်မတီ လေးရပ်

ဌာနခွဲများအလိုက် အောက်ပါလုပ်ငန်းဆောင်ရွက်မှု အခြေခံကော်မတီလေးရပ်ကို မူတည်ဖွဲ့စည်းရမည်။
– ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ
– စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ
– ပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ နှင့်
– စည်းရုံးရေးကော်မတီ တို့ဖြစ်သည်။

၅-(ဃ) ဌာနခွဲ အလိုက် တာဝန်ခံခန့်ထားခြင်း

၅-(ဃ)-၁ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့သည် ဖွဲ့စည်းပြီး ရက်၃၀အတွင်း မိမိတို့ဌာနခွဲ၏ ပြည်သူ့ဂုဏ်ရည်လုပ်ငန်းစဥ် များ တိုးတက်အောင်မြင်အောင်ဆောင်ရွက်မည့် တာဝန်ခံတဦး ရွေးချယ်ခန့်ထားရမည်။

၅-(ဃ)-၂ ဌာနခွဲတာဝန်ခံသည် လိုအပ်ပါက ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်သော် လည်းကောင်း၊ ဗဟိုလုပ်ငန်းကော်မတီများနှင့်သော်လည်းကောင်း၊ အခြားဌာနခွဲများနှင့်သော်လည်းကောင်း ဆက်သွယ် ဆောင်ရွက်ရေးကို တာဝန်ခံရမည်။

၅-(င) ပြည်သူ့ဂုဏ်ရည်အစီအစဥ်တွင် ဌာနခွဲသစ် (New Chapter) စတင်ဝင်ရောက်ခြင်း

၅-(င)-၁ ဌာနခွဲအလိုက် အခြေခံကော်မတီလေးရပ်ကို ဝိုင်းဝန်းလုပ်ဆောင်တာဝန်ခံသူ လေးဦးဖြစ်စေ၊ လေးဦးထက် ပိုသော အရေအတွက်ဖြင့်ဖြစ်စေ၊ စတင်ဖွဲ့စည်းပြီးသည့်နောက် ပြည်သူ့ဂုဏ်ရည်အစီအစဥ်တွင် အဆိုပါဌာနခွဲ ပါဝင်လာကြောင်း “ပြန်ကြားရေးနှင့် မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ”က ကြေညာချက်ထုတ်ပြန်ရမည်။

၅-(င)-၂ ပြည်သူ့ဂုဏ်ရည်အစီအစဥ်သည် ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများ စုဝေးနေထိုင်ကြရာ ဒေသ အလိုက် အဖွဲ့ခွဲများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဌာနခွဲသစ်အမည်အတွက် ကန့်သတ်ချက်များ သတ်မှတ် သွားမည်မဟုတ်ပါ။ သို့သော် ဌာနခွဲများမှ ယင်းတို့ဌာနခွဲအမည်ကို နိုင်ငံအမည် သို့မဟုတ် ပြည်နယ်အမည်ဖြင့် သုံးနှုန်း လိုခဲ့လျှင် အခြားကန့်ကွက်ချက်များ မပေါ်သရွေ့ သုံးနှုန်းနိုင်သည်။

၅-(င)-၃ အသစ်ဝင်ရောက်လာသော ဌာနခွဲသစ်ဖြစ်စေ၊ အသင်းနှင့် တစ်နှစ်ကျော်ကင်းကွာပြီးမှ  ပြန်လည်ဖွဲ့စည်း လိုက်သော ဌာနခွဲဖြစ်စေ၊ စတင်/ပြန်လည် ဖွဲ့စည်းပြီး တစ်နှစ်ပြည့်သည့်အခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များ အတွက် ဌာနခွဲက အမည်စာရင်းတင်သွင်းနိုင်သည်။

၅-(င)-၄ အသစ် (သို့မဟုတ်) ပြန်လည် ဝင်ရောက်လာသော ဌာနခွဲများမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် အမည် စာရင်း တင်သွင်းလာပါက လက်ရှိဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြည်သူ့ဂုဏ်ရည်အသင်းဖွဲ့စည်းပုံ အခန်း ၆ အရ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားရမည်။

၅-(စ)   ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ 

၅-(စ)-၁ ဌာနခွဲတိုင်းသည် ၆-(ခ)ပါလိုအပ်ချက်များပြည့်စုံပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွက် အမည်စာရင်း တင်သွင်းနိုင်သည်။

၅-(စ)-၂ သက်ဆိုင်ရာ ဌာနခွဲမှ စေလွှတ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ်ရွေးချယ်ရာတွင် ဌာနခွဲအလုပ်အမှုဆောင် အဖွဲ့ဝင်တိုင်း ဆန္ဒပြုမဲပေးပိုင်ခွင့်ရှိသည်။ ဆန္ဒပြုရမည့်အစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက် ဆန္ဒပြုရန်လိုအပ်သည်။ ကိုယ်တိုင်တက်ရောက်ခြင်းမပြုနိုင်ပါက ဆန္ဒမဲပေးပိုင်ခွင့်ပျက်ပြယ်သည်။

၅-(စ)-၃ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က မပျက်မကွက်တက်ရောက်ရန် ခေါ်ယူသော အထူးအရေးကြီးသည့်အစည်း အဝေးများကို ဌာနခွဲမှ ဆုံးဖြတ်ပိုင်ခွင့်ပေးထားသည့် ကိုယ်စားလှယ်တဦး မဖြစ်မနေတက်ရောက်ရမည်။

၅-(စ)-၄ ပြည်သူ့ဂုဏ်ရည်ဆုအတွက် နောက်ဆုံးဆန်ခါတင်များ ရွေးချယ်ရာတွင် မိမိတို့ဌာနခွဲမှ လက်လှမ်းမီသရွေ့ မြန်မာတိုင်းရင်းသားမိသားစုများ၏ ဆန္ဒအရ ကိုယ်စားပြု မဲ‌ပေးရွေးချယ်ပိုင်ခွင့်ရှိသည်။

၅-(စ)-၅ ဌာနခွဲတိုင်းသည် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နှစ်စဥ်ရန်ပုံငွေ အမေရိကန်ဒေါ်လာငါးရာ (USD500/-) အနည်းဆုံး ထည့်ဝင်ရန် တာဝန်ရှိသည်။

၅-(စ)-၆ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများအတွက် ကော်မတီလေးရပ်ကို အခြေခံလျက်ဆောင်ရွက်နိုင်သည်။ ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီကို ကြိုတင်အသိပေးပြီး ရန်ပုံငွေပွဲများကျင်းပခြင်း၊ စည်းရုံးလှုံ့ဆော် ခြင်း၊ မြန်မာတိုင်းရင်းသားမိသားစုများထံမှ ဆန္ဒမဲများတောင်းခံခြင်းတို့ကို ပြုလုပ်နိုင်သည်။ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲ ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပလိုက အိမ်ရှင်မြို့အဖြစ်အဆိုပြုသည့် မြို့များနှင့် ယှဥ်ပြိုင်ရွေးချယ်ခံနိုင်သည်။

၅-(ဆ) ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်များ သက်တမ်းမပြည့်မီ တာဝန်များမှ ခေတ္တအနားယူခြင်း၊ နှုတ်ထွက်ခြင်းနှင့် အစားထိုးခြင်း

၅-(ဆ)-၁ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်စေ၊ ကျန်းမာရေးအခြေအနေ ကြောင့်ဖြစ်စေ တာဝန်များမှ ခေတ္တအနားယူလိုပါက ဌာနခွဲတာဝန်ခံထံသို့ အကျိုးအကြောင်းတင်ပြ၍ အနားယူနိုင် သည်။ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ သက်တမ်းကာလ တစ်နှစ်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရက်၃၀၊ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်ပါက ရက်၆၀ ထက်မကျော်လွန်ဘဲ တာဝန်များမှ ခေတ္တအနားယူနိုင်သည်။

၅-(ဆ)-၂ အနားယူထားသည့်ကာလအတွင်း ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ အခါအားလျော်စွာကျင်းပသော အစည်းအဝေးများကို တက်ရောက်လိုက တက်ရောက်နိုင်သည်။ ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲများပေးနိုင်သည်။

၅-(ဆ)-၃ ခွင့်ပြုထားသောရက်များထက် ကျော်လွန်၍ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်နိုင်ခြင်းမရှိလျှင် ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့က အလုပ်အမှုဆောင်အဖွဲ့ဝင်သစ်အစားထိုးခန့်ထားနိုင်သည်။

၅-(ဆ)-၄ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့၏ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ပြည်သူ့ဂုဏ်ရည်အစီအစဥ်မှ တဦးဖြစ်စေ၊ အများဖြစ်စေ နုတ်ထွက်လိုပါက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ သို့မဟုတ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သို့မဟုတ် ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီသို့ အနည်းဆုံးရက်သတ္တပတ် နှစ်ပတ် (၁၄ရက်) ကြိုတင် အကြောင်းကြားလျက် တရားဝင်နုတ်ထွက်နိုင်သည်။ နုတ်ထွက်စာကို လက်ခံရရှိသည့်အဖွဲ့က ကျန်အဖွဲ့များသို့ ဆက်လက် အကြောင်းကြားရမည်။

၅-(ဆ)-၅ အကယ်၍ ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့ တဖွဲ့လုံးနုတ်ထွက်ပါက ပြည်သူ့ဂုဏ်ရည်အစီအစဥ်ကို စေတနာ့ ဝန်ထမ်း ဆောင်ရွက်မည့်ပုဂ္ဂိုလ်များ တာဝန်မှနုတ်ထွက်ခြင်းသာဖြစ်ပြီး အဆိုပါ‌ဒေသအတွင်း စိတ်ပါဝင်စားသူများက ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့သစ်ကို တဖန်ပြန်လည်၍ ဖွဲ့စည်းထူထောင်နိုင်သည်။

၅-(ဆ)-၆ နုတ်ထွက်ရန်ဆန္ဒပြုသူသည် မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်းများအား ရှင်းလင်းပြီး သက်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီသို့ ပြန်လည်အပ်နှံရန် တာဝန်ရှိသည်။

အခန်း  ၆ – ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (Central Executive Committee)

၆-(က) ဗဟိုအလုပ်အမှုဆောင်အဖြစ် အသိအမှတ်ပြုခြင်း

၆-(က)-၁  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မိမိတို့အခြေချ နေထိုင်ရာဒေသအသီးသီး၏ ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုများလုပ်ဆောင်နေသူများကို ကိုယ်စားပြုသူများဖြစ်ရမည်။

၆-(က)-၂ ဝိုင်းဝန်းဆောင်ရွက်သည့် ဌာနခွဲများမှ ပြည်သူ့ဂုဏ်ရည်အသင်း၏ လုပ်ငန်းများ ကျယ်ပြန့်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအပေါ်တွင် အခြေခံလျက် ဗဟိုအလုပ်အမှုဆောင်များ အမည်စာရင်းတင်သွင်းနိုင်သည်။

၆-(က)-၃ အသစ်ဝင်ရောက်လာသော ပြည်သူ့ဂုဏ်ရည်အသင်းဝင်သည် အသင်းနှင့် စတင်ထိတွေ့သည့်အချိန်မှ စပြီး တစ်နှစ်ပြည့်သည့်အခါတွင် အဆိုပါအသင်းဝင်သစ်၏ အစည်းအဝေးများပုံမှန်တက်ရောက်ခဲ့မှုနှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့မှုများအပေါ် မူတည်ပြီး “ဗဟိုအလုပ်အမှုဆောင်သစ်” အဖြစ် မိခင်ဌာနခွဲက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအတွင်း အဆိုပြုနိုင်ပြီး၊ သက်ဆိုင်ရာအစည်းအဝေး၏ အတည်ပြုချက်ဖြင့် ဗဟိုအလုပ်အမှုဆောင်သစ် အဖြစ် အသိအမှတ်ပြုနိုင်သည်။

၆-(က)-၄ မြန်မာနိုင်ငံအတွင်း ပြန်လည်အခြေချနေထိုင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် သက်တမ်းသစ်အတွက် မိမိကိုယ်ကိုမိမိ အမည်စာရင်းတင်သွင်းခြင်းပြုနိုင်သည်။

၆-(က)-၅ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် အသင်း၏ဖွဲ့စည်းပုံနှင့် သက်ဆိုင်သော ရွေးချယ်ရေးနှင့်ပတ်သက် သည့် အစည်းအဝေးများသို့ ကိုယ်တိုင်တက်ရောက်၍ အမည်စာရင်း တင်သွင်းခြင်း၊ အရွေးချယ်ခံခြင်းများကိုဆောင်ရွက်ရမည်။ အခြားသူများကတဆင့် တာဝန်ခံခြင်း၊ ကာယကံရှင် မပါဝင်ဘဲ အဆိုပြုထောက်ခံခြင်းများ မရှိစေရ။

(မှတ်ချက်။  ။ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးကိစ္စရပ်များအတွက် ဆန္ဒမဲမှာ ဗဟိုအလုပ်အမှုဆောင်တဦးတည်း၏ ဆန္ဒသဘောထားမဟုတ်ဘဲ ဌာနခွဲတခုလုံးကို ကိုယ်စားပြုသောဆန္ဒမဲဖြစ်ပါသည်။ ဝိုင်းဝန်းဆောင်ရွက်ကြသော ဌာနခွဲ များတည်ရှိရာ ပထဝီဝင်အနေအထားအရ အချိန်ကာလကွာခြားမှုကြောင့် ဆုရွေးချယ်ရေးနေ့တွင် သက်ဆိုင်ရာ တာဝန်ခံက အစည်းအဝေးသို့တက်ရောက်ရန် အဆင်မပြေပါက အစည်းအဝေးသို့တက်ရောက်ဆန္ဒပြုနိုင်မည့် ဌာနခွဲ ကိုယ်စားလှယ်တဦးရွေးချယ်စေလွှတ်ရန် တာဝန်ရှိသည်။ ပြည်သူ့ဂုဏ်ရည်ဆုအတွက် မိမိဒေသ၏ ဆန္ဒပြုမှုကို မဲပေး နိုင်ရန် စီစဥ်နိုင်ခြင်းမရှိပါက၊ အဆိုပါဌာနခွဲ၏ မဲပေးခွင့်ကို စွန့်လွှတ်ခြင်းဖြစ်ကြောင်း ရွေးချယ်ရေးအဖွဲ့က သတ်မှတ် ယူဆသည်။)

၆-(ခ)  ဗဟိုအလုပ်အမှုဆောင်များ၏ အရည်အချင်းသတ်မှတ်ချက်များ

၆-(ခ)-၁ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မည့်သူသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဥ်တို့ကို စိတ်ပါဝင်စားစွာ သဘောပေါက်နားလည်လျက် ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဥ် များ သွေဖည်တိမ်းစောင်း မသွားစေရန် ကာကွယ်၊ ထိန်းကျောင်း၊ တည့်မတ်သွားနိုင်သူဖြစ်ရမည်။

၆-(ခ)-၂ ပြည်သူ့ဂုဏ်ရည်အသင်း၏ တိုးတက်ဖွံ့ဖြိုးရေးအတွက် အချိန်ပေးလုပ်ကိုင်ဆောင်ရွက်နိုင်သူ၊ အဖွဲ့ဝင်များ အတွင်း နားလည်လေးစား ယုံကြည်မှုကို တည်ဆောက်နိုင်သူဖြစ်ရမည်။ ဒေသတွင်းရှိ လူမှုအသိုင်းအဝိုင်းများနှင့် အငြင်းပွားဖွယ်တစုံတရာရှိခဲ့ပါက အသင်းဝင်ဖြစ်မှုကို ဆိုင်းငံ့ထားရမည်။

၆-(ခ)-၃ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုလုပ်ငန်းကော်မတီအသီးသီးက တင်ပြလာသော ရှေ့လုပ်ငန်းစဥ်များကို ဦးဆောင်ချမှတ် အကောင်အထည်ဖော်သွားနိုင်ရမည်။

၆-(ခ)-၄ ရန်ပုံငွေရှာဖွေရေးကိစ္စများတွင် တက်ကြွစွာ ဦးဆောင်တာဝန်ယူနိုင်သူဖြစ်ရမည်။

၆-(ခ)-၅ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာရေးဆိုင်ရာစည်းမျဥ်းများကို လိုက်နာဆောင်ရွက်နိုင်သူ၊ ငွေကြေးကိစ္စရပ် များတွင် ယုံကြည်စိတ်ချစွာ အပ်နှံကိုင်တွယ်တာဝန်ယူနိုင်သူဖြစ်ရမည်။

၆-(ဂ)  ဗဟိုအလုပ်အမှုဆောင်များ၏ တာဝန် နှင့် လုပ်ပိုင်ခွင့်

၆-(ဂ)-၁ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် ဗဟိုလုပ်ငန်းကော်မတီတခုခု သို့မဟုတ် တခုထက်ပို၍ ဝင်ရောက် တာဝန်ယူနိုင်သည်။

၆-(ဂ)-၂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် မိမိတို့ဌာနခွဲတွင် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ နှစ်စဥ် ဖြစ်မြောက် ရေးအတွက် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ကြရမည်။

၆-(ဂ)-၃ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ညှိနှိုင်း သဘောတူညီမှုဖြင့် စီမံခန့်ခွဲနိုင်သည်။

၆-(ဂ)-၄ ပြည်သူ့ဂုဏ်ရည်အသင်းနှင့် တိုက်ရိုက်သက်ဆိုင်သောကိစ္စရပ်များတွင် ဗဟိုအလုပ်အမှုဆောင်အများစု၏ သဘောတူညီမှု (သို့မဟုတ်) အတွင်းရေးမှူးအဖွဲ့၏ သဘောတူညီမှုမရှိဘဲ ဗဟိုအလုပ်အမှုဆောင် တဦးဦးက မိမိသဘောဖြင့် စီမံခန့်ခွဲ၊ ဆုံးဖြတ်လုပ်ကိုင်ခွင့်မရှိစေရ။

၆-(ဃ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်း

၆-(ဃ)-၁ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကြီး၏ သက်တမ်းကို ရွေးချယ်ပြီးသည့်နေ့မှစတင်၍ လေးနှစ် (၄၈လ) အဖြစ် သတ်မှတ်သည်။

၆-(ဃ)-၂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကြီး၏ သက်တမ်းမကုန်မီ ရက်၃၀အတွင်း နောက်သက်တမ်းသစ်အတွက် ဗဟို အလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်သွားရမည်။

၆-(ဃ)-၃ ကြားဖြတ်ဝင်ရောက်လာသော ဗဟိုအလုပ်အမှုဆောင်၏ သက်တမ်းသည် လက်ရှိ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကြီး၏ လက်ကျန်သက်တမ်းအထိသာဖြစ်သည်။

၆-(င)  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သက်တမ်းမပြည့်မီ တာဝန်များမှ ခေတ္တအနားယူခြင်း

၆-(င)-၁ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်များသည် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်စေ၊ ကျန်းမာရေးအခြေအနေ ကြောင့်ဖြစ်စေ၊ တာဝန်များမှ ခေတ္တအနားယူလိုပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေအတွင်းရေးမှူးထံသို့ အကျိုးအကြောင်းတင်ပြ၍ အနားယူနိုင်သည်။

၆-(င)-၂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကြီးသက်တမ်းအတွင်း တစ်နှစ်လျှင် ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရက်၃၀နှင့် ကျန်းမာရေးအခြေအနေကြောင့်ဖြစ်ပါက ရက်၆၀၊ စုစုပေါင်း ရက်၆၀ထက် မကျော်လွန်ဘဲ တာဝန်များမှ ခေတ္တ အနားယူနိုင်သည်။

၆-(င)-၃ အနားယူထားသည့်ကာလအတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အခါအားလျော်စွာကျင်းပသော အစည်းအဝေးများကို တက်ရောက်လိုကတက်ရောက်နိုင်သည်။ ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲများပေးနိုင်သည်။

၆-(င)-၄ ခွင့်ပြုထားသောရက်များထက်ကျော်လွန်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်နိုင်ခြင်းမရှိပါက ၄င်းကိုယ်စားပြုရာဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့က ထပ်မံရွေးချယ်စေလွှတ်သူ တဦးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သစ်အဖြစ် အစားထိုးရမည်။

၆-(င)-၅ ၄င်းကိုယ်စားပြုရာဌာနခွဲ အလုပ်အမှုဆောင်အဖွဲ့က ရက်၃၀အတွင်းထပ်မံရွေးချယ်စေလွှတ်ခြင်းမရှိလျှင် ဗဟို အလုပ်အမှုဆောင်အဖွဲ့က သင့်တော်သလို စီမံအစားထိုးရမည်။

၆-(စ)  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ သက်တမ်းမပြည့်မီ တာဝန်များမှ နုတ်ထွက်ခြင်း

၆-(စ)-၁ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပြည်သူ့ဂုဏ်ရည်အသင်းတွင် လက်ရှိတာဝန်ယူလုပ်ဆောင်နေသော အခန်းကဏ္ဍအသီးသီးမှ မိမိသဘောအလျောက်နုတ်ထွက်ရန်ဆန္ဒရှိပါက အနည်းဆုံး ရက်၃၀ကြိုတင်၍ ဗဟိုအလုပ် အမှုဆောင်အဖွဲ့သို့ အကြောင်းကြားရန်တာဝန်ရှိသည်။

၆-(စ)-၂ နုတ်ထွက်ရန်ဆန္ဒပြုသူသည် မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်းများအားရှင်းလင်းပြီး သက်ဆိုင်ရာ အလုပ်ကော်မတီသို့ ပြန်လည်အပ်နှံရန်တာဝန်ရှိသည်။

၆-(ဆ)  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ကို အရေးယူခြင်းနှင့် ထုတ်ပယ်ခြင်း

၆-(ဆ)-၁ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးသည် ပြည်သူ့ဂုဏ်ရည်အသင်း ပြိုကွဲပျက်စီးရာကို ရှေးရှုဆောင်ရွက်နေ ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့လျှင်ဖြစ်စေ

၆-(ဆ)-၂ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာရေးဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့လျှင် ဖြစ်စေ

၆-(ဆ)-၃ မိမိနေထိုင်ရာတိုင်းပြည်၏ တည်ဆဲဥပဒေများအရ ရာဇဝတ်ပြစ်မှုဆိုင်ရာ အရေးယူခံရခြင်းများရှိခဲ့လျှင် ဖြစ်စေ၊ (နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖြစ်ပွားရသောအမှုအခင်းများ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အမှုအခင်းများနှင့် သက်ဆိုင်အကျုံးဝင်ခြင်းမရှိစေရ)

– ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကြီးမှ အရေးယူ၊ ထုတ်ပယ်နိုင်သည်။

အခန်း ၇ – ပြည်သူ့ဂုဏ်ရည်အသင်း၏ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အ‌ထွေထွေ အတွင်းရေးမှူး

၇-(က) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး တို့ကိုရွေးချယ်ရန်အတွက် ရွေးချယ်ပွဲကျင်းပရေးအဖွဲ့ဖွဲ့စည်းခြင်း

၇-(က)-၁ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး တို့ကိုရွေးချယ်နိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်ပေးအပ်သူ တဦး သို့မဟုတ် နှစ်ဦးဖြင့် ရွေးချယ်ပွဲကျင်းပရေးဆိုင်ရာ နည်းပညာ အဖွဲ့ကို ဦးစွာဖွဲ့စည်းတာဝန်ပေးရမည်။

၇-(က)-၂ ရွေးချယ်ပွဲကျင်းပရေးဆိုင်ရာ နည်းပညာအဖွဲ့၏သက်တမ်းသည် ရွေးချယ်ပွဲအောင်မြင်စွာပြီးဆုံးချိန်အထိသာ ဖြစ်သည်။

၇-(ခ) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်များအတွက် အမည် စာရင်းတင်သွင်းခြင်း

၇-(ခ)-၁  ဌာနခွဲအလုပ်အမှုဆောင်အဖွဲ့တွင်ဖြစ်စေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင်ဖြစ်စေ သက်တမ်း တစ်နှစ် (၁၂ လ) တာဝန်ထမ်းဆောင်ပြီးသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တိုင်းသည် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေး မှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး တာဝန် လေးခုစလုံးသို့ မိမိဆန္ဒအလျောက် ဝင်ရောက်အရွေးချယ်ခံနိုင်သည်။

၇-(ခ)-၂  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်လို သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ထမ်းဆောင်ရမည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု ဝန်ခံ ကတိပြု၍ မိမိကိုယ်မိမိ ဆန္ဒပြုအမည်စာရင်းတင်သွင်းကြရမည်။

၇-(ခ)-၃  အမည်စာရင်းတင်သွင်းရာတွင် ရွေးချယ်ပွဲကျင်းပရေး အဖွဲ့ဝင်တစ်ဦး သို့မဟုတ် နှစ်ဦးထံသို့ မိမိတို့အသုံးပြု နေသည့် အီးမေးလ်ဖြင့် အမည်စာရင်းတင်သွင်းနိုင်သည်။

၇-(ခ)-၄  ရွေးချယ်ပွဲကျင်းပသည့်နေ့ရက်တွင် ရွေးချယ်ပွဲကျင်းပရေး အဖွဲ့ဝင် တစ်ဦး သို့မဟုတ် နှစ်ဦးက အီးမေးလ် မှတဆင့် လက်ခံရရှိသော အဆိုပြုသူအမည်စာရင်းများကို အင်္ဂလိပ်အက္ခရာစဉ်ဖြင့် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး  တာဝန်အလိုက် ကြေညာပေး သွားရမည်။

၇-(ခ)-၅  တာဝန်တစ်ခုထက်ပို၍ ဆန္ဒပြုအမည်စာရင်းတင်သွင်းကြသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် တာဝန်တစ်ခုတွင် အရွေးချယ် ခံရခြင်းမရှိပါက နောက်ထပ်ဆန္ဒပြုထားသည့် တာဝန်များတွင် ဆက်လက် အရွေးချယ် ခံခွင့်ရှိသည်။

၇-(ဂ)  ရွေးချယ်ပုံ

၇-(ဂ)-၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး တာဝန်များ အလိုက် တစ်ခုချင်း ရွေးချယ်မည်။

၇-(ဂ)-၂  မဲပေးရမည့် အမည်စာရင်း စီစဉ်ရာတွင်ဖြစ်စေ၊ တာဝန်များအလိုက် ဝင်ရောက်အရွေးချယ်ခံမည့်သူများ က ၎င်းတို့ သဘောထားများကို ပြောကြားစေရာတွင်ဖြစ်စေ၊ အမည်စာရင်းကို အင်္ဂလိပ်အက္ခရာစဉ်အလိုက် စီစဉ်သွား မည်။

၇-(ဂ)-၃  ဝင်ရောက်အရွေးချယ်ခံမည့်သူများက မိမိအကြောင်းကို မိတ်ဆက်တင်ပြပြီး ပြည်သူ့ဂုဏ်ရည်အသင်း တိုးတက်ရာ တိုးတက်ကြောင်း အတွက် မိမိတာဝန်ယူ အကောင်အထည်ဖော်ဆောင်သွားလိုသည့် လုပ်ငန်းစဉ်များ အကြောင်း သုံးမိနစ်ခန့် ရှင်းလင်းတင်ပြပေးရမည်။

၇-(ဂ)-၄ ဝင်ရောက်အရွေးချယ်ခံမည့်သူ၏ ရှင်းလင်းတင်ပြမှုအပြီးတွင် အစည်းအဝေးတက်ရောက်လာသော ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်းနိုင်သည်။

၇-(ဃ) ရွေးချယ်ခြင်း

၇-(ဃ)-၁  ဌာနခွဲတခုလျှင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှစ်ဦးအထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။

၇-(ဃ)-၂  ရွေးချယ်ပွဲကျင်းပရေးအဖွဲ့က သတ်မှတ်ထားသော အင်တာနက်စာမျက်နှာ တစ်ခုတွင် လျှို့ဝှက် ဆန္ဒမဲဖြင့် ရွေးချယ်မည်။

၇-(ဃ)-၃  ဆန္ဒမဲပေးရမည့်အချိန်ကို ၃ မိနစ်ထက်မပိုစေရန်သတ်မှတ်ထားရမည်။

၇-(ဃ)-၄  ဆန္ဒမဲအများဆုံးရရှိသူနှစ်ဦး မဲအရေအတွက်တူညီနေပါက အဆိုပါနှစ်ဦးကို ပြန်လည်ဆန္ဒပြုမဲပေးရမည်။

၇-(ဃ)-၅  အကယ်၍ လုပ်ငန်းတာဝန်တစ်ရပ်တွင် ဝင်ရောက်အရွေးချယ်ခံသူ တစ်ဦးတည်းသာရှိပါက အစည်းအဝေး တက်ရောက်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ထက်ဝက်ကျော် ထောက်ခံမှုလိုအပ် သည်။ ဆန္ဒမဲ ထက်ဝက် ကျော် မရရှိသည့် တာဝန် အတွက် ယခုသက်တမ်းအတွင်း ထပ်မံ ယှဉ်ပြိုင်ခွင့် မရှိစေရ။

၇-(င) ထုတ်ပြန်ကြေညာခြင်း

၇-(င)-၁  လုပ်ငန်းတာဝန်များအလိုက် ရွေးချယ်ခံရသူများကို ရွေးချယ်ပွဲကျင်းပရေးအဖွဲ့ဝင်တစ်ဦးက ထုတ်ပြန် ကြေညာ ပေးရမည်။

၇-(င)-၂  အကယ်၍ လုပ်ငန်းတာဝန်တစ်ရပ်တွင် ဝင်ရောက်အရွေးချယ်ခံသူ တစ်ဦးတစ်ယောက်မျှမရှိပါက အဆိုပါ တာဝန် လစ်လပ်နေကြောင်းကြေညာရမည်။

၇-(င)-၃  လုပ်ငန်းတာဝန်အလိုက်ရွေးချယ်ခံရသူများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အတည်ပြုပြီး၊ အသင်း၏ ဖွဲ့စည်းပုံကို ထုတ်ပြန်ကြေညာပေးရမည်။

၇-(စ)  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး တို့၏ စုပေါင်းလုပ်ဆောင်ရမည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၇-(စ)-၁ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး တို့ ညှိနှိုင်း၍ နှစ်စဉ် တစ်နှစ်တာခန့်မှန်းခြေရသုံးငွေစာရင်း (အသုံးစားရိတ် လျာထားချက်) ရေးဆွဲရမည်။ လိုအပ်ပါက ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး ဗဟိုလုပ်ငန်း ကော်မတီ၏ အကြံပေးမှုကို ရယူနိုင်သည်။

၇-(စ)-၂  ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူးတို့ ရေးဆွဲသော တစ်နှစ် တာခန့်မှန်းခြေ ရသုံးငွေစာရင်း (အသုံးစားရိတ် လျာထားချက်)ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်ပြပြီး အဖွဲ့ဝင် အများစု သဘောတူညီမှသာအတည်ဖြစ်သည်။

၇-(စ)-၃  အကယ်၍ ပြည်သူ့ဂုဏ်ရည်အသင်းသည် ဖွံ့ဖြိုးတိုးတက်လာရမည့်အစား ဆုတ်ယုတ်မှုများရှိလာပါက ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့်  တွဲဖက်အထွေထွေအတွင်းရေးမှူးတို့တွင် အဓိကတာဝန်ရှိသည်။

၇-(စ)-၄  ဗဟိုလုပ်ငန်းကော်မတီလေးရပ်၏ အစည်းအဝေးများကျင်းပသည့်အခါတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ဒု ဥက္ကဋ္ဌ သို့မဟုတ် အထွေထွေအတွင်းရေးမှူး သို့မဟုတ် တွဲဖက် အထွေထွေအတွင်းရေးမှူး တစ်ဦးဦး မဖြစ်မနေ တက်ရောက်ရ မည်။

၇-(ဆ)  ဥက္ကဋ္ဌ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

၇-(ဆ)-၁  ဥက္ကဋ္ဌသည် ဒု ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူးတို့နှင့် ညှိနှိုင်း၍ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ ရေတို ရေရှည် စီမံကိန်းများကို ဦးဆောင်ရေးဆွဲရမည်။

၇-(ဆ)-၂ ဥက္ကဋ္ဌသည် အသင်းဝင်ဌာနခွဲများတွင် လှုပ်ရှားမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်စေရန် ကြံဆနိုင်သူ၊ ဖိအားမပါဘဲ အားပေးနိုင်သူ၊ ဦးဆောင်လုပ်ပြနိုင်သူ ဖြစ်ရမည်။

၇-(ဆ)-၃ ဥက္ကဋ္ဌသည် အသင်းဝင်ဌာနခွဲများ၏ ရန်ပုံငွေများရှာဖွေရေးအတွက် လှုံ့ဆော်နိုင်သူ၊ နည်းလမ်းများ ရှာဖွေနိုင်သူ၊ ကိုယ်တိုင် ဦးဆောင်ကူညီခြင်းများ ပြုလုပ်နိုင်သူ ဖြစ်ရမည်။

၇-(ဆ)-၄ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏အစည်းအဝေးများကို အသင်း၏ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးအပ် ထားသူမှ ခေါ်ယူကျင်းပရမည်။

၇-(ဆ)-၅  ဥက္ကဋ္ဌအဖြစ်စတင်တာဝန်ထမ်းဆောင်ချိန်မှ ၁၄ရက်အတွင်း အသင်း၏ဘဏ္ဍာရေးမှူးတစ်ဦးကို အမည် စာရင်း တင်သွင်း ခန့်အပ်သွားရမည်။ ဥက္ကဋ္ဌတင်သွင်းသော ဘဏ္ဍာရေးမှူးကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက အတည်ပြုရန်လိုအပ်သည်။ ဘဏ္ဍာရေးမှူး၏သက်တမ်းသည် ဥက္ကဋ္ဌ၏ သက်တမ်းအတိုင်းဖြစ်သည်။ အကယ်၍ ဘဏ္ဍာ ရေးမှူးတစ်ဦးကို သတ်မှတ်ရက်အတွင်း အမည်စာရင်းမတင်သွင်းနိုင်ပါက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက သင့်တော်မည့်သူကို အမြန်ဆုံး အမည်စာရင်းတင်သွင်းကြရမည်။

၇-(ဆ)-၆  ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ မဲခွဲဆုံးဖြတ်မှုသည် ဆန္ဒမဲအညီအမျှဖြစ်နေသည့်အခြေအနေ ပေါ်ပေါက်ခဲ့ပါ က ဥက္ကဋ္ဌ သို့မဟုတ် ယာယီဥက္ကဋ္ဌက အဆုံးအဖြတ်ပေးရမည်။

၇-(ဆ)-၇  ဥက္ကဋ္ဌသည် ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် ဌာနခွဲသစ် (New Chapter) များ ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ဝင်ရောက်လာစေရန် စည်းရုံးရေးတာဝန်ကို ထမ်းဆောင်ရမည်။

၇-(ဆ)-၈  စည်းရုံးရေးဗဟိုလုပ်ငန်းကော်မတီ၏ တာဝန်ခံမှ တင်ပြလာသော စည်းရုံးရေးဆိုင်ရာ အစီအမံများနှင့် ကုန်ကျစရိတ်များကို အဆင်ပြေအောင် ညှိနှိုင်း၊ ဖြည့်စည်း၊ ဆောင်ရွက်ပေးရမည်။

၇-(ဇ)   ဒုတိယဥက္ကဋ္ဌ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

၇-(ဇ)-၁   ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ခွဲဝေပေးသော အသင်းဝင်ဌာနခွဲများတွင် လှုပ်ရှားမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်စေရန် ကြံဆနိုင်သူ၊ ဖိအားမပါဘဲ အားပေးနိုင်သူ၊ ဦးဆောင်လုပ်ပြနို်င်သူ ဖြစ်ရမည်။

၇-(ဇ)-၂   ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ခွဲဝေပေးသော အသင်းဝင်ဌာနခွဲများ၏ ရန်ပုံငွေများရှာဖွေရေးအတွက်    လှုံ့ဆော်နိုင် သူ၊ နည်းလမ်းများ ရှာဖွေနိုင်သူ၊ ကိုယ်တိုင် ဦးဆောင်ကူညီခြင်းများ ပြုလုပ်နိုင်သူ ဖြစ်ရမည်။

၇-(ဇ)-၃   ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌ၏တာဝန်ပေးချက်အရ ဥက္ကဋ္ဌတာဝန်ဝတ္တရားများကို အခါအားလျော်စွာ ဝင်ရောက် ထမ်းဆောင်ပေးရမည်။

၇-(ဇ)-၄   ဥက္ကဋ္ဌ တာဝန်ယူထားသူသည် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ကအနားယူခြင်း၊ နုတ်ထွက်ခြင်းရှိပါက ဥက္ကဋ္ဌ တာဝန်အတွက် နောက်ထပ် တစ်ဦးတယောက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်တင်မြှောက်ခြင်း မပြုမီ ကာလအတွင်း ဒုဥက္ကဋ္ဌသည် ယာယီဥက္ကဋ္ဌအဖြစ် ဥက္ကဋ္ဌ၏တာဝန်ဝတ္တရားများကိုထမ်းဆောင်ရမည်။

၇-(ဇ)-၅   ဒုတိယဥက္ကဋ္ဌသည် ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် ဌာနခွဲသစ် (New Chapter) များ ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ဝင်ရောက်လာစေရန် စည်းရုံးရေးတာဝန်ကို ထမ်းဆောင်ရမည်။

၇-(စျ)   အထွေထွေအတွင်းရေးမှုး၏ တာဝန်နှင့်လုပ်ပိုင်ခွင့်

၇-(စျ)-၁  အထွေထွေအတွင်းရေးမှူးသည် ပြန့်ကျဲနေသော နယ်ပယ်အသီးသီးကို စီမံမှုပုံစံကျအောင် စုစည်း၊ ဆက်စပ် ပေးနိုင်သူ ဖြစ်ရမည်။

၇-(စျ)-၂  အထွေထွေအတွင်းရေးမှူးသည် အခြေခံဗဟိုလုပ်ငန်းကော်မတီ လေးရပ်မှ တင်သွင်းသောအစီရင်ခံစာများ ကို တစ်ခုချင်းခြုံငုံသုံးသပ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် တင်ပြအစီရင်ခံရမည်။

၇-(စျ)-၃  အထွေထွေအတွင်းရေးမှူးသည် အသင်းဝင်ဌာနခွဲများ၏ လှုပ်ရှားမှုများ၊ ရန်ပုံငွေရှာဖွေပွဲများနှင့် ပတ်သက် သည့် သတင်းနှင့် ပြန်ကြားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အဆင်ပြေချောမွေ့စေရန် တာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်သွားရမည်။

၇-(စျ)-၄  အထွေထွေအတွင်းရေးမှူးသည် ပြည်သူ့ဂုဏ်ရည်အသင်း ကျယ်ပြန့်တိုးတက်အောင်မြင်ရေးအတွက် ဌာနခွဲသစ် (New Chapter) များ ပြည်သူ့ဂုဏ်ရည် အစီအစဉ်သို့ဝင်ရောက်လာစေရန် စည်းရုံးရေးတာဝန်ကို ထမ်းဆောင်ရမည်။

၇-(ည)   တွဲဖက်အထွေထွေ အတွင်းရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်

၇-(ည)-၁  တွဲဖက်အထွေထွေ အတွင်းရေးမှူးသည် အထွေထွေအတွင်းရေးမှူး၏ တာဝန်နှင့် ဝတ္တရားများကို တွဲဖက် ထမ်းဆောင်သွားရမည်။

၇-(ည)-၂  တွဲဖက်အထွေထွေ အတွင်းရေးမှူးသည် အထွေထွေအတွင်းရေးမှူးနှင့်အတူ အခြေခံ ဗဟိုလုပ်ငန်း ကော်မတီ များနှင့် ထိစပ်လျက် ကော်မတီများ၏ ဆောင်ရွက်ချက်များကို ကူညီမြှင့်တင်သွားရမည်။

၇-(ဋ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးတို့၏ သက်တမ်း သတ်မှတ် ချက်

ဥက္ကဋ္ဌ ၏ သက်တမ်းသည် စတင်တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ ၂ နှစ် (၂၄လ) ကာလဖြစ်သည်။

ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်များ၏ သက်တမ်းသည် စတင်တာဝန်ထမ်းဆောင်သည့် နေ့မှစ၍ ၄ နှစ် (၄၈လ) ကာလဖြစ်သည်။

၇-(ဌ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးတို့၏ တာဝန်ကို သက်တမ်း တိုးခြင်း

၇-(ဌ)-၁   ဥက္ကဋ္ဌ သက်တမ်းကုန်ဆုံးပါက သက်တမ်းနောက်တခုအတွက် ဆက်တိုက်ထပ်မံ ရွေးချယ်ခံခွင့်မရှိဘဲ အနည်းဆုံး သက်တမ်း တစ်ခုကျော် (၂ နှစ်ခြား) မှသာ ပြန်လည် ရွေးချယ်ခံနိုင်သည်။

၇-(ဌ)-၂   ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးတို့၏ တာဝန်များ သက်တမ်းကုန် ဆုံးပါက နောက် ၄ နှစ်သက်တမ်းအတွက် ထပ်မံ အရွေးချယ်ခံနိုင်ခွင့်ရှိသည်။

၇-(ဍ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့ကို လုပ်ပိုင်ခွင့်ရုပ်သိမ်းခြင်း

၇-(ဍ)-၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့သည်လည်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ ဖြစ်သည့် အားလျော်စွာ အသင်း၏ အခန်း၆-(ဇ) ပါအချက်များနှင့် ငြိစွန်းပါက လုပ်ပိုင်ခွင့်များ ရုပ်သိမ်းခံရမည်ဖြစ်သည့်အပြင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်မှလည်း ရပ်စဲခြင်းခံရမည်ဖြစ်သည်။

၇-(ဍ)-၂  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့သည် အသင်း၏ အခန်း(၇) ပါတာဝန်နှင့် ဝတ္တရား များကိုကျေပွန်အောင် ထမ်းဆောင်နိုင်ခြင်းမရှိပါက မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့၏ တာဝန် အသီးသီးမှ နုတ်ထွက်ပေးရမည်။

၇-(ဍ)-၃  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့သည် အသင်း၏ တိုးတက် ရာ တိုးတက်ကြောင်းကို ဆက်လက်  ထမ်းဆောင်နိုင်မှုနှင့်ပတ်သက်၍ အနည်းဆုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးရေ၏ သုံးပုံ တစ်ပုံက သံသယရှိလာပါက အကျိုးအကြောင်းခိုင်လုံစွာတင်ပြ၍ အယုံအကြည်မရှိကြောင်း အဆို တင်သွင်းနိုင်သည်။

၇-(ဍ)-၄  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့အားလုံး သို့မဟုတ် တစ်ဦးဦးကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းလာပါက တင်သွင်းလာသည့်နေ့ကစ၍ ရက်သတ္တတစ်ပတ် အတွင်း တာဝန်ရှိသူတစ်ဦးဦးက ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အထူးအစည်းအဝေးခေါ်ယူပေးရမည်။

၇-(ဍ)-၅  အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခံရသူသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် အယုံအကြည်မရှိကြောင်း တင်သွင်းလာသည့် အချက်များနှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်း တင်ပြပိုင်ခွင့်ရှိသည်။

၇-(ဍ)-၆  အပြန်အလှန်ရှင်းလင်းဆွေးနွေးကြပြီးသည့်နောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅၀% ကျော်၏ သဘောဖြင့် အယုံအကြည်မရှိအဆိုကို ပယ်ချနိုင်သည် သို့မဟုတ် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်နိုင်သည်။

၇-(ဍ)-၇  အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူးအပါအဝင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်တိုင်း ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲပေး နိုင်သည်။

၇-(ဍ)-၈  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅၀% ကျော်က အယုံအကြည်မရှိကြောင်း ဆန္ဒမဲပေးပါက အယုံအကြည် မရှိအဆို တင်သွင်းခံရသူသည် မိမိ၏တာဝန်မှနုတ်ထွက်ရမည်။

၇-(ဍ)-၉  အယုံအကြည်မရှိအဆိုကြောင့် မိမိ၏တာဝန်မှနုတ်ထွက်သူသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် သက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်တာဝန် ထမ်းဆောင်နိုင်ခွင့်ရှိသည်။

၇-(ဎ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး တို့ သက်တမ်း မပြည့်မီ နုတ်ထွက်ခြင်း 

၇-(ဎ)-၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့ တာဝန်ယူထားသည့် သက်တမ်းမပြည့်မီ ပြည်သူ့ဂုဏ်ရည် အသင်းတွင် လက်ရှိလုပ်ဆောင်နေသော တာဝန်အသီးသီးမှ မိမိသဘော အလျောက် နုတ်ထွက်ရန်ဆန္ဒရှိပါက အနည်း ဆုံး ရက် ၃၀ ကြိုတင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ အကြောင်းကြား ရမည်။

၇-(ဎ)-၂  တင်ပြလာသော နုတ်ထွက်လွှာ လက်ခံခြင်း၊ လက်မခံခြင်းကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်း အဝေးက ဆုံးဖြတ်ရမည်။

၇-(ဎ)-၃  နုတ်ထွက်ရန်ဆန္ဒပြုသူသည် မိမိ၏မပြီးပြတ်သေးသော ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်းပြီး သက်ဆိုင်ရာ အလုပ်အမှုဆောင်ကော်မတီသို့ ပြန်လည်အပ်နှံရန်တာဝန်ရှိသည်။

၇-(ဏ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့ တာဝန်များမှ ခေတ္တအနား ယူခြင်း

၇-(ဏ)-၁  ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့သည် ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့်ဖြစ်စေ၊ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်စေ တာဝန်များမှ ခေတ္တအနားယူလိုပါက အသင်း၏ ဥက္ကဋ္ဌထံသို့ဖြစ်စေ၊ ဒု-ဥက္ကဋ္ဌထံသို့ဖြစ်စေ အထွေထွေအတွင်းရေးမှူးထံသို့ဖြစ်စေ အကျိုးအကြောင်း တင်ပြ၍ ခေတ္တအနားယူနိုင်သည်။

၇-(ဏ)-၂  ၎င်းတို့ထမ်းဆောင်ရမည့် သက်တမ်းကာလ တနှစ်အတွင်း ကိုယ်ရေးကိုယ်တာကိစ္စအတွက် ရက် ၃၀၊ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ပါက ရက် ၆၀၊ စုစုပေါင်း ရက် ၆၀ ထက်မကျော်လွန်ဘဲ တာဝန်များမှ ခေတ္တ အနားယူနိုင်သည်။

၇-(ဏ)-၃  ခေတ္တအနားယူထားသည့်ကာလအတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အခါအားလျော်စွာကျင်းပသော အစည်းအဝေးများကို တက်ရောက်လိုက တက်ရောက်နိုင်သည်။ ကိုယ်တိုင်တက်ရောက်၍ ဆန္ဒမဲပေးနိုင်သည်။

၇-(ဏ)-၄  ခွင့်ပြုထားသောရက်များထက်ကျော်လွန်၍ တာဝန်နှင့်ဝတ္တရားများကို ထမ်းဆောင်နိုင်ခြင်းမရှိပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ၎င်းအမှုဆောင်၏နေရာတွင် သင့်လျော်သလို အစားထိုးရမည်။

၇-(တ)   ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး တာဝန်များ လစ်လပ်ခြင်း နှင့် အစားထိုးခန့်အပ်ခြင်း

၇-(တ)-၁  လစ်လပ်သွားသော အမှုဆောင်၏နေရာအတွက် ကျန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက အလျင်အမြန် အစားထိုးရန် သဘောတူညီလျှင် မဲပေးရွေးချယ်မှုအထမြောက်စေရန် ရက်၃၀ အတွင်း စီစဉ်ဆောင်ရွက်ရမည်။

၇-(တ)-၂  လစ်လပ်သွားသောနေရာကို အလျင်အမြန် အစားထိုးရန် မလိုအပ်ပါက နှစ်စဉ် ဇွန်လ ပထမပတ် သို့မဟုတ် ဇန်နဝါရီလ ပထမပတ်တွင်ကျင်းပမည့် ကြားဖြတ်ရွေးချယ်တင်မြှောက်ပွဲ၌ အစားထိုးနိုင်သည်။

၇-(တ)-၃  အစားထိုးဝင်ရောက်လာသူ၏ တာဝန်ထမ်းဆောင်ရမည့်သက်တမ်းသည် ယခင်တာဝန်ထမ်းဆောင်သွား သူ၏ ကျန်ရှိနေသော သက်တမ်းသာဖြစ်ရမည်။

အခန်း ၈ – ဗဟိုလုပ်ငန်းကော်မတီများ (Central Working Committee)

၈-(က) ဗဟိုလုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း

ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်မှ ဦးစားပေးအဆင့်သတ်မှတ်ချက်ဖြင့် ဗဟိုလုပ်ငန်းကော်မတီများကို အမြန်ဆုံး ဖွဲ့စည်းပေးရမည်။

၈-(ခ)  ဗဟိုလုပ်ငန်းကော်မတီများ၏သက်တမ်း

ဗဟိုလုပ်ငန်းကော်မတီများ၏သက်တမ်းသည် စတင်ဖွဲ့စည်းချိန်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သက်တမ်းကုန်ဆုံး ချိန်အထိ ဖြစ်သည်။

၈-(ဂ)  ဗဟိုလုပ်ငန်းကော်မတီဝင်များရွေးချယ်ခြင်း

ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီကလွဲ၍ ကျန်ဗဟိုလုပ်ငန်း ကော်မတီ ဝင်များကို လွတ်လပ်စွာဖြင့် ရွေးချယ်ဖွဲ့စည်းနိုင်သည်။ ဖြည့်စွက်နိုင်သည်။ အစားထိုးနိုင်သည်။ လုပ်ငန်း တာဝန်များ ရုပ်သိမ်းနိုင်သည်။

၈-(ဃ)  ဗဟိုလုပ်ငန်းကော်မတီများ၏ တာဝန်ခံ

၈-(ဃ)-၁  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဥက္ကဋ္ဌသည် ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီ၏ တာဝန်ခံ ဖြစ်သည်။

၈-(ဃ)-၂  ကျန် ဗဟိုလုပ်ငန်းကော်မတီ လေးရပ်အတွက် တာဝန်ခံတစ်ဦးစီကို ဗဟိုလုပ်ငန်းကော်မတီအသီးသီး ဖွဲ့စည်းပြီး ချိန်မှစ၍ ရက်သတ္တနှစ်ပတ် (၁၄) ရက်အတွင်း သက်ဆိုင်ရာဗဟိုလုပ်ငန်းကော်မတီဝင်များက ဆွေးနွေး တိုင်ပင် ရွေးချယ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရမည်။ တင်ပြလာသောဗဟိုလုပ်ငန်းကော်မတီ၏ တာဝန်ခံကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အနီးကပ်ဆုံး အစည်းအဝေးမှ လက်ခံအတည်ပြုခြင်းကိစ္စကို ဆွေးနွေး ဆုံးဖြတ်ပေးရမည်။

၈-(ဃ)-၃  သက်ဆိုင်ရာဗဟိုလုပ်ငန်းကော်မတီဝင်များက ရွေးချယ်သည့် ဗဟိုလုပ်ငန်းကော်မတီတာဝန်ခံသည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လက်ခံအတည်ပြုခြင်းဆိုင်ရာ အစည်းအဝေး မကျင်းပနိုင်မီကာလအတွင်း ယာယီ ဗဟိုလုပ်ငန်းကော်မတီတာဝန်ခံအဖြစ် တာဝန်များကိုထမ်းဆောင်ရမည်။

၈-(ဃ)-၄  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဗဟိုလုပ်ငန်းကော်မတီဝင်များသည် တာဝန်ခံအဖြစ် ဗဟိုလုပ်ငန်း ကော်မတီတစ်ခုတွင်သာ ဆောင်ရွက်နိုင်သည်။

၈-(င)  ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးဗဟိုလုပ်ငန်းကော်မတီ (Finance & Fund Raising Central Working Committee)

၈-(င)-၁  ကော်မတီဝင်တိုင်းသည် ပြည်သူ့ဂုဏ်ရည်အသင်း၏  ရန်ပုံငွေရှာဖွေရေးကိစ္စရပ်များကို ဦးဆောင်တာဝန်ယူ ကြရမည်။

၈-(င)-၂  ကော်မတီဝင်တိုင်းသည် ဘဏ္ဍာရေးကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ခံ၊ တာဝန်ယူကြရမည်။

၈-(င)-၃  အသင်း၏လက်ရှိဘဏ္ဍာရေးအခြေအနေနှင့် အသုံးစရိတ်လျာထားချက်များကို ညှိနှိုင်းဆွေးနွေးကြရမည်။

၈-(င)-၄  စည်းရုံးရေးဗဟိုလုပ်ငန်းကော်မတီကို ဆက်သွယ်လျက် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ပြုလုပ်ရန် ငွေကြေး အကူအညီ လိုအပ်နေသောမြို့များနှင့် ဆွေးနွေးတိုင်ပင်၍ ပြည်သူ့ဂုဏ်ရည်အသင်း၏ မူဝါဒဘောင်အတွင်း ညှိနှိုင်း ဆောင်ရွက်ကြရမည်။

၈-(စ)  စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေးဗဟိုလုပ်ငန်းကော်မတီ (Auditing & Discipline Central Working Committee)

၈-(စ)-၁  ဤကော်မတီသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်း၊ စည်းကမ်းများပေါ်တွင်ရပ်တည်လျက် ဌာနခွဲ (Chapter) အသီးသီးတို့၏ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်တို့တွင်ဖြစ်စေ၊ လုပ်ငန်းဆိုင်ရာကိစ္စရပ်တို့တွင်ဖြစ်စေ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရိုးသားဖြောင့်မတ်မှုများရှိစေရန် စိစစ်လေ့လာရမည်။

၈-(စ)-၂  ရန်ပုံငွေနှင့် အသုံးစရိတ်ရှင်းတမ်းများကို လိုအပ်သလိုထုတ်ပြန်သွားကြရမည်။

၈-(စ)-၃  ပြည်သူ့ဂုဏ်ရည်အသင်း၏ ငွေစာရင်း နှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ခံကြရ မည်။

၈-(ဆ)  ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ (Information & Recording Central Working Committee)

၈-(ဆ)-၁  ဤကော်မတီသည် သတင်းအချက်အလက်များရယူခြင်း၊ တည်းဖြတ်ခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ လိုအပ်လျှင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်းလုပ်ငန်းများနှင့် အသင်း၏ဝက်ဘ်ဆိုဒ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့ အတွက် ဦးစီးတာဝန်ယူဆောင်ရွက်ရမည်။

၈-(ဆ)-၂  ကော်မတီဝင်တိုင်းသည် မိမိတို့မြို့၏ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အချိန်နှင့်တပြေးညီ အသင်း၏ ဝက်ဘ်ဆိုဒ်ပေါ်သတင်းတင်နို်င်ရေးအတွက် သတင်းရေးသားကြရမည်။ ဓာတ်ပုံများ ပေးပို့နိုင်ကြရမည်။

၈-(ဆ)-၃  ကော်မတီဝင်တိုင်းသည် အသံလွှင့်ဌာန သို့မဟုတ် သတင်းဝက်ဘ်ဆိုဒ် သို့မဟုတ် ဘလော့ဂ်စသည့် မီဒီယာများမှ အနည်းဆုံးတစ်ခုကို ဆက်သွယ်ရေး၊ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများကို သတင်းပေးပို့ရေးအတွက် တာဝန်ယူကြရမည်။

၈-(ဆ)-၄  ကော်မတီသည် ပြည်သူ့ဂုဏ်ရည်အသင်း၏ အထွေထွေမှတ်တမ်းမှတ်ရာများကို ပြုစုထိန်းသိမ်းထားရမည်။

၈-(ဇ)  စည်းရုံးရေး ဗဟိုလုပ်ငန်းကော်မတီ (Public Relation Central Working Committee)

၈-(ဇ)-၁  ကော်မတီဝင်တိုင်းသည် မိသားစုဝင်မြို ့များ၏ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ နှစ်စဉ်ဖြစ်မြောက်စေရေး အတွက် တာဝန်ယူကြရမည်။

၈-(ဇ)-၂  ကော်မတီဝင်တိုင်းသည် ပြည်သူ့ဂုဏ်ရည်မိသားစုဝင် ဌာနခွဲသစ် (New Chapter) များ ပေါ်ပေါက်ရေး အတွက် ဆက်သွယ်၊ စည်းရုံး၊ လှုပ်ရှားကြရမည်။

၈-(ဇ)-၃  စည်းရုံးရေးဗဟိုလုပ်ငန်းကော်မတီ တာဝန်ခံသည် စည်းရုံးရေးကိစ္စရပ်များအတွက် ငွေကြေးအပါအဝင် လိုအပ်ချက်များကို ပြုစုလျက် အသင်း၏ ဥက္ကဋ္ဌထံ တင်ပြတောင်းခံနိုင်သည်။

၈-(ဈ)  ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီ (Central Working Committee for Ceremonies)

၈-(ဈ)-၁ ဤကော်မတီကို ပြည်သူ့ဂုဏ်ရည်အသင်း၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှုးနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူးတို့ လေးဦးက ဦးဆောင်ပြီး ကျန်လုပ်ငန်းကော်မတီတစ်ခုလျှင် တာဝန်ခံနှင့်အဖွဲ့ဝင်တစ်ဦးကျ ပါဝင်သည့် စုစုပေါင်းအဖွဲ့ဝင် ၁၂ဦးဖြင့် ဖွဲ့စည်းသွားရမည်။  လုပ်ငန်းကော်မတီများအနေဖြင့် အဖွဲ့ဝင်စာရင်းကို အချိန်မီတင်သွင်းနိုင်ခြင်းမရှိပါက မိမိဆန္ဒ အလျောက် တာဝန်ယူလုပ်ဆောင်နိုင်မည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းသွားရမည်။

၈-(ဈ)-၂ ကော်မတီသည် ပြည်သူ့ဂုဏ်ရည်ဆုအတွက် လက်ခံရရှိသောအမည်စာရင်းတင်သွင်းလွှာတိုင်းကို ရွေးချယ်ရေး မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ ဦးစွာစစ်ဆေးရမည်။ အဆိုပြုခံရသူများ၏ အကြောင်းခြင်းရာ၊ အချက်အလက် အထောက်အထားတို့ကို ရနိုင်သမျှကြိုတင်စိစစ်၍ ဆက်လက်ရွေးချယ်နိုင်ရန် စီမံဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၃ ကော်မတီဝင်တိုင်းသည် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်တင်သွင်း ခံရသူများ၏ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ၊ ဓာတ်ပုံနှင့် မှတ်တမ်း အချက်အလက်များကို ရှာဖွေစုဆောင်းခြင်းများကိုသတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရန် တာဝန်ယူနိုင်ရမည်။ သတ်မှတ်ထားသောနေ့ရက်တွင် အများဆုံးပဏာမအယောက်၂ဝကို အမှတ်ပေးရွေးချယ်ရာ၌ ပါဝင်ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၄   ပဏာမရွေးချယ်ထားသူများထဲက နောက်ဆုံးဆန်ကာတင် သုံးဦးကို ဌာနခွဲအသီးသီးက ဆက်လက်ရွေး ချယ်နိုင်ရန်အတွက် ပဏာမရွေးချယ်ခံရသူများ၏ ဓာတ်ပုံနှင့် မှတ်တမ်း အချက်အလက်များကို ဌာနခွဲအသီးသီးသို့ သတ်မှတ်ချိန်အတွင်း ဖြန့်ဝေပေးရမည်။

၈-(ဈ)-၅ ဂုဏ်ပြုပွဲအခမ်းအနားအတွက် ဆုတံဆိပ်၊ ဂုဏ်ပြုလွှာများကို အချိန်မီပြီးစီးအောင် ပြုလုပ်နိုင်ရမည်။

၈-(ဈ)-၆ အခမ်းအနားတွင် ဖတ်ကြားတင်ပြရန်နှင့် ပြည်သူ့ဂုဏ်ရည်အသင်းတွင် မှတ်တမ်းတင်ထားနိုင်ရန် ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်တို့ ၏ လုပ်ဆောင်ချက်အကျဉ်းကို ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ မူဝါဒများဖြစ်သည့် လူမှုရေးလုပ်ငန်းများ ကိုလုပ်ဆောင်ရာတွင် ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှု၊ ကျယ်ပြန့် ထိရောက် အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှုနှင့် နိုင်ငံသားများနှင့်လူ့ဘောင်လောကအတွက် စံပြဖြစ်မှုများ ပေါ်လွင်အောင် အနှစ်သာရရှိရှိရေးသားပြုစုနိုင်ရမည်။ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားပြုစုခြင်းကို သတ်မှတ်ချိန်အတွင်း ပြီးမြောက် အောင် ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၇ ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်တို့၏ လုပ်ဆောင်ချက်အကျဉ်း မှတ်တမ်းဗွီဒီယိုကို ဆုပေးပွဲ အခမ်းအနားတွင် ပြသရန် အတွက် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၈ အခမ်းအနားတွင် ဖတ်ကြားတင်ပြမည့် ငွေစာရင်းရှင်းတမ်းကို စာရင်းစစ်အဖွဲ့နှင့်ဆက်သွယ်လျက် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

၈-(ဈ)-၉ အိမ်ရှင်မြို့အဖြစ် အဆိုပြုမည့် မြို့များနှင့် ညှိနှိုင်းဆောင်ရွက်ရနိုင်ရမည်။

၈-(စျ)-၁၀ ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီမှ ရွေးချယ်တာဝန်ပေးသူတစ်ဦးက ဂုဏ်ပြုပွဲကျင်းပမည့် အိမ်ရှင်မြို့သို့ အခမ်းအနားမတိုင်မီ အနည်းဆုံးတစ်ရက်ကြိုတင်သွားရောက်၍ အခမ်းအနားကို ဦးစီးမည့်သူနှင့်အတူ ဂုဏ်ပြုပွဲများကျင်းပရာတွင် အခက်အခဲအားနည်းချက်များမရှိစေရန် ကြိုတင်စီမံဆောင်ရွက်သွားရမည်။

၈-(ဈ)-၁၁ သက်ဆိုင်ရာအိမ်ရှင်မြို့၏ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပရေးအဖွဲ့နှင့်ပူးပေါင်းလျက် ပြည်သူ့ဂုဏ်ရည်အသင်း ၏ ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဉ်တို့မှ သွေဖည်ခြင်းမရှိသောအနှစ်သာရပြည့်ဝသည့် ဂုဏ်ပြုပွဲများကျင်းပသွား နိုင်ရန် ဆက်သွယ်၊ ညှိနှိုင်း၊ စီမံဆောင်ရွက်နိုင်ရမည်။

အခန်း ၉ – အကြံပေးအဖွဲ့ (Advisory Board)

ပြည်သူ့ဂုဏ်ရည်အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် တာဝန်ယူခဲ့ဖူးသူများ၊ ပြည်သူ့ဂုဏ်ရည်အသင်း စတင် တည်ထောင်စဉ်ကတည်းက ဝန်းရံဆောင်ရွက်ခဲ့သူများဖြင့် အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။ အကြံပေးအဖွဲ့ သည် အသင်း၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ မဲခွဲဆုံးဖြတ်ရာကိစ္စများမှအပ ကျန်ကိစ္စရပ်များတွင် ဗဟိုအလုပ် အမှုဆောင်များနည်းတူ ပါဝင်ဆောင်ရွက်နိုင်သည်။

အခန်း ၉ – ဘဏ္ဍာရေးဆိုင်ရာ မူဝါဒ (Treasury Policy)

၉-(က)  ပြည်ပရောက် မြန်မာတိုင်းရင်းသား ပြည်သူများ၏ ချွေးနှဲစာဖြင့်လှူဒါန်းထားသော ငွေကြေးများကို မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများအားဂုဏ်ပြုခြင်း၊ ကူညီထောက်ပံ့ခြင်းများပြုလုပ်ရာတွင် မရိုးမသား၊ မတော်မတရား သုံးစွဲမှုများ မရှိစေရန် တတ်အားသမျှ စွမ်းဆောင်သွားမည်။

၉-(ခ)  ပွင့်လင်းမြင်သာမှု၊ တာဝန်ခံ၊ တာဝန်ယူမှုများအပေါ်တွင်အခြေခံလျက် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဝင်ငွေ၊ ထွက်ငွေများကို စီမံခန့်ခွဲသွားမည်။

၉-(ဂ)  ပြည်သူ့ဂုဏ်ရည်အသင်း ရေရှည်တည်တံ့အောင်မြင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ ရိုးသား၊ ဖြောင့်မတ်၊ ရှင်းလင်း၊ တိကျစေရန် ပြည်သူ့ဂုဏ်ရည်အသင်းနှင့်သက်ဆိုင်သူတိုင်းတွင် တာဝန်ရှိသည်။

အခန်း ၁၀ – ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ (Treasury Regulations)

၁၀-(က)   ရန်ပုံငွေရှာဖွေခြင်း

၁၀-(က)-၁  ရန်ပုံငွေရှာဖွေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ရာတွင် ပြည်သူ့ဂုဏ်ရည်အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်၊ လမ်းစဉ်၊ ဆောင်ပုဒ်တို့ကို ထိခိုက်သွေဖည်ခြင်းမရှိစေရန် အထူးဂရုစိုက် ဆောင်ရွက်ကြရမည်။

၁၀-(က)-၂  ပြည်သူ့ဂုဏ်ရည်အသင်း၏လုပ်ငန်းများကို ဝိုင်းဝန်းထောက်ပံ့ကူညီသူများထံမှ လှူဒါန်းငွေများ လက်ခံ ရယူနိုင်သည်။

၁၀-(က)-၃  ပြည်သူ့ဂုဏ်ရည်အသင်း(ဌာနခွဲ)များအနေဖြင့် အစားအစာများ သို့မဟုတ် အသင်းနှင့်သက်ဆိုင်သော ပစ္စည်းပစ္စယများကို အခါအားလျော်စွာ ရောင်းချခြင်းဖြင့်သော်လည်းကောင်း၊ တေးဂီတဖျော်ဖြေပွဲများ ပြုလုပ်ခြင်းဖြင့် သော်လည်းကောင်း၊ အခြား သင့်တော်သည့်နည်းလမ်းများဖြင့်သော်လည်းကောင်း ရန်ပုံငွေရှာဖွေနိုင်သည်။

၁၀-(က)-၄  ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲများအနေနှင့် ရန်ပုံငွေရှာဖွေပွဲများကျင်းပပြုလုပ်ရာတွင် “ပြန်ကြားရေးနှင့် မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ” တာဝန်ခံကို ရက်သတ္တတစ်ပတ် ကြိုတင်၍ အီးမေးလ်ဖြင့် အကြောင်းကြား ထားရ မည်။

၁၀-(က)-၅  ရန်ပုံငွေရှာဖွေပွဲများပြုလုပ်ရာတွင် ကုန်ကျစရိတ်များနုတ်ပြီးနောက် အသားတင်ရရှိသော ရန်ပုံငွေ စုစုပေါင်းကို ထုတ်ပြန်ကြေညာသွားရမည်။

၁၀-(က)-၆  ရန်ပုံငွေရှာဖွေပွဲကျင်းပပြီး ရက်သတ္တနှစ်ပတ် (၁၄ ရက်) အတွင်း ငွေစာရင်းရှင်းတမ်းအသေးစိတ်ကို “စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ”သို့ ပြုစုတင်ပြရမည်။ အများပြည်သူ သိရှိစေရန် အတွက်လည်း ငွေစာရင်းရှင်းတမ်းကို တဆက်တည်း ထုတ်ပြန်ပေးရမည်။

၁၀-(ခ)   ရန်ပုံငွေများကို စီမံခန့်ခွဲခြင်း

၁၀-(ခ)-၁  ပြည်သူ့ဂုဏ်ရည်အသင်းသို့ အသင်းဝက်ဘ်ဆိုဒ်မှတဆင့်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ လှူဒါန်းငွေများကို “ပြည်သူ့ဂုဏ်ရည်အသင်း၏ ပင်မရန်ပုံငွေစာရင်း” သို့ထည့်သွင်းရမည်။

၁၀-(ခ)-၂  ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ကျယ်ပြန့်အောင်မြင်စေရန်ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာဌာနခွဲမှ ရှာဖွေရရှိသော ရန်ပုံငွေ၏ (တစ်ကြိမ်လျှင်) ၃၅% အထိကို ဌာနခွဲရန်ပုံငွေအဖြစ် စုဆောင်းတည်ထောင်နိုင်သည်။ အဆိုပါ ဌာနခွဲရန်ပုံငွေကို ပြည်သူ့ဂုဏ်ရည် ပင်မငွေစာရင်းအောက်ရှိ  ဌာနခွဲငွေစာရင်း(Chapter’s Bank Account) တွင် စနစ်တကျ ထိန်းသိမ်းထားရမည်။

၁၀-(ခ)-၃  ရှာဖွေရရှိသောရန်ပုံငွေ၏ ၆၅% ကို အသင်း၏ ပင်မရန်ပုံငွေစာရင်းသို့ ထည့်သွင်းရမည်။ သို့မဟုတ်

၆၅% ထက်ပို၍ဖြစ်စေ၊ ၁၀၀% ပြည့်ဖြစ်စေ “အသင်း၏ ပင်မရန်ပုံငွေစာရင်း” သို့ ပေးအပ်ထည့်ဝင်လိုပါကလည်း ထည့်ဝင်နိုင်သည်။

၁၀-(ခ)-၄  ပြည်တွင်း ပြည်ပ တသီးပုဂ္ဂလနှင့် အဖွဲ့အစည်းများအား ဌာနခွဲများက တိုက်ရိုက်လှူဒါန်း ကူညီထောက်ပံ့ ခြင်းမပြုရ။ ပြည်သူ့ဂုဏ်ရည်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်သူ့ ဂုဏ်ရည်၏မူဝါဒ ရပ်တည်ချက်ဖြစ်သည့် မြန်မာပြည်လူမှုရေးလုပ်ငန်းများအား ကူညီထောက်ပံ့ခြင်းများကို ပြုလုပ်သွားနိုင်သည်။

၁၀-(ခ)-၅  ဌာနခွဲရန်ပုံငွေများကိုသုံးစွဲရာ၌ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများကျယ်ပြန့်အောင်မြင်စေရန်ရည်ရွယ်ပြီး သက်ဆိုင်ရာ ဌာနခွဲ၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့်သာ သုံးစွဲသွားရမည်။

၁၀-(ခ)-၆  အရေးပေါ်ရန်ပုံငွေလိုအပ်မှုအတွက် ကျင်းပကောက်ခံသော ရန်ပုံငွေပွဲများကဖြစ်စေ၊ လှူဒါန်းငွေများက ဖြစ်စေ ရရှိငွေများကို “အရေးအပေါ်အခြေအနေ ရန်ပုံငွေစာရင်း”သို့ ထည့်သွင်းရမည်။

၁၀-(ခ)-၇  အရေးပေါ်ရန်ပုံငွေ လိုအပ်မှုအတွက် ဌာနခွဲအသီးသီးကရှာဖွေရရှိသော ရန်ပုံငွေစာရင်းကို  ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေ ရှာဖွေရေးဗဟိုလုပ်ငန်းကော်မတီက အတည်ပြု၍ ပြန်ကြားရေးနှင့်မှတ်တမ်းဗဟိုလုပ်ငန်းကော်မတီက ထုတ်ပြန်ကြေညာပေးရမည်။

၁၀-(ခ)-၈  အရေးပေါ်အသုံးလိုအပ်ချက်များ ပေါ်ပေါက်လာပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များထံသို့ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ဆက်သွယ်ပြီး ၇၀% အထက် သဘောတူညီမှုရမှသာ သုံးစွဲရမည်။

၁၀-(ခ)-၉  ရန်ပုံငွေပွဲအတွက်ကုန်ကျစရိတ်များရှိပါက ထုတ်နုတ်ပြီးမှ ကျန်ငွေကို “ရန်ပုံငွေ စာရင်း”သို့ ထည့်သွင်းနိုင် သည်။

၁၀-(ဂ)   ဗဟိုရန်ပုံငွေမှ ငွေချေးယူခြင်း

၁၀-(ဂ)-၁  ဌာနခွဲ အသီးသီးမှ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် ငွေကြေးအကူအညီ လိုအပ်လာပါက မိမိတို့ လုပ်ဆောင်မည့် အစီအစဉ်များကို “ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးဗဟိုလုပ်ငန်း ကော်မတီ”သို့  အသေးစိတ်တင်ပြပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် လက်ကျန် ဗဟိုဘဏ္ဍာငွေမှ ခေတ္တခဏ ချေးယူနိုင်သည်။ ငွေချေးယူသည့် ပမာဏသည် တစ်နှစ်တာကာလ (နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့) အတွင်း  ဌာနခွဲတစ်ခုအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ (နှစ်ထောင်) ထက်မပိုသော ပမာဏ ဖြစ်ရမည်။

၁၀-(ဂ)-၂  ပြန်လည်ပေးဆပ်ရမည့်ကာလ အပိုင်းအခြားမှာ နှစ်စဉ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲမကျင်းပမီ ရက်သတ္တ နှစ်ပတ် (၁၄ ရက်) အလို သို့မဟုတ် ချေးယူသည့်ရက်မှ ရက်ပေါင်း ၁၈၀ အတွင်း စသည့် နည်းလမ်းနှစ်ခု အနက်မှ အနီးကပ်ဆုံးကာလတွင် ပြန်လည်ပေးဆပ်ရမည်။

၁၀-(ဃ)   ဘဏ်စာရင်းဖွင့်လှစ်ခြင်း

၁၀-(ဃ)-၁  ပြည်သူ့ဂုဏ်ရည်အသင်း ပင်မငွေစာရင်း (Main Bank Account) တစ်ခုတည်းသာ ထားရှိရမည်။

၁၀-(ဃ)-၂  အဆိုပါ ပင်မငွေစာရင်း(Main Bank Account) အောက်မှသာ ဌာနခွဲငွေစာရင်းများ ဖွင့်ရမည်။

(ခြွင်းချက်။      ။ အမေရိကန်ပြည်ထောင်စုပြင်ပရှိ ဌာနခွဲများအနေနှင့် သီးခြားငွေစာရင်းဖွင့်လှစ်နိုင်သည်။)

၁၀-(င)   ငွေသွင်းငွေထုတ်ခြင်း

၁၀-(င)-၁  ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘဏ္ဍာငွေကို “ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေးဗဟိုလုပ်ငန်းကော်မတီ”မှ တာဝန်ယူ ထိန်းသိမ်းပေးရမည်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအတွက် တာဝန်ပေး အပ်ထားသူ ငွေထိန်း (ဘဏ္ဍာရေးမှူး)သည် ငွေသွင်းငွေထုတ်ကိစ္စရပ်များအတွက် တာဝန်ခံဖြစ်သည်။

၁၀-(င)-၂  ပြည်သူ့ဂုဏ်ရည်အသင်း အသုံးစရိတ်အတွက် ပင်မဘဏ်ငွေစာရင်းမှ ငွေထုတ်ယူရာတွင်အမေရိကန်  ဒေါ်လာတစ်ထောင် ($1000.00)နှင့် အထက်ကို ဘဏ္ဍာရေးမှူးနှင့် ဗဟိုကော်မတီဝင်တစ်ဦးပါဝင်မှ ထုတ်ယူခွင့်ရှိသည်။

၁၀-(စ)   အလှူခံဖြတ်ပိုင်းများ

၁၀-(စ)-၁  ပြည်သူ့ဂုဏ်ရည်အသင်း၏ အလှူငွေလက်ခံဖြတ်ပိုင်းစာအုပ်များကို “ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး ဗဟိုလုပ်ငန်း ကော်မတီ”မှ တာဝန်ယူလျက် ပုံနှိပ်ခြင်း၊ ဌာနခွဲအသီးသီးသို့ ဖြန့်ဝေခြင်းများ ပြုလုပ်ရမည်။ ပုဂ္ဂလိက ရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း မပြုရ။

၁၀-(စ)-၂ အလှူငွေလက်ခံဖြတ်ပိုင်းစာအုပ်များ ရိုက်နှိပ်ပြီးစီးပါက ဖြတ်ပိုင်းအမှတ်စဉ်များနှင့် ဖြတ်ပိုင်းစာအုပ် အရေအတွက် အတိအကျကို နေ့စွဲနှင့်တကွ မှတ်တမ်းတင်ရမည်။ ဌာနခွဲအသီးသီးသို့ ဖြန့်ဝေသည့် ဖြတ်ပိုင်းစာအုပ် အမှတ်စဉ်များနှင့် လက်ဝယ်ကျန်ရှိသော ဖြတ်ပိုင်းစာအုပ်များ အတိအကျကို နေ့စွဲနှင့်တကွ မှတ်တမ်းတင်ရမည်။ အနီးကပ်ဆုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးသို့ မှတ်တမ်းကို တင်သွင်းရမည်။

၁၀-(စ)-၃  ပြည်သူ့ဂုဏ်ရည်အသင်း၏ အလှူငွေလက်ခံဖြတ်ပိုင်းစာအုပ်များကို “စာရင်းစစ်၊ မှတ်တမ်းတင်နှင့် စည်းကမ်း ထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ”မှ တာဝန်ယူလျက် ဌာနခွဲအသီးသီးတို့တွင် အသုံးပြုပြီး ဖြတ်ပိုင်းများ ပြန်လည်တောင်းခံခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်းများပြုလုပ်ရမည်။

၁၀-(စ)-၄  ပြည်သူ့ဂုဏ်ရည်အသင်း၏ လက်ရှိအသုံးပြုနေသော အလှူငွေလက်ခံဖြတ်ပိုင်းစာရွက်ပုံစံနှင့် ဖြတ်ပိုင်း နံပါတ်စဉ်များ၏ သတင်းအချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ (www.citizenofburmaaward.org) ဝက်ဘ်ဆိုဒ်ပေါ်တွင် ထုတ်ပြန်ကြေညာသွားမည်။

၁၀-(ဆ)   စစ်ဆေးခြင်းနှင့် ထုတ်ပြန်ကြေညာခြင်း

၁၀-(ဆ)-၁  ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတိကျမှန်ကန်မှုအတွက် ပြည်သူ့ဂုဏ်ရည်အသင်း၏ “စာရင်းစစ်နှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ” သည် မည်သည့်သြဇာလွှမ်းမိုးမှုမှ မရှိစေရဘဲ လွတ်လပ်စွာ စစ်ဆေး ပိုင်ခွင့်ရှိရမည်။ သက်ဆိုင်ရာဌာနခွဲ အသီးသီးမှ ဘဏ္ဍာရေးကော်မတီကလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြ ရမည်။

၁၀-(ဆ)-၂  ရန်ပုံငွေနှင့် အသုံးစရိတ်ရှင်းတမ်းကို နှစ်စဉ် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားများတွင် ထုတ်ပြန် ကြေညာသွားမည်။

၁၀-(ဆ)-၃  ပြည်သူ့ဂုဏ်ရည်အသင်း၏ ငွေစာရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလိုပါက “စာရင်းစစ်နှင့် စည်းကမ်း ထိန်းသိမ်းရေး ဗဟိုလုပ်ငန်းကော်မတီ” သို့ တင်ပြပြီး၊ အောက်ပါအချက်အလက်များနှင့် ပြည့်စုံပါက စစ်ဆေးနိုင်သည်။

၁၀-(ဆ)-၃/၁  မည်သူမဆို သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများမှတဆင့် တင်ပြတောင်းဆိုနိုင်သည်။

၁၀-(ဆ)-၃/၂  စစ်ဆေးမှုပြုရန်  ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များအပေါ် ကျိုးကြောင်းခိုင်လုံသော အထောက်အထားများ တင်ပြနိုင်ရမည်။

၁၀-(ဆ)-၃-၃  စုံစမ်းစစ်ဆေးမှုပြုရန် ကုန်ကျစရိတ်များကို စုံစမ်းစစ်ဆေးလိုသူက ကျခံနိုင်ရမည်။

၁၀-(ဇ)  အထွေထွေအသုံးစရိတ်များနှင့် ဂုဏ်ပြုပွဲများကျင်းပရေးကုန်ကျစရိတ်

၁၀-(ဇ)-၁  ပြည်သူ့ဂုဏ်ရည် လုပ်ငန်းဆောင်တာများ လည်ပတ်ရာတွင် သုံးစွဲရန်နှင့် ဂုဏ်ပြုပွဲများကျင်းပရာတွင် အသုံးပြုရန်အတွက်  ပြည်သူ့ဂုဏ်ရည် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် နှစ်စဉ်ဒေါ်လာ တစ်ရာ (၁၀၀) ထည့်ဝင်သွားရန်တာဝန်ရှိသည်။ ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့များ၊ ဌာနခွဲလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ အပါအဝင် အခြားမည်သူမဆို ဗဟိုလုပ်ငန်းကော်မတီဝင်များနည်းတူ ထည့်ဝင်လိုကထည့်ဝင်နိုင်သည်။

အဆိုပါထည့်ဝင်ငွေများသည် ပြည်သူ့ဂုဏ်ရည်၏ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ (Operations Costs) အတွက် သက်သက်သာဖြစ်ပြီး အများလှူဒါန်းသော ဗဟိုဘဏ္ဍာငွေနှင့် သက်ဆိုင်ခြင်းမရှိစေရ။ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲနှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်သည် အဆိုပါထည့်ဝင်ငွေများထက် ကျော်လွန်နေမှသာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ဗဟိုဘဏ္ဍာငွေမှ သုံးစွဲသွားရန်ဖြစ်သည်။

၁၀-(ဇ)-၂  ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲများကျင်းပခြင်းအတွက် ဗဟိုရန်ပုံငွေမှထောက်ပံ့ငွေကို အခမ်းအနားကျင်းပရန် နေရာငှားရမ်းခြင်း၊ အခမ်းအနားပြင်ဆင်ခြင်း၊ လိုအပ်သော ရုပ်သံဆိုင်ရာ စက်ပစ္စည်းများ ငှားရမ်းခြင်းနှင့် အခမ်းအနား တွင် ဧည့်ခံကျွေးမွေးသည့်စရိတ်များအတွက်သာ သုံးစွဲသွားရန်ဖြစ်ပြီး၊ အခမ်းအနားတွင် တင်ဆက်သောဖျော်ဖြေမှု၊ ရပ်ဝေးရပ်နီး ဧည့်သည်များအား ဧည့်ခံစရိတ်များ၊ သယ်ယူပို့ဆောင်ရေး စရိတ်များ စသည်တို့ကို သက်ဆိုင်ရာအိမ်ရှင်မြို့က တာဝန်ယူရမည်။

အခန်း ၁၁ –  အစည်းအဝေးများခေါ်ယူခြင်း

၁၁ -(က) အစည်းအဝေးအမျိုးအစားများ

၁၁ -(က)-၁  ပုံမှန်အစည်းအဝေး

အသင်း၏ လုပ်ငန်းဆောင်တာများအတွက် လစဉ် (သို့မဟုတ်) လခြား၊ ပုံမှန်ခေါ်ယူသော အစည်းအဝေးများ။

၁၁ -(က)-၂  အထူးအစည်းအဝေး

အချိန်ပေး ဆွေးနွေး၊ ဆုံးဖြတ်ရန်ကိစ္စတခုအတွက် ရည်ရွယ်သော အစည်းအဝေးများ။

၁၁ -(က)-၃  အရေးပေါ်အစည်းအဝေး

အရေးပေါ်ကိစ္စရပ်များအတွက် ခေါ်ယူသော အစည်းအဝေးများ။

၁၁ -(ခ) အစည်းအဝေးများဖိတ်ကြားခြင်း

၁၁ -(ခ)-၁ ဥက္ကဋ္ဌ (သို့မဟုတ်) ဥက္ကဋ္ဌက တာဝန်ပေးထားသူမှ အစည်းအဝေးများကို ခေါ်ယူကျင်းပနိုင်သည်။ (သို့မဟုတ်) လိုအပ်ချက်အရ ပေါ်ပေါက်လာသော ဆွေးနွေးရန်ကိစ္စရပ်များအတွက် အထူးအစည်းအဝေးများကို တစ်ပတ်အတွင်း ခေါ်ယူကျင်းပရန် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး တစ်ဦးဦးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဦးမှ တင်ပြတောင်းဆိုနိုင်သည်။

၁၁ -(ခ)-၂  ပုံမှန်အစည်းအဝေးများကို အနည်းဆုံး သုံးရက် (၇၂ နာရီ) ကြိုတင်ဖိတ်ကြားရမည်။

၁၁ -(ခ)-၃  အထူးအစည်းအဝေးများကို အနည်းဆုံး နှစ်ရက် (၄၈ နာရီ) ကြိုတင်ဖိတ်ကြားရမည်။ အထူးအစည်းအဝေးများကို ဖိတ်ကြားရာတွင် (၁) Email (၂) Facebook Messenger တို့နှင့်အတူ (၃) တယ်လီဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခြင်း (သို့မဟုတ်) Text Messages များပေးပို့ခြင်း စသည့် ဆက်သွယ်နိုင်သည့် နည်းလမ်းပေါင်းစုံ အသုံးပြု ဖိတ်ကြားရမည်။

၁၁ -(ခ)-၄  အရေးပေါ်အစည်းအဝေးများကို အနည်းဆုံး တရက် (၂၄ နာရီ) ကြိုတင်ဖိတ်ကြားရမည်။ အရေးပေါ် အစည်းအဝေးများကို ဆက်သွယ်နိုင်သည့် နည်းလမ်းပေါင်းစုံ အသုံးပြုဖိတ်ကြားရမည်။

၁၁ -(ခ)-၅  အခြေအနေအကြောင်းကြောင်းကြောင့် သတ်မှတ်ချိန်ထက်နောက်ကျပြီး ဖိတ်ကြားခဲ့သော် အစည်းအဝေး သို့တက်ရောက်ခွင့်ရှိသူများ၏ ၇၀% ကျော်တက်ရောက်နိုင်မှသာ အစည်းအဝေးများ အထမြောက်သည်။

အခန်း – ၁၂   ပြည်သူ့ဂုဏ်ရည်အသင်း၏ ဝက်ဘ်ဆိုဒ် နှင့် ဖေ့စ်ဘုခ်

၁၂-(က)  အသင်း၏ဝက်ဘ်ဆိုဒ် (website) သည် www.citizenofburmaaward.org ဖြစ်သည်။

၁၂-(ခ) အသင်း၏ဖေ့စ်ဘုခ် (facebook) အမည်မှာ Citizen of Burma Award ဖြစ်သည်။

၁၂-(ဂ)  ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲအသီးသီး (Chapters) များက လူမှုကွန်ယက်တွင် အများပြည်သူသို့ တင်ပြလိုသော အကြောင်း အရာများကို အသင်း၏ ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ တာဝန်ခံနှင့်ဆက်သွယ်ညှိနှိုင်းပြီး စည်းမျဉ်း မူဝါဒနှင့်ကိုက်ညီလျှင် အသင်း၏ဝက်ဘ်ဆိုဒ် နှင့် ဖေ့စ်ဘုခ် တွင် တင်ပြနိုင်သည်။

၁၂-(ဃ) အသင်း၏ဝက်ဘ်ဆိုဒ်နှင့် ဆင်တူယိုးမှားဝက်ဘ်ဆိုဒ်ခွဲများ၊ ပြည်သူ့ဂုဏ်ရည်ဘလော့ဂ်များ ပြုလုပ်ခြင်းကို တားမြစ်သည်။

အခန်း ၁၃ – အရေးပေါ်အခြေအနေ သတ်မှတ်ပြဋ္ဌာန်းခြင်း

၁၃- (က)  မြန်မာနိုင်ငံအတွင်းနေရာဒေသတခုခုတွင် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းအပါအဝင် အကြောင်း အမျိုးမျိုးကြောင့် လူမှုရေးအခက်အခဲ၊ အကျပ်အတည်းများနှင့် ရုတ်တရက်ကြုံတွေ့ပါက အခြေအနေအပေါ်မူတည်၍ ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌက အရေးအပေါ်အခြေအနေကျရောက်ကြောင်း သတ်မှတ်ပြဋ္ဌာန်းနိုင်သည်။

၁၃- (ခ)  အရေးအပေါ်အခြေအနေကျရောက်ကြောင်း သတ်မှတ်ထားသည့်ကာလအတွင်းတွင် ပြည်သူ့ဂုဏ်ရည် အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဗဟိုလုပ်ငန်းကော်မတီအသီးသီးသည် အရေးအပေါ်အခြေအနေ ကျရောက်ရာဒေသကို ဝိုင်းဝန်းကူညီသည့် လုပ်ငန်းများအား ပထမဦးစားပေးအဖြစ် လုပ်ကိုင်ဆောင်ရွက်ကြရမည်။

၁၃- (ဂ)  အရေးအပေါ်အခြေအနေကျရောက်ကြောင်း သတ်မှတ်ထားသည့်ကာလအတွင်းတွင် ပြည်သူ့ဂုဏ်ရည် အသင်း ဌာနခွဲအသီးသီးအနေဖြင့် အရေးအပေါ်အခြေအနေကျရောက်ရာဒေသကို ဝိုင်းဝန်းကူညီနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေခြင်းအပါအဝင် နည်းလမ်းများရှာဖွေကြရမည်။

၁၃- (ဃ)  ပြည်သူ့ဂုဏ်ရည်အသင်းရန်ပုံငွေမှ သင့်တော်သည့်ပမာဏကို အရေးအပေါ်အခြေအနေရန်ပုံငွေအဖြစ် တစ်နှစ်တာ ခန့်မှန်းခြေရသုံးငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားရမည်။

အခန်း ၁၄ – ပြည်သူ့ဂုဏ်ရည်အသင်း၏စည်းမျဉ်းများကိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ဖျက်သိမ်းခြင်း

၁၄-(က)  ပြည်သူ့ဂုဏ်ရည်အသင်း၏ ပန်းတိုင်၊ ရည်ရွယ်ချက်နှင့် လမ်းစဉ် တို့ကို မည်သည့်အကြောင်းနှင့်မျှ ပြင်ဆင်ရေးဆွဲခြင်း မရှိစေရ။

၁၄-(ခ)  ပြည်သူ့ဂုဏ်ရည်အသင်း၏ အခြေခံမူပါ ပန်းတိုင်၊ရည်ရွယ်ချက်နှင့်လမ်းစဉ်တို့မှလွဲ၍ အခြားစည်းမျဉ်းများကို လိုအပ်ချက်အရ ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းလိုပါက “ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အထူးအစည်းအဝေး” အဖြစ် သတ်မှတ်၍ ဗဟိုအလုပ်အမှုဆောင်များအားလုံးကို အနည်းဆုံး နှစ်ရက် (၄၈နာရီ) ကြိုတင်ဖိတ်ကြားရမည်။ အစည်းအဝေးတက်ရောက်သူ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ၇၀% ကျော် ထောက်ခံမှု ဖြင့် ပြင်ဆင်၊ ဖြည့်စွက်၊ ဖျက်သိမ်းနိုင်သည်။

အခန်း ၁၅ – ပြည်သူ့ဂုဏ်ရည်အသင်းကို ဖျက်သိမ်းခြင်း

၁၅-(က) ပြည်သူ့ဂုဏ်ရည်အသင်း၏ ရပ်တည်မှုသည် မိခင်မြန်မာနိုင်ငံမှ ပြည်သူလူထုအများစုကြီးအတွက် အကျိုးရှိရာရှိကြောင်းကို ထိရောက်စွာမဆောင်ရွက်နိုင်တော့ဟု ဗဟိုအလုပ်အမှုဆောင်များက ခိုင်လုံစွာယူဆ လာလျှင်ဖြစ်စေ၊ နှစ်စဉ်ဂုဏ်ပြုနေသောပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို မစွမ်းဆောင်နိုင်တော့လျှင်ဖြစ်စေ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၇၀) ရာခိုင်နှုန်းကျော်၏ နှုတ်အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ အသင်းကိုဖျက်သိမ်းပစ်ရန်သဘောတူညီချက်ကို ဆက်သွယ်ရယူပြီး အသင်း၏တာဝန်ခံများက ပြည်သူ့ဂုဏ်ရည်အသင်းကို ဖျက်သိမ်းနိုင်သည်။

၁၅-(ခ) အသင်း၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူး တို့က ပြည်သူ့ဂုဏ်ရည်အသင်းကို တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံများ၏ တည်ဆဲဥပဒေများနှင့် အညီ၊ စနစ်တကျ ဖျက်သိမ်းနိုင်ရန်နှင့် အခွန်ဆိုင်ရာကိစ္စများ ရှင်းလင်းပြီးဆုံးသည်အထိ လိုအပ်သည်များကို ကူညီ ဆောင်ရွက် သွားရမည်။

၁၅-(ဂ) ပြည်သူ့ဂုဏ်ရည်အသင်း၏ နောက်ဆုံးငွေစာရင်းရှင်းတမ်းနှင့်အတူ အသင်းကို ဖျက်သိမ်းကြောင်း ပြည်သူ့ဂုဏ်ရည်အသင်း ပြန်ကြားရေးနှင့်မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီမှ တရားဝင်ကြေငြာချက်ထုတ်ပြန်သွားရ မည်။

၁၅-(ဃ) ပြည်သူ့ဂုဏ်ရည်အသင်းကို ဖျက်သိမ်းရန်ပြင်ဆင်နေသည့်ကာလအတွင်း အသင်း၏ မှတ်တမ်းမှတ်ရာများကို အသင်း၏ ဝက်ဘ်ဆိုဒ် (www.citizenofburmaaward.org) တွင် မှတ်တမ်းတင်ထားရှိသွားမည်ဖြစ်ပြီး အသင်းကို ချစ်ခင် မြတ်နိုးသူများက ဝက်ဘ်ဆိုဒ်ဆိုင်ရာ စရိတ်စကများကို စေတနာ့ဝန်ထမ်း တာဝန်ယူ၍ စိတ်ဝင်စားကြသည့် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန်အလို့ငှာ မမှန်းဆနိုင်သော အချိန် ကာလအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက် စာမျက်နှာကို ဆက်လက် ထိမ်းသိမ်းသွားမည်။

အပိုင်း (၂) – ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ပုံ
(Citizen of Burma Award Process)

ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ပုံ

၁) ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းလွှာများကို လက်ခံခြင်း

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းလွှာကို သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြည်သူ့ ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာမှတဆင့် မည်သူမဆို အကန့်အသတ်မရှိ အမည်စာရင်းတင်သွင်းနိုင်ပါ သည်။

၂) အမည်စာရင်းတင်သွင်းလွှာများကို စိစစ်ခြင်း

လက်ခံရရှိသော အမည်စာရင်းတင်သွင်းလွှာများကို ပြည်သူ့ဂုဏ်ရည်အသင်း ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်း ကော်မတီက ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေး မူဝါဒများနှင့်ကိုက်ညီမှုရှိ မရှိ၊ ဦးစွာစိစစ်ပါမည်။

ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေး မူဝါဒများနှင့် ကိုက်ညီသော အမည်စာရင်းများကို ပဏာမရွေးချယ်သည့် အဆင့် သို့ ဆက်လက်တင်ပြသွားမည်။

၃) ပဏာမ ရွေးချယ်ခြင်း

အမည်စာရင်းတင်သွင်းလွှာ ပိတ်ချိန်မှ စတင်ရေတွက်လျှင် ၇၂နာရီအတွင်း ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်း ကော်မတီဝင်များက ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများဖြစ်သော ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှု၊ ကျယ်ပြန့်မှု (သို့မဟုတ်) ထိရောက်မှု (သို့မဟုတ်) အောင်မြင်အောင်ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှုတို့အပေါ်တွင် အခြေခံကာ ပဏာမအဆင့် ရွေးချယ်သွားမည်။

ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးမူဝါဒများနှင့် ကိုက်ညီသော အမည်စာရင်းတင်သွင်းမှုကို အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် မခွဲခြားဘဲ လက်ခံသွားမည်ဖြစ်သော်လည်း အမည်စာရင်းတင်သွင်းခံရသော အသင်းအဖွဲ့နှင့် အဆိုပါအသင်းအဖွဲ့ အတွင်း ပါဝင်လှုပ်ရှားဆောင်ရွက်နေသော လူပုဂ္ဂိုလ် တို့ တပြိုင်နက်တည်း အမည်စာရင်းတင်သွင်းခံရသည့် ကိစ္စရပ်များဖြစ်ပေါ်လာပါက ဌာနခွဲများ၏ ဆန္ဒမဲအများဆုံးရသည့် တစ်ဦး/တစ်ဖွဲ့ ကိုသာ ဆုံးဖြတ် ရွေးချယ်သွားမည်။

(ဥပမာ – ရွှေလူမှုရေးအသင်း၊ ရွှေလူမှုရေးအသင်းဥက္ကဋ္ဌ ဒေါ်ကကြီး၊ ရွှေလူမှုရေးအသင်း အတွင်းရေးမှူး ဦးခခွေး စသဖြင့် ရွှေလူမှုရေးအသင်းနှင့် သက်ဆိုင်သည့်အမည်စာရင်းတင်သွင်းလွှာသုံးခု လက်ခံရရှိခဲ့လျှင် ……

(၁) ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒများနှင့်ကိုက်ညီသည့် အမည်စာရင်းတင်သွင်းမှုများဖြစ်ပါက တင်သွင်းသည့် အမည်စာရင်း အားလုံးကို လက်ခံသွားမည်။

(၂) ပဏာမအဆင့်အတွက် အမှတ်ပေးရွေးချယ်ရာတွင် ရွှေလူမှုရေးအသင်း၏ ရမဲ ၆မဲ၊ ရွှေလူမှုရေးအသင်း ဥက္ကဋ္ဌ ဒေါ်ကကြီး၏ ရမဲ ၉မဲ၊ ရွှေလူမှုရေးအသင်း အတွင်းရေးမှူး ဦးခခွေး၏ ရမဲ ၅မဲ ဖြစ်နေခဲ့သည် ဆိုပါက မဲအများဆုံး ရသော ရွှေလူမှုရေးအသင်းဥက္ကဋ္ဌ ဒေါ်ကကြီး တစ်ဦးတည်းကိုသာ ပဏာမစာရင်း အတွက် ရွေးချယ်သွားမည်။

(၃) အကယ်၍ မဲပေးရွေးချယ်ရာတွင် ရမဲတူ ဖြစ်နေလျှင် အသင်းအဖွဲ့ကို ဦးစားပေး ရွေးချယ်သွားမည်။ 

(ဥပမာ – ရွှေလူမှုရေးအသင်း ရမဲ ၁ဝမဲ၊ ရွှေလူမှုရေးအသင်း ဥက္ကဋ္ဌဒေါ်ကကြီး ရမဲ ၁ဝမဲ တိုက်ဆိုင်တူညီ နေပါက အသင်းအဖွဲ့ကို ဦးစားပေးမည့်မူအရ ရွှေလူမှုရေးအသင်းကိုသာ ပဏာမစာရင်းအတွက် ရွေးချယ်မည်။)

ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ရွေးချယ်ပေးလိုက်သော ပဏာမစာရင်းဝင်များ၏ လုပ်ဆောင်ချက်များအကျဉ်းကို ၇၂နာရီအတွင်း အပြီးသတ်ပြုစုပြီး နောက်ဆုံးဆန်ခါတင် သုံးဦး/ဖွဲ့ ရွေးချယ်ရာတွင် ကိုးကားရမည့် လမ်းညွှန်လက်စွဲစာတမ်းအဖြစ် ပြည်သူ့ဂုဏ်ရည်မိသားစုဝင် ဌာနခွဲအသီးသီး သို့ အမြန်ဆုံးပေးပို့ သွားမည်။ အသင်း၏အင်တာနက်စာမျက်နှာနှင့် အသင်း၏တရားဝင်အသုံးပြုနေသော ဖေ့ဘုတ်ခ်တွင်လည်း ထုတ်ပြန် သွားမည်။ 

၄) နောက်ဆုံးဆန်ခါတင် သုံးဦး/ဖွဲ့ ရွေးချယ်ခြင်း

ပဏာမ၂ဝဦးရွေးချယ်အပြီး ဆယ်ရက်အတွင်း၊ နောက်ဆုံးဆန်ခါတင်များနှင့် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်သွား မည်။

နောက်ဆုံးဆန်ခါတင်များနှင့် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်ရာ၌ ပြည်သူ့ဂုဏ်ရည်အစီအစဉ်တွင် ဝိုင်းဝန်းပါဝင် ဆောင်ရွက်နေကြသော မိသားစုဝင် ဌာနခွဲအားလုံး ပါဝင်သည့်အစည်းအဝေး ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မိသားစုဝင်ဌာနခွဲများ က မိမိတို့ ဌာနခွဲ၏ တိုင်းရင်းသားမိသားစုများ၊ အသင်းအဖွဲ့များမှ ရွေးချယ် ဆန္ဒပြုပေး ထားသော နောက်ဆုံးဆန်ခါတင် များကို အသီးသီးဆန္ဒပြုသွားကြမည်ဖြစ်သည်။

အများဆုံးဆန္ဒပြုခံရသည့် သုံးဦး/ဖွဲ့ကို နောက်ဆုံးဆန်ခါတင်များအဖြစ် ဆုံးဖြတ်သတ်မှတ်မည်။

နောက်ဆုံးဆန်ခါတင်များကို ရွေးချယ်ရာတွင် ဆန္ဒမဲများ တိုက်ဆိုင်တူညီနေမှုကြောင့် အပြီးသတ်ရွေးချယ်ရန် ထပ်မံ လိုအပ်လာပါက ဌာနခွဲတခုချင်းစီမှ ကိုယ်စားလှယ်များ၏ ဆန္ဒမဲများဖြင့် အဖြေပေါ်သည်အထိ ဆုံးဖြတ်ရွေးချယ်သွား မည်။

နောက်ဆုံးဆန်ခါတင်များနှင့် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ တယ်လီဖုန်းအစည်းအဝေးသို့ မတက်ရောက် နိုင်သည့် ဌာနခွဲများသည် ထပ်မံမဲခွဲရန်လိုအပ်လာသော အခြေအနေတိုင်းအတွက် ဆန္ဒမဲပေးပိုင်ခွင့်ကို စွန့်လွှတ်ပြီး ဖြစ်သည်ဟု ဂုဏ်ပြုပွဲများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက သတ်မှတ်ယူဆသည်။

၅) ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်ခြင်း

နောက်ဆုံးဆန်ခါတင်များကို ရွေးချယ်ပြီးစီးပါက ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို တဆက်တည်း ရွေးချယ်သွားမည်။ ရွေးချယ်ရေးဆိုင်ရာ တယ်လီဖုန်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနခွဲကိုယ်စားလှယ်များက နောက်ဆုံး ဆန်ခါတင်များစာရင်းမှ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဌာနခွဲတစ်ခုလျှင် တစ်မဲကျစီဖြင့် ဆန္ဒပြု မဲပေးသွားရမည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် သတ်မှတ်နိုင်ရန် အစည်းအဝေးတက်ရောက်လာသော ဆန္ဒမဲပေးရမည့်ဌာနခွဲများ၏ ထက်ဝက် အရေအတွက်ထက်ကျော်လွန်သော ထောက်ခံမှုကို ရရှိရမည်။

အကယ်၍ ထက်ဝက်ကျော်လွန်သောမဲအရေအတွက်ကို မရရှိဘဲ မဲပြန့်နေသည့်အနေအထားဖြစ်ပေါ်ခဲ့ပါက ဆန္ဒမဲ အနည်းဆုံးရရှိသည့် လူပုဂ္ဂိုလ်/အသင်းအဖွဲ့ ကို ဖယ်ထုတ်ပြီး၊ ဆန္ဒမဲအများဆုံး ရရှိသည့် လူပုဂ္ဂိုလ်/အသင်းအဖွဲ့ နှစ်ဦး/ဖွဲ့ကို နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ရွေးချယ်၊ ဆုံးဖြတ်သွားမည်။

ဌာနခွဲအသီးသီးက ဆန္ဒပြုမဲအများဆုံး ရရှိသူကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်သတ်မှတ်မည်။

၆) ထုတ်ပြန်ကြေညာခြင်း

ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို နှစ်စဉ်ကျင်းပနေကြ ပြည်သူ့ဂုဏ်ရည်ဆုရှင် ထုတ်ပြန်ကြေညာခြင်းအခမ်းအနားတွင် တရားဝင်ထုတ်ပြန် ကြေညာသွားမည်။

Donate Us

Contact admin in need : admin@citizenofburmaaward.org