You are here: Home / COBA Award / Nomination and Selection Process – ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ပုံ

ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ပုံ

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းလွှာကို သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြည်သူ့ ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာမှတဆင့် မည်သူမဆို အကန့်အသတ်မရှိ အမည်စာရင်းတင်သွင်းနိုင်ပါသည်။

လက်ခံရရှိသော အမည်စာရင်းတင်သွင်းလွှာများကို ပြည်သူ့ဂုဏ်ရည်အသင်း ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်း ကော်မတီက ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေး မူဝါဒများနှင့်ကိုက်ညီမှုရှိ မရှိ၊ ဦးစွာစိစစ်ပါမည်။
ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေး မူဝါဒများနှင့် ကိုက်ညီသော အမည်စာရင်းများကို ပဏာမရွေးချယ်သည့် အဆင့် သို့ ဆက်လက်တင်ပြသွားမည်။

အမည်စာရင်းတင်သွင်းလွှာ ပိတ်ချိန်မှ စတင်ရေတွက်လျှင် ၇၂နာရီအတွင်း ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်း ကော်မတီဝင်များက ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးဆိုင်ရာမူဝါဒများဖြစ်သော ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှု၊ ကျယ်ပြန့်မှု (သို့မဟုတ်) ထိရောက်မှု (သို့မဟုတ်) အောင်မြင်အောင်ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင်လောကအတွက် စံပြဖြစ်မှုတို့အပေါ်တွင် အခြေခံကာ ပဏာမအဆင့် ရွေးချယ်သွားမည်။

ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးမူဝါဒများနှင့် ကိုက်ညီသော အမည်စာရင်းတင်သွင်းမှုကို အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် မခွဲခြားဘဲ လက်ခံသွားမည်ဖြစ်သော်လည်း အမည်စာရင်းတင်သွင်းခံရသော အသင်းအဖွဲ့နှင့် အဆိုပါအသင်းအဖွဲ့ အတွင်း ပါဝင်လှုပ်ရှားဆောင်ရွက်နေသော လူပုဂ္ဂိုလ် တို့ တပြိုင်နက်တည်း အမည်စာရင်းတင်သွင်းခံရသည့် ကိစ္စရပ်များဖြစ်ပေါ်လာပါက ဌာနခွဲများ၏ ဆန္ဒမဲအများဆုံးရသည့် တစ်ဦး/တစ်ဖွဲ့ ကိုသာ ဆုံးဖြတ် ရွေးချယ်သွားမည်။

ဥပမာ – ရွှေလူမှုရေးအသင်း၊ ရွှေလူမှုရေးအသင်းဥက္ကဋ္ဌ ဒေါ်ကကြီး၊ ရွှေလူမှုရေးအသင်း အတွင်းရေးမှူး ဦးခခွေး စသဖြင့် ရွှေလူမှုရေးအသင်းနှင့် သက်ဆိုင်သည့်အမည်စာရင်းတင်သွင်းလွှာသုံးခု လက်ခံရရှိခဲ့လျှင် ……

 

(၁) ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးဆိုင်ရာ မူဝါဒများနှင့်ကိုက်ညီသည့် အမည်စာရင်းတင်သွင်းမှုများဖြစ်ပါက တင်သွင်းသည့် အမည်စာရင်း အားလုံးကို လက်ခံသွားမည်။

(၂) ပဏာမအဆင့်အတွက် အမှတ်ပေးရွေးချယ်ရာတွင် ရွှေလူမှုရေးအသင်း၏ ရမဲ ၆မဲ၊ ရွှေလူမှုရေးအသင်း ဥက္ကဋ္ဌ ဒေါ်ကကြီး၏ ရမဲ ၉မဲ၊ ရွှေလူမှုရေးအသင်း အတွင်းရေးမှူး ဦးခခွေး၏ ရမဲ ၅မဲ ဖြစ်နေခဲ့သည် ဆိုပါက မဲအများဆုံး ရသော ရွှေလူမှုရေးအသင်းဥက္ကဋ္ဌ ဒေါ်ကကြီး တစ်ဦးတည်းကိုသာ ပဏာမစာရင်း အတွက် ရွေးချယ်သွားမည်။
(၃) အကယ်၍ မဲပေးရွေးချယ်ရာတွင် ရမဲတူ ဖြစ်နေလျှင် အသင်းအဖွဲ့ကို ဦးစားပေး ရွေးချယ်သွားမည်။
(ဥပမာ – ရွှေလူမှုရေးအသင်း ရမဲ ၁၀မဲ၊ ရွှေလူမှုရေးအသင်း ဥက္ကဋ္ဌဒေါ်ကကြီး ရမဲ ၁၀မဲ တိုက်ဆိုင်တူညီ နေပါက အသင်းအဖွဲ့ကို ဦးစားပေးမည့်မူအရ ရွှေလူမှုရေးအသင်းကိုသာ ပဏာမစာရင်းအတွက် ရွေးချယ်မည်။)

ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ရွေးချယ်ပေးလိုက်သော ပဏာမစာရင်းဝင်များ၏ လုပ်ဆောင်ချက်များအကျဉ်းကို ၇၂နာရီအတွင်း အပြီးသတ်ပြုစုပြီး နောက်ဆုံးဆန်ခါတင် သုံးဦး/ဖွဲ့ ရွေးချယ်ရာတွင် ကိုးကားရမည့် လမ်းညွှန်လက်စွဲစာတမ်းအဖြစ် ပြည်သူ့ဂုဏ်ရည်မိသားစုဝင် ဌာနခွဲအသီးသီး သို့ အမြန်ဆုံးပေးပို့ သွားမည်။ အသင်း၏အင်တာနက်စာမျက်နှာနှင့် အသင်း၏တရားဝင်အသုံးပြုနေသော ဖေ့ဘုတ်ခ်တွင်လည်း ထုတ်ပြန် သွားမည်။

ပဏာမ၂၀ဦးရွေးချယ်အပြီး ဆယ်ရက်အတွင်း၊ နောက်ဆုံးဆန်ခါတင်များနှင့် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်သွား မည်။
နောက်ဆုံးဆန်ခါတင်များနှင့် ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်ရာ၌ ပြည်သူ့ဂုဏ်ရည်အစီအစဉ်တွင် ဝိုင်းဝန်းပါဝင် ဆောင်ရွက်နေကြသော မိသားစုဝင် ဌာနခွဲအားလုံး ပါဝင်သည့် တယ်လီဖုန်းအစည်းအဝေး ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး မိသားစုဝင်ဌာနခွဲများ က မိမိတို့ ဌာနခွဲ၏ တိုင်းရင်းသားမိသားစုများ၊ အသင်းအဖွဲ့များမှ ရွေးချယ် ဆန္ဒပြုပေး ထားသော နောက်ဆုံးဆန်ခါတင် များကို အသီးသီးဆန္ဒပြုသွားကြမည်ဖြစ်သည်။

အများဆုံးဆန္ဒပြုခံရသည့် သုံးဦး/ဖွဲ့ကို နောက်ဆုံးဆန်ခါတင်များအဖြစ် ဆုံးဖြတ်သတ်မှတ်မည်။

နောက်ဆုံးဆန်ခါတင်များကို ရွေးချယ်ရာတွင် ဆန္ဒမဲများ တိုက်ဆိုင်တူညီနေမှုကြောင့် အပြီးသတ်ရွေးချယ်ရန် ထပ်မံ လိုအပ်လာပါက ဌာနခွဲတခုချင်းစီမှ ကိုယ်စားလှယ်များ၏ ဆန္ဒမဲများဖြင့် အဖြေပေါ်သည်အထိ ဆုံးဖြတ်ရွေးချယ်သွား မည်။
နောက်ဆုံးဆန်ခါတင်များနှင့် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ တယ်လီဖုန်းအစည်းအဝေးသို့ မတက်ရောက် နိုင်သည့် ဌာနခွဲများသည် ထပ်မံမဲခွဲရန်လိုအပ်လာသော အခြေအနေတိုင်းအတွက် ဆန္ဒမဲပေးပိုင်ခွင့်ကို စွန့်လွှတ်ပြီး ဖြစ်သည်ဟု ဂုဏ်ပြုပွဲများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက သတ်မှတ်ယူဆသည်။

နောက်ဆုံးဆန်ခါတင်များကို ရွေးချယ်ပြီးစီးပါက ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို တဆက်တည်း ရွေးချယ်သွားမည်။ ရွေးချယ်ရေးဆိုင်ရာ တယ်လီဖုန်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနခွဲကိုယ်စားလှယ်များက နောက်ဆုံး ဆန်ခါတင်များစာရင်းမှ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဌာနခွဲတစ်ခုလျှင် တစ်မဲကျစီဖြင့် ဆန္ဒပြု မဲပေးသွားရမည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် သတ်မှတ်နိုင်ရန် အစည်းအဝေးတက်ရောက်လာသော ဆန္ဒမဲပေးရမည့်ဌာနခွဲများ၏ ထက်ဝက် အရေအတွက်ထက်ကျော်လွန်သော ထောက်ခံမှုကို ရရှိရမည်။

အကယ်၍ ထက်ဝက်ကျော်လွန်သောမဲအရေအတွက်ကို မရရှိဘဲ မဲပြန့်နေသည့်အနေအထားဖြစ်ပေါ်ခဲ့ပါက ဆန္ဒမဲ အနည်းဆုံးရရှိသည့် လူပုဂ္ဂိုလ်/အသင်းအဖွဲ့ ကို ဖယ်ထုတ်ပြီး၊ ဆန္ဒမဲအများဆုံး ရရှိသည့် လူပုဂ္ဂိုလ်/အသင်းအဖွဲ့ နှစ်ဦး/ဖွဲ့ကို နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ ရွေးချယ်၊ ဆုံးဖြတ်သွားမည်။

ဌာနခွဲအသီးသီးက ဆန္ဒပြုမဲအများဆုံး ရရှိသူကို ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်သတ်မှတ်မည်။