၂၀၁၀ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဦးကျော်သူ”

၂၀၁၀ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် “ဦးကျော်သူ”

2010 ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုရှင် ဦးကျော်သူ

 

ဦးကျော်သူ ကို ၁၉၅၉ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် အဖ ဦးစိန်တင်နှင့် အမိ ဒေါ်မေသန်း တို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့ပြီး အမည်ရင်း ဦးကျော်ဝင်း ဖြစ်သည်။ ဦးကျော်သူသည် ရုပ်ရှင်သရုပ်ဆောင် နှင့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သကဲ့သို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုရှင်တစ်ဦးလည်းဖြစ်သည်။

ငယ်စဉ်က အ.ထ.က(၁) ဒဂုံ တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သော်လည်း ရုပ်ရှင်လုပ်ငန်းကို အားစိုက်လုပ်နိုင်ရန် နောက်ဆုံးနှစ်တွင် ကျောင်းမှထွက်ခဲ့သည်။

၁၉၈၄ ခုနှစ်တွင် ဒါရိုက်တာမျိုးမြင့်အောင် ရိုက်ကူးသည့် ‘ချစ်ကြိုးလေးနှစ်မျှင်’ ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် ‘တပြည်သူမရွှေထား’ ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့သည်။

ဦးကျော်သူသည် ပန်းချီပညာကိုလည်း ဝါသနာပါသဖြင့် ပန်းချီကားများ ရေးဆွဲပြီး ပြပွဲများ ပြုလုပ်ခဲ့သည်။ ဘဝတလျှောက် ကြုံခဲ့ရသော ခံစားမှုများကို ပန်းချီကားများအဖြစ် စူးစူးစိုက်စိုက် ဖန်တီးခဲ့ပြီး အသက် ၅၀ ပြည့် ရွှေရတုမွေးနေ့အဖြစ် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် သူ၏ အနုပညာလက်ရာများကို Kyaw Thu’s Art Zone တကိုယ်တော် ပန်းချီပြပွဲအဖြစ် နေအိမ်၌ ခင်းကျင်းပြသခဲ့သည်။

ဦးကျော်သူသည် နာရေးဖြင့် ပူဆွေးသောကရောက်နေသော မိသားစုများကို မိမိတတ်နိုင်သည့်ဘက်မှ အခမဲ့သင်္ဂြိုဟ်ပေးခြင်းဖြင့် ကူညီရန် နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆရာကြီးဦးသုခနှင့် တွဲဖက်တည်ထောင်ခဲ့သည်။ မြန်မာနိုင်ငံတွင် နာရေးကူညီမှုအသင်းပေါင်း ၈၀ ကျော်ရှိပြီး အသင်းပေါင်း ၅၀ ခန့်ကို ကိုယ်တိုင် သွားရောက်ဖွင့်လှစ်ပေးခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဘာသာ လူမျိုး ဆင်းရဲ ချမ်းသာမရွေး တနေ့လျှင် ရုပ်အလောင်း ၅၀ ခန့် အခမဲ့ သင်္ဂြိုဟ်ပေးခဲ့ရာ ရုပ်ကလာပ်ပေါင်း ရှစ်သောင်းခွဲကျော် အကူအညီပေးခဲ့ပြီး ဖြစ်သည်။

နာရေးကိစ္စများအပြင် ဆေးကုသမှုများ၊ လေဘေး မီးဘေး ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ပြည်တွင်းစစ်ဒဏ်ကြောင့် ဒုက္ခရောက်နေသူများအား အကူအညီပေးခြင်းများကိုလည်း အခမဲ့ ကူညီဆောင်ရွက်ပေးခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်း မေတ္တာသုတ်ရွတ် ဆန္ဒဖော်ထုတ်သည့် သံဃာတော်များကို သရုပ်ဆောင် လူရွှင်တော် ဇာဂနာနှင့်အတူ ဆွမ်းကပ်လှူဒါန်းခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင်မှုအပါအဝင် ဦးကျော်သူနှင့်ဆက်စပ်သော အနုပညာလုပ်ငန်းများကို စစ်အစိုးရက ပိတ်ပင်ခဲ့သည်။ သံဃာ့အရေးအခင်း ကာလတွင် ပါဝင်ကူညီမှုဖြင့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ခေတ္တ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ဦးကျော်သူသည် သူ၏အောင်မြင်ကျော်ကြားမှုကို မှန်ကန်စွာ အသုံးချပြီး လူမှုရေး ရှေ့ဆောင်လမ်းပြတစ်ဦးအနေဖြင့် အယူသီးသော ရှေးရိုးစွဲအယူအဆ၊ ခေတ်နှင့်အံမဝင်တော့သည့် အမူအကျင့်တို့ကိုလည်း တိုက်ဖျက်ခဲ့သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် လန်ဒန်ရောက် မြန်မာများက ဦးကျော်သူ ကို ‘ပြည်သူ့ဘက်သား အနုပညာသမားဆု’ ချီးမြှင့်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ပြည်သူ့ဂုဏ်ရည်အသင်း၏ ပထမအကြိမ် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဦးကျော်သူကို နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့သည်။

ရန်ကုန်မြို့ ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းကလည်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဦးကျော်သူ ကို Doctor of Humane Social Services ဘွဲ့ ပေးအပ်ခဲ့သည်။ ။