“ဝမ်းနည်းခြင်း သဝဏ်လွှာ” (မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်)

ယနေ့ အောက်တိုဘာ ၇ ရက်၊ နံနက် ၃ နာရီ အချိန်တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆုံးပါး ကွယ်လွန်ကြောင်း သိရှိရသည့်အတွက် ပြည်သူ့ဂုဏ်ရည် အသင်းမှ များစွာ ကြေကွဲဝမ်းနည်းရပါသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တဦး၊ မန္တလေးတိုင်း ဝန်ကြီးချုပ် တဦးထက် မကသော ဂုဏ်ပုဒ်များကို ပိုင်ဆိုင်ထားသည့် ပြည်သူက ချစ်ခင်လေးစားရသော နိုင်ငံရေး ခေါင်းဆောင်လည်းဖြစ်ပါသည်။

တိုင်းပြည်တာဝန်ကို ကျရာနေရာမှ အမှုထမ်းရင်း ပြည်သူလူထုအား ဦးဆောင်မှုပေးခဲ့ရုံမက၊ အာဏာရှင်စနစ်အား မဆုတ်မနစ် တော်လှန်ခဲ့သူတဦး ဖြစ်သည့် အတွက် ယခုလို တော်လှန်ရေး ကာလအတွင်း ဒေါက်တာဇော်မြင့်မောင်ကျဆုံးခြင်းသည် တိုင်းပြည်အတွက် ကြီးမားသည့် နစ်နာဆုံးရှုံးမှုကြီးဖြစ်ပါသည်။

ဒေါက်တာ ဇော်မြင့်မောင်နှင့်တကွ ပြည်သူလူထုတရပ်လုံး လိုလားသည့် လွတ်လပ်၊ တရားမျှတပြီး အေးချမ်းသာယာသော နိုင်ငံကို ဖော်ဆောင်နေရင်း လမ်းခုလတ်တွင် ယခုလို ကျဆုံးသွားခဲ့ရခြင်းအတွက်လည်း ယူကျုံးမရ ဖြစ်မိပါသည်။

မပြီးဆုံးသေးသော ကျန်ရှိနေသည့် တော်လှန်ရေးခရီးတွင်လည်း ဆရာဇော်မြင့်မောင်နှင့်တကွ တိုင်းရင်းသားပြည်သူများ လိုလားသည့် နိုင်ငံရေး မျှော်မှန်းချက်များ ပြည့်ဝသည်အထိ ကျရာနေရာမှ ပါဝင်သွားမည်ဟု ကျွန်ုပ်တို့ ပြည်သူ့ဂုဏ်ရည် အဖွဲ့သားများက ကတိပြုပါသည်။

ပြည်သူ့ဂုဏ်ရည် အသင်းအနေဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ၊ တိုင်းရင်းသားပြည်သူများနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ပြည်သူ့ဂုဏ်ရည်အသင်း