သူရဲကောင်းတို့အတွက် ပြည်သူ့ဂုဏ်ရည်

ဇော်စိုင်း (FFSS)
၂ဝ၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု အခမ်းအနားအား ၂၆.၅.၂ဝ၁၃ ရက်နေ့၌ တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့ရှိ ဆိုးဆာမြို့တော်ခန်းမတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ်အဖြစ် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားအား ၁ဝ.၆.၂ဝ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ “တော်ဝင်နှင်းဆီ” စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများအတွက် လိုအပ်သည့်လုပ်ငန်းရပ်များအား ကိုယ်ကျိုးစွန့် အနစ်နာခံ၍ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူများနှင့် အဖွဲ့အစည်းများတို့အား ပြည်ပရောက် မြန်မာမိသားစုများ၏ စုစည်းညီညွတ်မှုအားဖြင့် ၂ဝ၁ဝ ခုနှစ်မှစတင်၍ စုပေါင်းဂုဏ်ပြုပေးအပ်သည့် “Citizen of Burma Award (ပြည်သူ့ဂုဏ်ရည်ဆု)” စတုတ္ထအကြိမ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ နယ်ပယ်အသီးသီးမှ လူမှုရေး၊ နိုင်ငံရေး၊ အနုပညာရှင်များတို့ တက်ရောက်ချီးမြှင့် အားပေးခဲ့ကြသည်။ ၂ဝ၁၃ ခုနှစ်အတွက် “ပြည်သူ့ဂုဏ်ရည်ဆု” အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ၎င်း၊ အထူးဆု ၃ ဆုအား ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ ကိုသန်းနိုင် (Community Engineering Team)၊ ကိုနေမျိုးဇင် (မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်) အစရှိသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များတို့မှ ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့ကြသည်။
အခမ်းအနားမှူးအဖြစ် ဒေါ်ဆွေဇင်ထိုက်မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး အဖွင့်အမှာစကားအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် က ပြောကြားခြင်း၊ ကြိုဆိုနှုတ်ခွန်းဆက်စကားအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ကိုဝေလဝင်းမှ ပြောကြားခဲ့ပြီးနောက် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်တစ်ဦးဖြစ်သူ “မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ တေးရေး/ဆို Bass ဂစ်တာသမား ကိုရဲလွင်” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 1000 အား နာရေးကူညီမှု အသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်က ချီးမြှင့်ပေးအပ်ခြင်း၊ ထပ်မံ၍ အထူးဆုရှင်ဖြစ်သူ ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် ရေကောင်း/သန့်ရရှိရေးအတွက် ရိုးရိုးရှင်းရှင်းဖြင့် ကုန်ကျစရိတ် သက်သာလှသည့် နည်းပညာရပ်အား တနိုင်တပိုင် ဖြန့်ဖြူးပေးနေသူ “ကိုသန်းနိုင် (Comm unity Engineering Team)” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 1000 အား အလင်းတန်းဂျာနယ် နှင့် ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ချီးမြှင့်ပေးအပ်ခြင်း၊ ထပ်မံ၍ အထူးဆုရှင်တစ်ဦးဖြစ်သူ တိုင်းရင်းသားပြည်သူ အများရင်ဆိုင်ကြုံတွေ့နေရသည့် အထွေထွေသောအခက်အခဲများ၊ အကြပ်အတည်းများအား မနိုင်ဝန်ထမ်း၍ တတ်အားသမျှ ဝိုင်းဝန်းကူညီ လုပ်ကိုင်ဆောင်ရွက်နေသူ “ကိုနေမျိုးဇင် (မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်)” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 1000 အား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ချီးမြှင့်ပေးအပ်ခဲ့ပြီးသည့်နောက် ၂ဝ၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအား ဆွတ်ခူးရရှိသွားခဲ့သည့် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအား နောက်ပြန်မလှည့်ရန် အာမခံချက်တစ်ခုဖြစ်သည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများအတွက် အင်တိုက်အားတိုက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုငွေ US$ 10000 အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ (၂ဝ၁ဝ ခုနှစ် ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်) က ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆုရရှိသူများကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်က ကျေးဇူးတင်စကားပြောကြားခြင်း၊ စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တွင် ကျင်းပနိုင်ရန်အတွက် ဦးဆောင်စီစဉ် ဆောင်ရွက်ပေးသူ ဒေါ်ဆွေဇင်ထိုက်က ကျေးဇူးတင်စကားပြောကြားခြင်းနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များတို့က အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခြင်းဖြင့် အခမ်းအနားအား အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။
အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မြန်မာပြည်ကြီးနှင့်ဝေးကွာ၍ နိုင်ငံအသီးသီးသို့ရောက်ရှိ နေကြသည့် အဝေးရောက် မြန်မာလူမျိုးများအနေဖြင့် မိမိတို့မွေးဖွားကြီးပြင်းခဲ့ကြသည့် အမိမြန်မာပြည် ကြီးအား ချစ်ခင်လွမ်းဆွတ်မှုများနှင့်အတူ မြန်မာပြည်အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံလုပ်ကိုင် ဆောင်ရွက်နေသောလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ယခုကဲ့သို့ ပြည်သူ့ဂုဏ်ရည်အသင်း၏ နုနယ်သေးသည့် ၄ နှစ်တာ သက်တမ်းအတွင်း အခက်အခဲများအား မလျော့သောဇွဲတို့ဖြင့် ဌာနခွဲအသီးသီးမှ စိတ် တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွလက်တွဲ၍ “သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏” ဟူသည့် ဆရာဇော်ဂျီ၏ ကဗျာကဲ့သို့ အမိမြန်မာပြည်ကြီး အတွက် မိမိတို့တတ်စွမ်းသည့် ကဏ္ဍအသီးသီးတို့တွင် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ လုပ်ကိုင်ဆောင်ရွက်နေကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အတူတကွလက်တွဲပြီး “မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်” ဆောင်ပုဒ်အတိုင်း အင်တိုက်အားတိုက်ဖြင့် ၂ဝ၁၄ ခုနှစ် ပဉ္စမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားအား ဒီထက်မက စွမ်းဆောင်သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ။