အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂၀၁၃)

ကြေညာချက်အမှတ် (၁/၂၀၁၃)
နေ့စွဲ – ၂၀၁၃ ခုနှစ် ဧပြီလ ၂၁ ရက်

မြန်မာပြည်တွင်း၌ လူမှုရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူများကို ပြည်ပရောက် တိုင်းရင်းသား မြန်မာမိသားစုများက ကျေးဇူးတင်ဂုဏ်ယူဝမ်းသာပါကြောင်းဖော်ထုတ်ပြသသော ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် အမည်စာရင်းတင်သွင်းခွင့်ကိုကန့်သတ်မထားဘဲ အဆင့်ဆင့်ရွေးချယ်ခဲ့ပြီး နောက်ဆုံး ဆန်ခါတင်ငါးဦးကို အင်တာနက်မှဆန္ဒမဲများခံယူသည့် ပုံစံကိုအသုံးပြုရွေးချယ်ခဲ့ပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ယခုနှစ် ၂၀၁၃ ခုနှစ်မှ စတင်၍ အင်တာနက်မှ ဆန္ဒမဲများခံယူသည့်ပုံစံအစား အမည်စာရင်းတင်သွင်းခံရသူများကို ပြည်သူ့ဂုဏ်ရည်အသင်းခွဲများတည်ရှိရာ ဌာနခွဲ အသီးသီးမှ စိစစ်ရွေးချယ်သည့်ပုံစံအဖြစ် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ပါသည်။

ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာတွင် မည်သူမဆို ပြည်သူ့ဂုဏ်ရည်ဆုအတွက် အကန့်အသတ်မရှိ အမည်စာရင်းတင်သွင်းနိုင်ပါသည်။ အမေရိကန်ဒေါ်လာ တစ်သောင်း (၁၀၀၀၀) ဂုဏ်ပြုချီးမြှင့်မည့် ငွေသားပမာဏမှာ အပြောင်းအလဲ ရှိမည်မဟုတ်ပါ။

ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ပုံကို စိတ်ဝင်တစား ဆန္ဒမဲများ ပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။ မြန်မာပြည်သားချင်း ရိုင်းပင်းကူညီမှုကို ပြည်သူ့ဂုဏ်ရည်အသင်းနှင့်အတူ တတ်အားသရွေ့ ဆက်လက် ပံ့ပိုး၊ ပူးပေါင်း ပါဝင်ပါရန်ကိုလည်း တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်။ ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း