ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာမိသားစုများ တွေ့ဆုံပွဲ

အမေရိကန်ပြည်ထောင်စုရောက် ရုပ်ရှင်အနုပညာရှင် ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့ မြန်မာမိသားစုများ တွေ့ဆုံပွဲကို Alhambra မြို့ရှိ Mark Keppel High School တွင် ၂၀၁၂ ခုနှစ် မေလ ၅ ရက်နေ့က ကျင်းပခဲ့သည်။ ‘အဖြူရောင်နှလုံးသားများ ဆုံဆည်းသည့်ည’ဟု အမည်ပေးထားသည့် အဆိုပါပွဲကို ညနေ ၄ နာရီမှ ည ၉ အထိ ကျင်းပခဲ့ရာ လော့စ်အိန်ဂျယ်လိစ်မြို့ ပတ်ဝန်းကျင်တွင် သတင်းသုံးနေထိုင်ကြသည့် ဆရာတော် သံဃာတော်ကြီးများ၊ ဘာသာရေးဆရာများနှင့် မြန်မာမိသားစု ပရိသတ် တစ်ထောင်ကျော် တက်ရောက် အားပေးခဲ့ကြသည်။
ထိုပွဲတွင် စေတနာရှင်များ ချက်ပြုတ်လှူဒါန်းသည့် မြန်မာအစားအသောက်များကို ဆိုင်ခန်းပေါင်း ၂၂ ဆိုင်ဖြင့် ဧည့်ပရိသတ်များအား ရောင်းချပေးခဲ့သည်။
အခမ်းအနားတွင် မနီလာစိန်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ မလေးနိုင်အိနှင့် မဂျွန်တို့ စီစဉ်တင်ဆက်သော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သရုပ်ဖော်ထားသည့် ‘အလှကမ္ဘာမြေ’ တေးသီချင်းကို ကိုရန်နိုင်က သီဆိုပြီး ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက် တို့အား ကြိုဆိုဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ပြည်သူ့ဂုဏ်ရည်အသင်းမှ ဦးကိုလေးက မိတ်ဆက်စကားပြောကြားပြီး တောင်ပိုင်းကယ်လီဖိုးနီးယား မြန်မာအသင်း ဥက္ကဋ္ဌ ဒေါက်တာဇော်ထွန်းက အမှာစကား ဆက်လက်ပြောကြားခဲ့သည်။
ဦးကျော်သူ၏ ကိုယ်ရေးအကျဉ်းကို မဇင်မာထွန်းက ဖတ်ကြား၍ ဒေါ်ရွှေဇီးကွက်၏ ကိုယ်ရေးအကျဉ်းကို ကိုသက်ထွန်းတို့က ဖတ်ကြားပေးခဲ့ပြီးနောက် ဒေါ်ရွှေဇီးကွက်က ပရိသတ်များအား နာရေးကူညီမှုအသင်းအကြောင်းနှင့် ၎င်း၏အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးကျော်သူ ရိုက်ကူးတင်ဆက်သည့် ‘ကျော်သူ၏ အတိတ်ဘဝ ဖြတ်သန်းမှုပုံရိပ်များ’ ရုပ်ရှင်ကားကို ပြသခဲ့ပြီး၊ ဈေးရောင်းပွဲအလှူငွေများကို ဦးကျော်သူ ကိုယ်တိုင် လက်ခံရယူခဲ့သည်။ ပရိသတ်၏တောင်းဆိုမှုအရ ဦးကျော်သူက ပရိသတ်ကို စကားအနည်းငယ် ပြောကြားခဲ့သည်။
ထို့နောက် ကိုမိုးကျော်က ကောက်ခံရရှိသည့် အလှူငွေ စုစုပေါင်း ဒေါ်လာသုံးသောင်းကျော် ရရှိကြောင်း ဖတ်ကြားကြေညာပေးခဲ့သည်။
အခမ်းအနားကို ပြည်သူ့ဂုဏ်ရည်အသင်း လော့စ်အိန်ဂျယ်လိစ်ဌာနခွဲ တာဝန်ခံ ကိုအောင်သူစိုးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် မဂျွန်နှင့် အဖွဲ့သားများ စီစဉ်တင်ဆက်သည့် ‘WE ARE THE WORLD’ တေးသီချင်းကို ကလေးငယ်များ ပါဝင်သီဆိုကာ အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါသည်။ ။


ဤနေရာတွင် ဓာတ်ပုံများ ကြည့်ရှုနိုင်ပါသည်…