ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆီယက်တယ် မြန်မာမိသားစု တွေ့ဆုံပွဲကျင်းပ

ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆီယက်တယ် မြန်မာမိသားစု တွေ့ဆုံပွဲကျင်းပ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် တို့နှင့် ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲများဖြစ်သော ဆီယက်တယ်၊ အော်ရီဂွန် နှင့် ဗန်ကူးဗား(ကနေဒါ) တို့မှ မြန်မာမိသားစုများ တွေ့ဆုံပွဲကို မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၈ နာရီအထိ ဆီယက်တယ်မြို့ရှိ North Seattle Community College ၌ ပြုလုပ်ခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အသင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျင်းပသည့် ယခုတွေ့ဆုံပွဲသည် တတိယမြောက် တွေ့ဆုံပွဲဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရန်ပုံငွေ ဈေးရောင်းပွဲကိုလည်း ပြုလုပ်ခဲ့သည်။
ဈေးရောင်းပွဲတွင် ဆီယက်တယ်၊ အော်ရီဂွန်နှင့် ကနေဒါတို့မှ စေတနာရှင် မိသားစုများက မြန်မာအစားအစာမျိုးစုံကို တည်ခင်းရောင်းချခဲ့ကြပြီး ဈေးရောင်းပွဲမှရရှိငွေများကို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့ကြသည်။
တွေ့ဆုံပွဲ အခမ်းအနား၌ ပြည်သူ့ဂုဏ်ရည်အသင်း ဆီယက်တယ် ဌာနခွဲတာဝန်ခံ ကိုမူးသာက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဂီတမှူး ကိုခင်စိုး နှင့် စက်မှုပိုင်းဆိုင်ရာ ကိုထက်ကျန် တို့က မေတ္တာဖြင့် ကူညီပံ့ပိုးပေးခဲ့ကြသည်။
အခမ်းအနားကို ဆီယက်တယ် နှင့် အော်ရီဂွန် မြန်မာလူငယ်အဖွဲ့တို့၏ မြန်မာ့ရိုးရာအက၊ ကရင်ဒုံးယိမ်းအကနှင့် တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာကျင်းပခဲ့ကြပြီး ကိုထွန်းထွန်းက ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းခဲ့ပုံအကျဉ်းနှင့် ဦးကျော်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
မမာလာသိန်းနှင့် မမိုနာဟန်တို့က ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင်စာရင်းဝင် ၅ ဦး၏ လူမှုရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့် ဦးကျော်သူ၏ ဘဝဖြတ်သန်းမှုတို့ကို ရှင်းပြခဲ့ကြသည်။ ဆက်လက်၍ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့က နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းနှင့် လုပ်ဆောင်ခဲ့မှုများကို ဗီဒီယို ဆလိုက်ရှိုးများဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဦးကျော်သူ၏ အနုပညာ ဖြတ်သန်းမှုပြကွက်တချို့ကို ပြသခဲ့ရာ တက်ရောက်လာသူများက အထူးအားပေးခဲ့ကြသည်။
ထို့နောက် ဈေးရောင်းပွဲမှ ရရှိသော အမေရိကန်ဒေါ်လာ ၁၂၅၀၀ (တစ်သောင်းနှစ်ထောင်ငါးရာ) ခန့်ကို ကိုထွန်းထွန်း (အော်ရီဂွန်)၊ ကိုဇေယျာကျော် (ဆီယက်တယ်) နှင့် ကိုသက်နိုင် (ကနေဒါ) တို့က ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက်တို့ထံ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် အခမ်းအနားနှင့် ရန်ပုံငွေဈေးရောင်းပွဲကို ‘ကြိုးကြာသံ’သီချင်းဖြင့် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။
ထူးခြားချက်အနေဖြင့် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှ မြန်မာမိသားစုမိတ်ဆွေများက ပြည်သူ့ဂုဏ်ရည်အသင်း၏ ဌာနခွဲတစ်ခုအနေဖြင့် ရပ်တည်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ဖွဲ့စည်းပုံများကို ပြည်သူ့ဂုဏ်ရည်အသင်းသို့ မကြာမီ ပေးပို့ကာ ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ကြေညာခဲ့ကြသည်။ ။
ဤနေရာတွင် ဓာတ်ပုံများ ကြည့်ရှုနိုင်ပါသည်…