Oregon “ပန်းခရမ်းပြာအိပ်မက်များ” ရန်ပုံငွေပွဲ

ပြည်နယ်မှအဓိကရုဏ်းများကြောင့်ဒုက္ခရောက်ကြရသူများကို ကူ ညီရန်အတွက် ရန်ပုံငွေရှာဖွေပွဲကို ပြည်သူ့ဂုဏ်ရည်အသင်း၏အစီအစဉ်ဖြင့် အော်ရီဂွန်ပြည်နယ်၊ပေါ့တလန်မြို့ရှိ ဒုက္ခသည်များပြန်လည်နေရာ ချထားရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေးဌာနတခုဖြစ်သည့် (IRCO) အဆောက်အဦတွင် ကျင်းပခဲ့ပါသည်။ အခန်းအနားမှူးအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်းအော်ရီဂွန်ဌာနခွဲမှ ကိုရှိုင်းကိုကိုဦးနှင့် ဆီရယ်တဲလ် ဌာနခွဲမှ မမာလာသိန်းတို့မှဆောင်ရွက်ပြီး၊ ရန်ပုံ ငွေရှာဖွေပွဲကို အမေရိကန်အနှံ့အပြားတွင်ကျင်းပသွားနိုင်ရန် ပြည်တွင်းမှ ပရဟိတသမားကြီးများကို ပြည်သူ့ ဂုဏ်ရည်အသင်းကဖိတ်ခေါ်ခဲ့သောအစီအစဉ်ဖြစ်ကြောင်း အော်ရီဂွန်ဌာနခွဲတာဝန်ခံ ကိုထွန်းထွန်း၊ ဆီရယ်တယ်ဌာနခွဲတာဝန်ခံ ကိုမူးသာ၊ ကနေဒါမှ မြန်မာ့အရေးလှုပ်ရှားသူရဲဘော်ဟောင်းများကိုယ်စား ကိုတင်နွယ်တို့မှ အသီသီအဖွင့်စကားများပြောကြား ပြီးအစီအစဉ်ကိုစတင်ပါသည်။
လူမှုအကျိုးဆောင်အနုပညာရှင်များ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို အော်ရီဂွန်ဌာနခွဲမှ ကိုကျော်ကျော် ဖတ်ကြားခဲ့ပြီး “ပန်းခရမ်းပြာရဲ့အိပ်မက်များ”ဟုအမည်ပေးထားသည့် ဤဒီအစီအစဉ်တွင် မြန်မာပြည်တွင်းမှ လူမှုရေးလုပ် ငန်းများကိုထဲထဲဝင်ဝင် လုပ်ဆောင်နေကြသော စာရေးဆရာမဒေါ်သန်းမြင့်အောင်၊ ကိုရဲလွင် (မဇ္ဈိမလှိုင်း)နဲ့ အဆိုတော်ဆောင်းဦးလှိုင်တို့က လူမှုကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းနှင့် လိုအပ်ချက်များ အတွေ့အကြုံများ၊ တိုင်းပြည်၏ လတ်တလောကြီးမားလှသည့်လူမှုရေး လိုအပ်ချက်များကို ဟောပြောကြ ပါသည်။
ရှေးဦးစွာလူမှုအကျိုးဆောင်ဂီတပညာရှင်ကိုရဲလွင်(မဇ္ဈိမလှိုင်း)က ဂီတပညာရှင်ဘဝဖြင့်နိုင်ငံ၏အရေးကိစ္စများ ဆောင်ရွက်ခဲ့ပုံများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့ပုံများ၊ “လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း”လှုပ်ရှား မှုများအကြောင်းတို့ကိုဟောပြောခဲ့သည်။
ဒေါ်သန်းမြင့်အောင်က နာရေးကူညီမှုအသင်း၊ ဂီလာနများစောင့်ရှောက်ရေးနှင့် HIV မိဘမဲ့ကလေးစောင့် ရှောက် ရေးများလုပ်ငန်းများလိုအပ်လာပုံနှင့်လုပ်ငန်းဆောင်ရွက်မှုများကို အတွေ့အကြံများဖြင့်ဟောပြောခဲ့ ရာ လှူပြီးသူများပင်ထပ်မံလှူဒါန်းခဲ့ကြပါသည်။
ပရဟိတအကျိုးဆောင်ဂီတပညာရှင် အဆိုတော် ဆောင်းဦးလှိုင် ဟောပြောရာတွင် ပြည်သူလူထု၏များစွာ သောဒုက္ခအခက်အခဲများကို အကြောင်းအရာများဖြင့်ရှင်းပြခဲ့ပြီး လိုအပ်ချက်များလွန်း၍့လူမှုကူညီရေး အဖွဲ့ များ၏ကူညီမှု သက်သက်ဖြင့် လူမှုဒုက္ခများလျော့နဲပျောက်ကွယ်အောင်မလုပ်နိုင်ဖြစ်ရကြောင်း လူမှုဒုက္ခများ အမှန်တကယ်နဲပါး ချုပ်ငြိမ်းမည့်ခေတ်ကာလမျိုးကိုရောက်ရှိလာရန်မျှော်လင့်ကြောင်းကို အမှန်နှင့်အမှားဥပမာ များနှင့်ပြောခဲ့ရာ တက်ရောက်လာသည့်မြန်မာနိုင်ငံသားများမှ ဝမ်းသာအားရအားပေးထောက်ခံခဲ့ကြပါသည်။
အခန်းအနားတွင် အော်ရီဂွန်ပြည်နယ်နှင့် ဧည့်သည်အဖြစ်လာရောက်အားပေးကြသော ကနေဒါမှ မိတ်ဆွေ များကလည်း သီချင်းများသီဆို၍ ဂုဏ်ပြုတင်ဆက်ခဲ့ကြပြီး ကိုသန်းဝင်းမှ ကျေးဇူးတင်စကားပြောကြား ကာအခန်းအနားကိုရုတ်သိမ်းခဲ့ကြပါသည်။
အခန်းအနားသို့ မြန်မာမိသားစုများ(၂၅၀)ကျော်လာရောက်ကြ၍ အလှူရှင်များ၏မြန်မာအစားအစာ မျိုးစုံကို ရန်ပုံငွေအဖြစ်တပျော်တပါး ဝယ်ယူစားသောက်ခဲ့ကြပြီး၊ ရန်ပုံငွေအလှူများကိုလည်းထဲ့ဝင်လှူဒါန်းခဲ့ကြပါသည်။
အခန်းအနားမှ စုစုပေါင်းအလှူငွေ ဒေါ်လာ (၄၆၀၀) ခန့်ရရှိခဲ့ပြီး ရရှိလာသောရန်ပုံငွေအားလုံးကို နာရေးကူညီမှု အသင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများမှတဆင့် ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိဒုက္ခသည်များသို့ လှူဒါန်း သွားမည်ဖြစ်ပါသည်။
ပြည်သူ့ဂုဏ်ရည်အသင်း
အော်ရီဂွန်ဌာနခွဲ