‘ပန်းခရမ်းပြာ၏အိပ်မက်များ’ ဆန်ဖရန်စစ္စကို၌ ကျင်းပပြီးစီး

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း လူမှုရေးအကူအညီများ ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကိုဌာနခွဲ၏ ‘ပန်းခရမ်းပြာ၏အိပ်မက်များ’ ရန်ပုံငွေပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့က Daly City မြို့ရှိ Jefferson High School တွင် ကျင်းပပြုလုပ်ရာ စိတ်ဝင်စားသူ စေတနာရှင်များ ၃၀၀ ကျော် လာရောက်အားပေးခဲ့ကြသည်။
အဆိုပါပွဲတွင် ရန်ပုံငွေ ဈေးရောင်းပွဲ နှင့် မြန်မာပြည်တွင်းမှ ဖိတ်ကြားရောက်ရှိလာကြသော စာရေးဆရာမ သန်းမြင့်အောင်၊ တေးရေး ကိုရဲလွင်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင် တို့နှင့် တွေ့ဆုံပွဲတို့ ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းနှင့်အတူ ဆန်ဖရန်စစ္စကို ဘေးဧရိယာအခြေစိုက် အသင်းအဖွဲ့များ၊ စေတနာရှင်များ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ရန်ပုံငွေဈေးရောင်းပွဲကို နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပပြီး ဈေးဆိုင်ပေါင်း ၁၉ ဆိုင် ပါဝင်ရောင်းချခဲ့ကြသည်။ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် တွေ့ဆုံပွဲအစီအစဉ်ကို စတင်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် မချမ်းမြအေးက ဆောင်ရွက်ခဲ့သည်။ အခမ်းအနားကို တေးသံရှင် မာမာအေး ၏ ‘မေတ္တာစုန်ရေ’ သီချင်းဖြင့် ဖွင့်လှစ်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုထိန်လင်းက မိတ်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် တေးရေး ကိုရဲလွင်၏ ကိုယ်ရေးအကျဉ်းကို ကိုကျော်လင်းထက်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင်၏ ကိုယ်ရေးအကျဉ်းကို ကိုဝေဖြိုး၊ စာရေးဆရာမ သန်းမြင့်အောင်၏ ကိုယ်ရေးအကျဉ်းကို မနန္ဒီကျော်မင်းတို့က ဖတ်ကြားပြီး တေးရေးဆရာ ကိုရဲလွင်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင် နှင့် စာရေးဆရာမ သန်းမြင့်အောင် တို့က ပြည်တွင်းလူမှုရေးလုပ်ငန်းများနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ဒေါ်ခင်တင့်တင့်က ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကိုဌာနခွဲ ကိုယ်စား ကျေးဇူးတင်စကား ပြောကြားပြီး တေးရေး ကိုရဲလွင်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင် တို့၏ နှုတ်ဆက်အစီအစဉ် တင်ဆက်ကာ ည ၇ နာရီခွဲခန့်တွင် အခမ်းအနားပြီးဆုံးခဲ့သည်။ အဆိုပါပွဲမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၀၀၀ (ခုနစ်ထောင်) ခန့် ရရှိပြီး ပြည်သူ့ဂုဏ်ရည်အသင်း(ဗဟို)၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်ရှိ လူမှုရေးလုပ်ငန်းများအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့မှတဆင့် လှူဒါန်းသွားမည် ဖြစ်ပါသည်။ ။
ဓာတ်ပုံ – Moe Kyaw (San Francisco)