ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ရှိဒုက္ခသည်များကူညီရေးအတွက် ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါဌာနခွဲ၏ “ပန်းခရမ်းပြာ၏အိပ်မက်များ” ရန်ပုံငွေပွဲ

၂၀၁၂ခုနှစ် နိုဝင်္ဘာလ (၄) ရက်နေ့နှင့် (၈) ရက်နေ့များမှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိမြန်မာမိသားစု များက ရန်ပုံငွေရှာဖွေပွဲတခုကျင်းပခဲ့ကြပါသည်။
ကချင်ပြည်နယ်မှစစ်ပြေးဒုက္ခသည်များနှင့်ရခိုင်ပြည်နယ်မှအဓိကရုဏ်းများကြောင့်ဒုက္ခရောက်ကြရသူများကို ကူ ညီရန်အတွက် ရန်ပုံငွေရှာဖွေပွဲကို ပြည်သူ့ဂုဏ်ရည်အသင်း၏အစီအစဉ်ဖြင့် ဖလော်ရီဒါပြည်နယ်ရှိ Lakeland မြို့ “ဗောဓိမဏ္ဍိုင်ဓမ္မစင်တာ” တွင် November (4) ရက်နေ့ နှင့် Boca Raton မြို့“Boca Raton ELKS Lodge” တွင် November (8) ရက်နေ့အဖြစ် (၂) နေရာစီစဉ်၍ကျင်းပခဲ့ကြခြင်းဖြစ်ပါသည်။
Lakeland မြို့တွင် အခန်းအနားမှူးအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်းဖလော်ရီဒါဌာနခွဲမှ ကိုစိန်မြင့်အောင်က ဆောင်ရွက်ပြီး၊ ရန်ပုံငွေရှာဖွေပွဲကို အမေရိကန်အနှံ့အပြားတွင်ကျင်းပသွားရန် ပြည်တွင်းမှလူမှုရေးအကျိုး ဆောင်များကို ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ခေါ်ခဲ့သောအစီအစဉ်ဖြစ်ကြောင်း ဖလော်ရီဒါဌာနခွဲတာဝန်ခံ ကိုသန်းနိုင်ကရှင်းပြပြီးအစီအစဉ်ကိုစတင်ခဲ့ပါသည်။
လူမှုအကျိုးဆောင်အနုပညာရှင်များ၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို ပြည်သူ့ဂုဏ်ရည်အသင်းဖလော်ရီဒါ ဌာနခွဲမှ ကိုဂျိမ်း(စ်)လင်းထွန်း၊ ကိုနေဝင်းထွန်း၊ ကိုကျော်ဇောတို့ကဖတ်ကြားတင်ပြသွားပါသည်။
Boca Raton မြို့တွင် အခန်းအနားမှူးအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်းဖလော်ရီဒါဌာနခွဲမှ ကိုစိန်မြင့်အောင်က ဆောင်ရွက်ပါသည်။ လူမှုအကျိုးဆောင်အနုပညာရှင်များ၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို သတင်းစာဆရာ ကြီးကြေးမှုံဦးသောင်း၏ ဇနီးဒေါ်တင်တင်ဝင်း၊ မဟန်စုယဉ် နှင့် ပြည်သူ့ဂုဏ်ရည်အသင်းဖလော်ရီဒါဌာနခွဲမှ မသင်းသီတာခိုင် တို့က ဖတ်ကြားတင်ပြသွားကြပါသည်။
“ပန်းခရမ်းပြာ၏အိပ်မက်များ”ဟုအမည်ပေးထားသည့် ဤဒီအစီအစဉ်တွင် မြန်မာပြည်တွင်းမှ လူမှုရေးလုပ် ငန်းများကိုထဲထဲဝင်ဝင် လုပ်ဆောင်နေကြသော စာရေးဆရာမဒေါ်သန်းမြင့်အောင်၊ ကိုရဲလွင်(မဇ္ဈိမလှိုင်း)နဲ့ အဆိုတော်ဆောင်းဦးလှိုင်တို့က လူမှုကယ်ဆယ်ရေးလုပ်ငန်းများအကြောင်းနှင့် လိုအပ်ချက်များ အတွေ့အ ကြုံများကိုဟောပြောကြပါသည်။
ရှေးဦးစွာလူမှုအကျိုးဆောင်ဂီတပညာရှင်ကိုရဲလွင်(မဇ္ဈိမလှိုင်း)က ဂီတပညာရှင်ဘဝဖြင့်နိုင်ငံ၏အရေးကိစ္စများ ဆောင်ရွက်ခဲ့ပုံများ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့ပုံများ၊ “လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း”လှုပ်ရှား မှုများအကြောင်းတို့ကိုဟောပြောခဲ့သည်။
ဒေါ်သန်းမြင့်အောင်က နာရေးကူညီမှုအသင်း၊ ဂီလာနများစောင့်ရှောက်ရေးနှင့် HIV မိဘမဲ့ကလေးစောင့်ရှောက် ရေးလုပ်ငန်းများလိုအပ်လာပုံနှင့် လုပ်ငန်းဆောင်ရွက်မှုများကို အတွေ့အကြံများဖြင့်ဟောပြောခဲ့ရာ လှူပြီးသူ များပင်ထပ်မံလှူဒါန်းခဲ့ကြပါသည်။
လူမှုအကျိုးဆောင်ဂီတပညာရှင်အဆိုတော်ဆောင်းဦးလှိုင် ဟောပြောရာတွင် ပြည်သူလူထု၏များစွာသောဒုက္ခ အခက်အခဲများကို အကြောင်းအရာများဖြင့်ရှင်းပြခဲ့ပြီး လိုအပ်ချက်များလွန်း၍့လူမှုကူညီရေးအဖွဲ့များ၏ကူညီမှု သက်သက်ဖြင့် လူမှုဒုက္ခများလျော့နဲပျောက်ကွယ်အောင်မလုပ်နိုင်ဖြစ်ရကြောင်း လူမှုဒုက္ခများအမှန်တကယ်နဲပါး ချုပ်ငြိမ်းမည့်ခေတ်ကာလမျိုးကိုရောက်ရှိလာရန်မျှော်လင့်ကြောင်းကို အမှန်နှင့်အမှားဥပမာများနှင့်ပြောခဲ့ရာ ပရိဿတ်များက လက်ခုပ်တီး၍ထောက်ခံခဲ့ကြပါသည်။
အခန်းအနားတွင်ဖလော်ရီဒါမြန်မာအမေရိကန်အကအဖွဲ့မှ မြန်မာ့ယဉ်ကျေးမှုအကများ၊ ရခိုင်ရိုးရာအကများ နှင့်ပါဝင်သီဆိုကပြခဲ့ကြပြီး၊ ပရိဿတ်နှင့်ဂီတပညာရှင်များအတူတကွ သီချင်းများသီဆို၍အခန်းအနားကိုရုတ် သိမ်းခဲ့ကြပါသည်။
ဖလော်ရီဒါမြို့အသီးသီးကမြန်မာမိသားစုများသည် အသွားအပြန်ခရီးအားဖြင့် (၈)နာရီကြာ ကားမောင်းရသည့် ဝေးကွာသောမြို့များကပင်လာရောက်ကြ၍ အလှူရှင်များ၏ မြန်မာအစားအစာမျိုးစုံကို ရန်ပုံငွေအဖြစ်တပျော်တ ပါး ဝယ်ယူစားသောက်ခဲ့ကြပြီး၊ ရန်ပုံငွေအလှူများကိုလည်းထဲ့ဝင်လှူဒါန်းခဲ့ကြပါသည်။
ဖလော်ရီဒါတွင်ကျင်းပသောရန်ပုံငွေပွဲများမှ စုစုပေါင်းအလှူငွေ (6179.79) ဒေါ်လာကိုရရှိခဲ့ပြီး ရန်ပုံငွေပွဲများ စီစဉ်ဆောင်ရွက်သောပြည်သူ့ဂုဏ်ရည်အသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ပေးအပ်သွားမည် ဖြစ်ပါသည်။ ရရှိလာသောရန်ပုံငွေအားလုံးကို နာရေးကူညီမှုအသင်းနှင့် ၈၈မျိုးဆက်ကျောင်းသားများမှတဆင့် ကချင်ပြည် နယ်နှင့်ရခိုင်ပြည်နယ်ရှိဒုက္ခသည်များသို့ပေးလှူသွားမည်ဖြစ်ပါသည်။ ။
ပြည်သူ့ဂုဏ်ရည်အသင်းဖလော်ရီဒါဌာနခွဲ
ဓာတ်ပုံ – Nyi Aung