ဟာရီကိန်းမုန်တိုင်းစန္ဒီအတွက်အရေးပေါ်အခြေအနေများကြားမှ “ပန်းခရမ်းပြာ၏အိပ်မက်များ” အစီအစဉ် ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲတွင်ကျင်းပပြီးစီး

“ပြည်သူ့ဂုဏ်ရည်အသင်း” ကတာဝန်ခံစီစဉ်ကျင်းပတဲ့ “ပန်းခရမ်းပြာ၏အိပ်မက်များ” လို့အမည်ပေးထားတဲ့ ရန်ပုံငွေရှာဖွေပွဲကို အောက်တိုဘာလ ၂၈ ရက် တနင်္ဂနွေနေ့က နယူးယောက်မြို့မှာ ကျင်းပပြီးစီးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းကို ဝင်ရောက်တိုက်ခတ်တော့မယ့် ဟာရီကိန်းမုန်တိုင်း စန္ဒီ အတွက်အရေးပေါ် အခြေအနေတွေကြောင့် မြို့တွင်းသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ အသွားအလာ ရပ်ဆိုင်းခါနီး ဖြစ်နေချိန်၊ မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကိုင်နေကြတဲ့ကြားထဲက နယူးယောက်မြို့သူမြို့သား ၂၀၀ ကျော် တက်ရောက် အားပေးခဲ့ကြပါတယ်။
ဒီ ရန်ပုံငွေရှာဖွေပွဲကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့ နေရတဲ့ လူမှုဒုက္ခများကို တတ်အားသရွေ့ဝိုင်းဝန်းကူညီကြရန်အတွက်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်းမှာ လူမှုရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်နေကြသော နာရေးကူညီမှုအသင်း (ရန်ကုန်)က ဒုဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရာသက်ပန်အသင်းဝင်များ ဖြစ်ကြတဲ့ တေးရေးဆရာ ကိုရဲလွင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင်တို့ကို “ပြည်သူ့ဂုဏ်ရည်အသင်း” က တာဝန်ခံဖိတ်ခေါ်၍ ပူးပေါင်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းအစီအစဉ်ရန်ပုံငွေဈေးရောင်းပွဲမှာ အလှူရှင်ဈေးဆိုင်ပေါင်း ၂၀ ကျော်က စေတနာအပြည့်အဝဖြင့် အားဖြည့်ကူညီခဲ့ပါတယ်။ ဒုတိယပိုင်း အစီအစဉ်အစမှာ ကိုဝင်းမင်းဦးဆောင်တဲ့ နယူးယောက်မြို့ခံ Exit တေးဂီတအဖွဲ့က မေတ္တာဖြင့် အားဖြည့်ကူညီ တီးခတ်ဖျော်ဖြေ ပေးခဲ့ပါတယ်။
ဒုတိယပိုင်းအစီအစဉ်တွင် အခမ်းအနားမှူး မမေသီခက “ပြည်သူ့ဂုဏ်ရည်အသင်း”၏ “ပန်းခရမ်းပြာ၏အိပ်မက်များ” အစီအစဉ် အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တေးရေးဆရာ ကိုရဲလွင်၊ ဆရာမဒေါ်သန်းမြင့်အောင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင် တို့က မြန်မာပြည်တွင်း လုပ်ကိုင်ဆောင်ရွက်နေသော ပရဟိတလုပ်ငန်းများ၊ မြန်မာပြည်တွင်းလက်ရှိအပြောင်းအလဲများ နှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များကို ဆွေးနွေးဟောပြောသွားခဲ့ကြပါတယ်။ ဆက်လက်၍ ကချင်အမေရိကန်အသင်း (The Kachin American Assocation – KAA) က ကိုယ်စားလှယ် တဦးဖြစ်သူ ကိုတူးဆန် နဲ့ ရခိုင်အမျိုးသားအသင်း (World Arakanese Organization – WAO) က ကိုယ်စားလှယ်တဦးဖြစ်သူ ကိုဇော်ဇော်ထွန်းတို့က ကျေးဇူးတင်စကား အသီးသီးပြောကြားသွားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။
အခမ်းအနားအပြီးတွင် ကိုရဲလွင်နဲ့ ကိုဆောင်းဦးလှိုင်တို့က တက်ရောက်လာသော ပရိသတ်များနှင့်အတူ တေးသီချင်းများ သီဆိုခဲ့ကြပါတယ်။
“ပန်းခရမ်းပြာ၏အိပ်မက်များ” ဆိုတဲ့အမည်ကိုတော့ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းကိုဖြတ်သန်းခဲ့တဲ့ မျိုးဆက်တခုကို ရည်ညွှန်းတဲ့အနေနဲ့ရော၊ အမိမြန်မာပြည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးရဲ့အရေး၊ မြန်မာပြည်ဒီမိုကရေစီ အရေးတို့ကိုပါ ရည်ညွှန်းတဲ့အပြင် “ပန်းခရမ်းပြာ” သီချင်းကိုရေးစပ်ခဲ့သူ၊ မြန်မာပြည်တွင်းမှာ ပရဟိတလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်မြုပ် လုပ်ကိုင်နေသူ ကိုရဲလွင်ကို ဂုဏ်ပြုတဲ့အနေနဲ့ပါ ပြည်သူ့ဂုဏ်ရည်အသင်းက ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို “ပြည်သူ့ဂုဏ်ရည်အသင်း”၏ ဌာနခွဲများတည်ရှိရာ မေရီလန်း၊ ဖလော်ရီဒါ၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ်၊ အရီဇိုးနား၊ လက်စ်ဗေးဂတ်၊ အော်ရီဂွန် နဲ့ Salt Lake City တို့မှာ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ရန်ပုံငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ကတဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။ ။
ဓာတ်ပုံ – Ko Thein Min and Michael Chu