ကချင်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေပွဲ အောင်မြင်စွာပြီးစီး

ကချင်ဒုက္ခသည်များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေရှာဖွေပွဲ (လော့စ်အိန်ဂျလိစ်မြိ့ု) ကို ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူ့ဂုဏ်ရည်အသင်း အယ်လ်အေဌာနခွဲတို့ ပူးပေါင်းကာ First Baptist Church, 6019 Baldwin Ave, Temple City, CA 91780 တွင် ဇူလိုင်လ ၂၈ ရက်၊ ၂၀၁၂ စနေနေ့ ညနေ ၅း၀၀ နာရီ မှ ၁၀း၀၀ နာရီ အထိ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။
အဆိုပါ ရန်ပုံငွေရှာဖွေပွဲ တွင် ကချင်ရိုးရာ အဆို၊ အကများ၊ ကရင်ဒုံးယိမ်း၊ နှင့် ဒေါက်တာပြည်စိုး ဦးစီးသည့် RENDEZVOUS MUSIC BAND နှင့်အတူ စန္ဒယားခင်နုနု၊ သီရိညွန့်၊ Billy and Anna, Timothy, Twinkle, Mona Lisa Min, Saw Ju အပါအဝင် အဆိုတော်များ က သီဆိုဖျော်ဖြေခဲ့ကြပြီး လက်ရှိ ကချင်ဒုက္ခသည်များအခြေအနေကို ဒေါက်တာစိုင်းထွေးမောင်က မိမိ၏ ကိုယ်တွေ့ အတွေ့အကြုံ များအား ဗီဒီယို နှင့်တကွ ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့အပြင် စေတနာရှင် မိသားစုများကလည်း မုန့်ဟင်းခါး၊ ပုဇွန်ခွက်ကျော်၊ လက်သုပ်စုံ၊ ဝက်သားတုပ်ထိုး၊ ရှမ်းထမင်းချဉ်၊ ထမနဲ အပါအဝင် အခြား မြန်မာ့ဓလေ့ အစားအစာများကိုလည်း ရောင်းချ လှူဒါန်း သွားကြပြီး ရောင်းရငွေများ အားလုံးကို ကူညီထောက်ပံ့ရေး ရန်ပုံငွေ အဖြစ်လှုဒါန်း ခဲ့ကြပါသည်။
ထိုပွဲ၌ အမေရိကန်ဒေါ်လာ ၅၂၀၀ ကျော် စုဆောင်း ရရှိပြီး အလှူငွေများ ကို Kachin American Association (KAA) မှတဆင့် နယ်စပ် ဒုက္ခသည်များထံ ပို့ဆောင် လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။
သတင်း – မိုးကျော် (လော့စ်အိန်ဂျလိစ် ဌာနခွဲ)