၂၀၁၂ခုနှစ်ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံးဆန်ခါတင်စာရင်းဝင်များအား ရန်ကုန်မြို့တွင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

၂၀၁၂ခုနှစ်ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံးဆန်ခါတင်စာရင်းဝင်များအား ရန်ကုန်မြို့တွင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ရန်ကုန်၊ ဇွန်၊ ၂၈
၂၀၁၂ခုနှစ်ပြည်သူ့ဂုဏ်ရည်ဆု နောက်ဆုံးဆန်ခါတင်စာရင်းဝင်များအား ရန်ကုန်မြို့ တော်ဝင်နှင်းဆီခြံတွင် ယမန်နေ့နေ့လည်က ဂုဏ်ပြုပွဲအခမ်းအနားကျင်းပပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဝဏ်လွှာကို ဦးစွာဖတ်ကြားသည်။ ထို့နောက် နောက်ဆုံးဆန်ကာတင်ငါးဦး၏ လုပ်ဆောင်ချက်မှတ်တမ်းတင် ဗီဒီယိုပြကွက်များကို ပြသခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူက နောက်ဆုံးဆန်ကာတင်ငါးဦးစာရင်းဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူပြုအဖွဲ့မှ ဦးဝင်းထိန်ကိုလည်းကောင်း၊ ဆရာကြီးဟံသာဝတီ ဦးဝင်းတင်က သုခရိပ်မြုံ လူငယ်ပရဟိတဂေဟာမှ စာရေးဆရာမဒေါက်တာစုထားကိုလည်းကောင်း၊ ရွှေအမြုတေမဂ္ဂဇင်း စာတည်းချုပ်ဦးဝင်းငြိမ်းမှ နာရေးကူညီမှုအသင်း-ရန်ကုန်၏ ဒုဥက္ကဌ ဒေါ်သန်းမြင့်အောင်ကို လည်းကောင်း၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ အလုပ်သမားလယ်သမား အကျိုးဆောင်ရှေ့နေ ဦးဖိုးဖြူကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်းကိုယ်စား နာရေးကူညီမှုအသင်း-ရန်ကုန်၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်တို့ကို ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည် ၆၀ကျော်နှင့်၂၀၁၁ခုနှစ်ပြည်သူ့ဂုဏ်ရည်ဆုရှင်ဒေါ်ရှုတို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။