ကိုကျော်သူ နှင့် မရွှေဇီးကွက်တို့အား မြန်မာမိသားစုများမှ နှုတ်ဆက်ပွဲ

“နှလုံးသားနဲ့ရင်းပြီး လူမှုရေးလုပ်တာပါ။”
ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ (ဥက္ကဌ – နာရေးကူညီမှုအသင်း ရန်ကုန်)
…………………….
“နာရေးကိစ္စတွေမှာ ကူညီရင်း ဆေးဝါးကုသမှုခံယူဖို့ မတတ်နိုင်အတွက်ကြောင့် မသေသင့်ဘဲသေခဲ့ရတဲ့ လူတွေရှိနေပါလားလို့သိလာခဲ့ရတယ်။ အဲဒါကြောင့် သုခကုသိုလ်ဖြစ်ဆေးခန်းတွေဖွင့်ပြီး မတတ်နိုင်သူတွေကို အခမဲ့ကျန်းမာရေးဖြည့်ဆည်းပေးခဲ့တယ်။
ဆေးခန်းကိုလာတဲ့ မကျန်းမာသူတွေမှာ တချို့က ပညာရေးမှာအားနည်းတဲ့အတွက်ကြောင့် ကျန်းမာရေး ဗဟုသုတချို့တဲ့ကြတယ်။ အဲဒါကြောင့် မနာသင့်ဘဲ နာခဲ့ရတဲ့ လူတွေရှိနေပါလားလို့ သိလာခဲ့ရတယ်။ အဲဒီကွက်လပ်ကြီးကိုလဲ တတ်နိုင်သလောက်ဖြည့်ဆည်းဖို့ သုခအလင်း ပညာရေး ကိစ္စတွေကို ဆောင်ရွက်ဖြစ်တယ်။ စာကြည့်တိုက်တွေဖွင့်တာ၊ ပညာရေးသင်တန်းတွေ ပို့ချတာ၊ စတဲ့ ပညာ ဗဟုသုတဖြန့်ဝေတဲ့ လုပ်ငန်းကိုတိုးချဲ့ဆောင်ရွက်ဖြစ်တယ်။”
ဒေါ်ရွှေဇီးကွက် (အတွင်းရေးမှူး – နာရေးကူညီမှုအသင်း ရန်ကုန်)
……………………
အကူအညီတွေလိုအပ်နေတဲ့ ပြည်သူလူထုကြီးကို ဖေးမလက်ကမ်းကူညီပေးနေတဲ့ အများပြည်သူချစ်ခင်လေးစား အားကိုးယုံကြည်တဲ့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ဇနီးမောင်နှံဟာ အမေရိကန်ပြည်ထောင်စုက ပြည်သူ့ဂုဏ်ရည်အမှတ်တရခရီးစဉ်များ ပြီးဆုံးလို့ အမိမြန်မာနိုင်ငံကို ပြန်ကြတော့မှာဖြစ်ပါတယ်။
ဦးကျော်သူတို့ဇနီးမောင်နှံကို ဂုဏ်ပြုနှုတ်ဆက်တဲ့ အခမ်းအနားလေးတခုကို လော့စ်အိန်ဂျယ်လိစ်မြို့ ရဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက ယနေ့ ဇွန်လ ၂၃ရက် စနေနေ့ညနေပိုင်းမှာ မွန်ထရီပတ်ခ်မြို့နယ် က အောင်ဇေခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဧည့်ပရိသတ်ပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ကြတဲ့ အခမ်းအနားမှာ ကိုမိုးကျော် (အယ်လ်အေဌာနခွဲ နှင့် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်) က အခမ်းအနားမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
ပထမ အစီအစဉ်အရ နာရေးကူညီမှုအသင်းကြီးရဲ့ ပေးဆပ်မှုသမိုင်းကြောင်း မှတ်တမ်းရုပ်ရှင်ကိုပြသခဲ့ပြီး၊ လော့စ်အိန်ဂျယ်လိစ်မြို့ပြည်သူ့ဂုဏ်ရည်အသင်းတာဝန်ခံ ကိုအောင်သူစိုး(ခေါ်) ကိုဘိုဘိုက အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့က အမှတ်တရ စကားများ ပြောကြားခဲ့ပါတယ်။
စေတနာမေတ္တာများနဲ့ခရီးဝေးကြီးကနေ တကူးတကလာရောက်ခဲ့ကြတဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံကို ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ကိုယ်စား အယ်လ်အေဌာနခွဲတာဝန်ခံ ကိုအောင်သူစိုး (ခေါ်) ကိုဘိုဘို က ဂုဏ်ပြုနှုတ်ဆက်ကျေးဇူးစကားဆိုခဲ့ရာမှာ ပြည်သူ့ဂုဏ်ရည်အသင်းစီစဉ်တဲ့ ခရီးစဉ်များကို မငြီးမငြူ ထားရာနေ စေရာသွား ပင်ပင်ပန်းပန်းသွားရောက်ပေးခဲ့တဲ့၊ မိမိတို့ဘက်မှ လိုအပ်ခဲ့သည်များ အမှားအယွင်းများကို သည်းခံခွင့်လွှတ်နားလည်ပေးခဲ့တဲ့ အကိုကျော်သူနဲ့ အမရွှေဇီးကွက်တို့ကို အထူးကျေးဇူးတင်ပါကြောင်းပြောဆို သွားပါတယ်။
ဆက်လက်ပြီး ပြည်သူ့ဂုဏ်ရည်ဌာနခွဲ ကိုးခုနဲ့ ပြည်သူ့ဂုဏ်ရည်အသင်းကို ဆက်သွယ်ပြီး မြန်မာ မိသားစုများ တွေ့ဆုံပွဲကျင်းပခဲ့တဲ့ ယူတီကာမြို့အပါအဝင် ဒေသအသီးသီးမှ လှူဒါန်းငွေများကို တခုချင်း ကြေညာပေးခဲ့ပါတယ်။ အမေရိကန်ခရီးစဉ်တခုလုံးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာတသိန်းခွဲကျော် အလှူငွေများရရှိခဲ့ ပါကြောင်း ပရိတ်သတ် လက်ခုပ်သြဘာသံများ အကြားမှာ ကြေညာပေးသွားခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ အကိုကျော်သူနဲ့ အမရွှေဇီးကွက်တို့ရဲ့ အိမ်ပြန်ခရီးစဉ် ခလုပ်မထိဆူးမညိ ချောမွေ့ပါစေကြောင်းနဲ့ မကြာခဏ ပြန်လည် ဆုံဆည်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
ဒေါ်ရွှေဇီးကွက်က အမှတ်တရစကားပြောကြားရာမှာ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ဖိတ်ကြားမှုကို ကျေးဇူးတင်ပါကြောင်းနဲ့ ခရီးစဉ်အတွင်းမိမိတို့ဘက်မှ အမှားအယွင်းများရှိခဲ့ပါကလည်း ခွင့်လွှတ်စေလိုကြောင်း၊ ပြည်သူ့ဂုဏ်ရည် အသင်းကို ရေရှည်တည်တံ့ခိုင်မြဲတဲ့အသင်းတခုဖြစ်စေလိုကြောင်း၊ ကိုယ်ကျိုးကို မကြည့်ကြဘဲ အများအကျိုး အတွက် ညီညီညွတ်ညွတ်နဲ့ ရေရှည်ဆောင်ရွက်သွားကြစေလိုကြောင်း အမှတ်တရပြောကြားသွားခဲ့ပါတယ်။
ဦးကျော်သူက အမှတ်တရစကားပြောကြားရာမှာ အမေရိကားက မြန်မာမိသားစုများနဲ့တွေ့ဆုံခွင့်ရတဲ့အတွက် ရော၊ အားတက်သရောလှူဒါန်းကြသည်များအတွက်ရော ဝမ်းမြောက်ပါကြောင်း၊ ပြည်သူ့ဂုဏ်ရည်အသင်းက လက်ဆောင်ပေးလိုက်တဲ့ iPad လေးကို အများအကျိုးအတွက်အသုံးပြုသွားမယ့် wePad ဖြစ်စေရပါမယ်လို့ အမှတ်တရပြောကြားသွားခဲ့ပါတယ်။
ဂုဏ်ပြုနှုတ်ဆက်တဲ့အခမ်းအနားမှာ လာရောက်လှူဒါန်းကြသူများထံမှ အမေရိကန်ဒေါ်လာ ၄၃၇၈ ဒေါ်လာထပ်မံ ကောက်ခံရရှိတဲ့အတွက် အယ်လ်အေမြို့မှ လှူဒါန်းငွေစုစုပေါင်းဟာ ၃၇,၈၈၀ဒေါ်လာနဲ့ ငါးဆယ်ပြားဖြစ်ပါကြောင်း ကြေညာရင်း အခမ်းအနားကိုတက်ရောက်လာကြတဲ့ ပရိတ်သတ်အပေါင်းရဲ့ ဂုဏ်ပြုလက်ခုတ်သြဘာသံများနဲ့အတူ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတယ်။
သတင်းနှင့်ဓါတ်ပုံ – ကိုကျော်ဝဏ္ဏ၊ ကိုမိုးကျော်နှင့် ကိုဘိုဘို (L.A Chapter)