ပြည်သူ့ဂုဏ်ရည်ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့၏ ၂၀၁၂ခုနှစ် အမေရိကန်ပြည်ထောင်စု အမှတ်တရခရီးစဉ် မှတ်တမ်း

ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဖိတ်ကြားမှုနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၂၀၁၀ခုနှစ်-ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်တို့ရဲ့ ယူအက်စ်အေ အမှတ်တရခရီးစဉ်ဟာ မကြာခင် ပြီးဆုံးတော့မှာဖြစ်ပါတယ်။
နာရေးကူညီမှုအသင်းကြီးရဲ့ ဦးဆောင်သူများလဲဖြစ်တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံဟာ အမေရိကန်ပြည်ထောင်စုကို ၂၀၁၂ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ အခမ်းအနား တက်ရောက်ဖို့ ယခုနှစ် မေလဆန်းမှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည် အသင်းရဲ့ စီစဉ်မှုများနဲ့အတူ ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲများ တည်ရှိရာ မြို့အချို့ကို သွားရောက် ခဲ့ပြီး ဒေသခံ မြန်မာတိုင်းရင်းသား မိသားစုများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။
အားကျစရာ၊ အတုယူစရာကောင်းတဲ့ နာရေးကူညီမှုအသင်းကြီးရဲ့ လက်တွေ့ဆောင်ရွက်နေတဲ့ လူမှုရေးလုပ်ငန်းများ အကြောင်းကို ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ကိုယ်တိုင် ရှင်းပြခဲ့ကြပြီး အဝေးရောက်မြန်မာတိုင်းရင်းသားများက အလှူငွေများ အားတက်သရောထဲ့ဝင် လှူဒါန်းခဲ့ကြပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲအသီးသီးက စီစဉ်တဲ့ပွဲတွေမှာ
(၁) လော့စ်အိန်ဂျယ်လိစ်မြို့ က လှူဒါန်းငွေ ၃၃၅၀၂ ဒေါ်လာနဲ့ ငါးဆယ်ပြား
(၂) ဆန်ဖရန်စစ်စကိုမြို့က လှူဒါန်းငွေ ၃၀၈၂၉ ဒေါ်လာ
(၃) ဆီယက်တယ်မြို့က လှူဒါန်းငွေ ၁၃၆၅၂ ဒေါ်လာ
(၄) ဖီးနစ်မြို့က လှူဒါန်းငွေ ၂၇၄၈ ဒေါ်လာ
(၅) ဝါရှင်တန်ဒီစီမြို့က လှူဒါန်းငွေ ၁၁၆၄၅ ဒေါ်လာ
(၆) ဖလော်ရီဒါပြည်နယ်က လှူဒါန်းငွေ ၉၁၁၇ ဒေါ်လာ
(၇) နယူးယောက်မြို့က လှူဒါန်းငွေ ၂၇၅၉၃ ဒေါ်လာ
(၈) အော်ဘာနီမြို့က လှူဒါန်းငွေ ၉၉၅၀ ဒေါ်လာ
(၉) ဘတ်ဖဲလိုးမြို့က လှူဒါန်းငွေ ၄၉၃၅ ဒေါ်လာ
လက်ခံရရှိခဲ့ပါတယ်။ လက်ခံရရှိတဲ့ အလှူငွေတိုင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အလှူငွေလက်ခံဖြတ်ပိုင်းများနဲ့ စနစ်တကျကောက်ခံခဲ့တာဖြစ်ပါတယ်။
(၁၀) ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲမရှိသေးပေမယ့် ပြည်သူ့ဂုဏ်ရည်အသင်းကို ဆက်သွယ်ပြီး ဒေသခံများနဲ့ တွေ့ဆုံခွင့်ရအောင်ညှိနှိုင်းစီစဉ်ခဲ့တဲ့ ယူတီကာမြို့မှာတော့ လှူဒါန်းငွေ ၈၂၆၀ ဒေါ်လာ ကောက်ခံရရှိခဲ့ပါတယ်။
အဲဒါကြောင့် ပြည်သူ့ဂုဏ်ရည် ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်တို့ရဲ့ အမေရိကန်ပြည်ထောင်စု အမှတ်တရ ခရီးစဉ် အတွင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ယနေ့အထိ ကောက်ခံရရှိထားတဲ့ အလှူငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ တသိန်း၊ ငါးသောင်း၊ နှစ်ထောင်၊ နှစ်ရာ၊ သုံးဆယ့်တစ် ဒေါ်လာနဲ့ ငါးဆယ်ပြား (၁၅၂၂၃၁.၅၀) ဖြစ်ပါကြောင်း အဝေးရောက် တိုင်းရင်းသား မိသားစုများရဲ့ အလှူကို သာဓုခေါ်နိုင်အောင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်း ရဲ့ဖိတ်ကြားချက်ကို စေတနာ၊မေတ္တာများနဲ့ လက်ခံခဲ့ပြီး အမေရိကန်နိုင်ငံအနှံ့ မနေမနား ဆက်တိုက် ခရီးထွက်လို့ ပြည်သူ့ဂုဏ်ရည်အသင်းဝင်များ၊ ဒေသခံတိုင်းရင်းသားမိသားစုများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပေးခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ၊ ၂၀၁၀ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဦးကျော်သူနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်တို့ကို ပြည်သူ့ဂုဏ်ရည်အသင်းက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်းကိုလဲ မှတ်တမ်းတင်လိုက်ပါတယ်။
ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်တို့ကို အိမ်မပြန်မီ ဂုဏ်ပြုနှုတ်ဆက်ပွဲလေးကို အယ်လ်အေမြို့မှာကျင်းပဖို့ စီစဉ်ထားပါတယ်။ ဂုဏ်ပြုနှုတ်ဆက်ပွဲတက်ရောက်လာသူများကို မုန့်ဟင်းခါးနဲ့ဧည့်ခံမှာဖြစ်ပြီး နာရေးကူညီမှု အသင်းပေးဆပ်မှု သမိုင်းကြောင်း ၄၀မိနစ်စာ မှတ်တမ်း ရုပ်ရှင်ကို ပြသမှာဖြစ်ပါတယ်။
ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပမယ့် နေ့ရက်၊ အချိန်၊ နေရာ စတဲ့အစီအစဉ်များကတော့
နေ့ရက်၊ ဇွန်လ ၂၃ရက်၊ စနေနေ့
အချိန်၊ ညနေ ၆နာရီမှ ည၉နာရီ
နေရာ၊ အောင်ဇေခန်းမ – 635 East Garvey Ave, Monterey Park, CA 91755
ဝင်ကြေး၊ အခမဲ့
…… အချိန်တန်လို့ အိမ်ပြန်ကြတော့မယ့် ပြည်သူ့ဂုဏ်ရည်ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို မည်သူမဆို ရင်းရင်းနှီးနှီးလာရောက်နှုတ်ဆက်နိုင်ပါတယ်လို့ အယ်လ်အေမြို့မှ ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ခေါ်ကြိုဆို လျက်ရှိကြောင်းပါခင်ဗျာ။
သတင်း – ကျော်ဝဏ္ဏ၊ တာဝန်ခံ(ယာယီ)၊ ပြန်ကြားရေး နှင့် မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ