၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ နယူးယောက်မြို့တွင် ကျင်းပ

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့က နယူးယောက်မြို့ရှိ Thomas J.McCann Woodside Intermediate School တွင် ကျင်းပခဲ့သည်။ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက်၊ ကဗျာဆရာ စာရေးဆရာ မောင်စွမ်းရည်၊ ပြည်သူ့ဂုဏ်ရည်ဌာနခွဲများမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်ပရိသတ် ၁၅၀ ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားမှူးများအဖြစ် ကိုမျိုးသိန်းထွန်း (လူရွှင်တော် စုတ်ဖွား) နှင့် မစန်းယုယုအုန်း တို့က ဆောင်ရွက်ပြီး ကိုမျိုးသိန်းထွန်းက ပြည်သူ့ဂုဏ်ရည်အသင်းအတွက် ဂုဏ်ပြုရေးဖွဲ့ထားသည့်ကဗျာကို ရွတ်ဆိုကာ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ၂၀၁၀ ပြည့်နှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ကိုကျော်သူက အဖွင့်စကားပြောကြားပြီး မွန်မြတ်သောစိတ် မွေးမြူခြင်းနှင့်ပတ်သက်၍
“ဒေါင်းဆိုတာ ကမှ လှတယ်။
ငါးဆိုတာ ကူးခတ်နေမှ ကြည်နူးတယ်။
ငှက်ဆိုတာ တေးသီမှ အေးချမ်းတယ်။
ခွေးဆိုတာ အမြီးလေးနန့်နေမှ ပျော်မြူးတယ်။
လူဆိုတာ ဗြဟ္မစိုရ်တရား လက်ကိုင်ထားမှ ငြိမ်းချမ်းရေးကို ရမယ်။”
ဟု သူလက်ကိုင်ပြု ဆောင်ရွက်ခဲ့သော ‘ငြိမ်းချမ်းရေး’အမည်ရှိ ကဗျာစာပိုဒ်ကို ဖတ်ကြားကာ ဆုချီးမြှင့်ပွဲအား ဂုဏ်ပြုပြောကြားခဲ့သည်။
ဆက်လက်၍ ပြည့်သူ့ဂုဏ်ရည်အသင်း အထွေထွေအတွင်းရေးမှူး ကိုကျော်ဝဏ္ဏက အမှာစကား ပြောကြားရာ ပြည်သူ့ဂုဏ်ရည်အသင်း စတင်တည်ထောင်ခဲ့ကြခြင်း၏ ရည်ရွယ်ချက်များ၊ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိတော့သည့် မိတ်ဆွေများ အပါအဝင် ပြည်သူ့ဂုဏ်ရည်အသင်းအတွက် ပါဝင် ပံ့ပိုးဆောင်ရွက်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် ပြည်သူ့ဂုဏ်ရည်အသင်း ဘဏ္ဍာရေးမှူး မသိင်္ဂီက အသင်း၏ နှစ်ပတ်လည် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားသည်။ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နယူးယောက်ဌာနခွဲတာဝန်ခံ ကိုတင်မောင်အေး က ယခုနှစ်တွင် စတင်ချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည် အထူးဆုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆုရှင်အမည်ကို ကြေညာသည်။ ‘ပြည်သူ့ဂုဏ်ရည် အထူးဆု’သည် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက မြန်မာပြည်အတွင်း တပိုင်တနိုင် လူမှုအကူအညီပေး လုပ်ငန်းများ လုပ်ဆောင်နေသူများထဲမှ ရွေးချယ်ဂုဏ်ပြုသော ဆုဖြစ်သည်။ ယခုနှစ်အတွက် ကချင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်း လုပ်ဆောင်နေသူ ကချင်တိုင်းရင်းသူ မစုမိုင် ကို ချီးမြှင့်ခဲ့ပြီး ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နှင့် ငွေသား ဒေါ်လာ ၁၀၀၀ (တစ်ထောင်) ရရှိမည်ဖြစ်သည်။
မစုမိုင်၏ လူမှုကူညီရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် ပြသခြင်း၊ မစုမိုင်၏ နှုတ်ခွန်းစကား အသံဖိုင် ဖွင့်ပြခြင်းများ ပြုလုပ်ပြီးနောက် ကိုတင်မောင်အေးက အထူးဆု ပေးအပ်ရာ မစုမိုင် ကိုယ်စား ကချင်တိုင်းရင်းသူ မဂျာခန်း က လက်ခံရယူခဲ့သည်။
၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ၂၀ ဦး ရွေးချယ်ခြင်းနှင့် ဆန်ခါတင် ၅ ဦး ရွေးချယ်ပုံများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအေးမြင့်နှင့် ဒုဥက္ကဋ္ဌ ကိုဝင်းသူအောင်တို့က အသီးသီး ရှင်းလင်းတင်ပြပြီး ကိုဝင်းအေး၊ မဂျာခန်း၊ ကိုသိန်းမင်း၊ မထက်ထက် နှင့် နန်းစံနွံ တို့က ဆန်ခါတင်စာရင်းဝင် ၅ ဦးအကြောင်းကို ဖတ်ကြားသည်။ ထို့နောက် ဆန်ခါတင်စာရင်းဝင် ၅ ဦးအတွက် ဂုဏ်ပြုလက်မှတ်များကို ဌာနခွဲများမှ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များက ပေးအပ်ရာ အိမ်ရှင်မြို့ခံ အဖွဲ့ဝင်များက ကိုယ်စား လက်ခံခဲ့ကြသည်။
ဆက်လက်၍ ၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု၏ နှုတ်ခွန်းဆက်စကား အသံဖိုင်ကို ထုတ်လွှင့်ပြီး ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန္ဒမဲပေးပုံနှင့်ပတ်သက်၍ Professor Richard Hoo က ရှင်းလင်းတင်ပြခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ဆန္ဒမဲပေါင်း ၅ သိန်း ၁ သောင်း ၃ ထောင် ၉ ရာ ၂၂ မဲ (၅၁၃၉၂၂ မဲ) ရရှိခဲ့သည်။
ထို့နောက် ကဗျာဆရာ မောင်စွမ်းရည်က သူ့တသက်တာတွင် ပြည်သူ့ဂုဏ်ရည်ဆုရှင်၏ အမည်ကို ကြေညာခွင့်ရခြင်းမှာ ဂုဏ်အယူဆုံးဖြစ်ကြောင်း ပြောကြားပြီးနောက် ၂၀၁၂ ခုနှစ် ပြည့်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကချင်တိုင်းရင်းသား လဖိုင်နော်မိန်းသည် ဆန္ဒမဲ စုစုပေါင်း၏ ၅၁.၂၅% ဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။ ပြည်သူ့ဂုဏ်ရည်ဆုကို ဆရာ မောင်စွမ်းရည်က ပေးအပ်၍ လဖိုင်နော်မိန်း ကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်က လက်ခံခဲ့သည်။ ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အနေဖြင့် ဆုတံဆိပ်နှင့်အတူ ငွေသား ဒေါ်လာ တစ်သောင်း ရရှိမည်ဖြစ်ပြီး ကျန် ဆန်ခါတင်စာရင်းဝင် ၄ ဦးကိုလည်း ငွေသား ဒေါ်လာ တစ်ထောင်စီ ဂုဏ်ပြုပေးအပ်ခဲ့သည်။
ထို့နောက် ပြည်သူ့ဂုဏ်ရည်အသင်း၏ လိုဂိုနှင့် ဒီဇိုင်းများ ဖန်တီးပေးခဲ့သည့် ပန်းချီ မင်းကျော်ခိုင်နှင့် ဒီဇိုင်းပညာရှင် ကိုမျိုးတို့ကို ကျေးဇူးဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ကိုဝေလ၀င်း က ကျေးဇူးတင်စကား ပြောကြားကာ ၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို တောင်ကိုရီးယား ဌာနခွဲက လက်ခံကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြီးနောက် အခမ်းအနားမှူး ကိုမျိုးသိန်းထွန်းက ကဗျာဆရာ ဇော်ဂျီ၏ တို့တိုင်းပြည်ကဗျာမှ ကောက်နုတ်ချက်ဖြစ်သော “သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏။” ဟူသည့်စာပိုဒ်ကို ရွတ်ဆိုကာ ဆုတောင်းစကားပြောကြားရင်း ဆုပေးပွဲအခမ်းအနား အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာခဲ့သည်။
၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းများကို ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ http://citizenofburma.org တွင် စတင်လက်ခံနေပြီဖြစ်ရာ မည်သူမဆို သွားရောက်ဆန္ဒပြုနိုင်ပါသည်။


ဓာတ်ပုံများကြည့်ရှုရန်….


ဓာတ်ပုံများကြည့်ရှုရန် (Link2) …..