ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် အော်ဘနီ မြန်မာမိသားစု တွေ့ဆုံပွဲ


နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် တို့နှင့် အော်ဘနီ မြန်မာမိသားစုများ တွေ့ဆုံပွဲကို မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီထိ နယူးယောက်ပြည်နယ် အော်ဘနီမြို့ရှိ ရင်ဆယ်လီယာ ဘက်ပတစ် ဘုရားကျောင်းတွင် ကျင်းပရာ ယူတီကာ၊ အော်ဘနီ၊ ဘော့စတွန် စသည့်မြို့များမှ ပရိသတ် ၂ဝဝ ကျော်ခန့် တက်ရောက်အားပေးခဲ့သည်။ မွန်းတည့် ၁၂ နာရီခန့်တွင် နယူးယောက်မြို့မှ ကားဖြင့် ရောက်ရှိလာသော ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ကို မြို့ခံ အပျော်တမ်း ဝါသနာရှင်များက ‘ဦးရွှေရိုး ဒေါ်မိုး’ ကြိုဆိုအကဖြင့် သံချပ်များထိုး၍ ကြိုဆိုခဲ့ကြသည်။ ရှေးဦးစွာ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ကြွရောက်လာသည့် ဧည့်ပရိသတ်များနှင့်အတူ နေ့လယ်စာဖြင့် ဧည့်ခံခဲ့ကြပြီး ၁၂း၄ဝ နာရီခန့်တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲအစီအစဉ်ကို စတင်ခဲ့သည်။ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်း အော်ဘနီဌာနခွဲ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဇော်ကိုနိုင်က ဆောင်ရွက်ပြီး အခမ်းအနားဖွင့် အကအဖြစ် မြို့ခံ ယိမ်းပျိုဖြူများက ‘စည်းလုံးခြင်းရဲ့ ခွန်အား’ သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ရန်ဆယ်လီယာမြို့ ဘုန်းတော်ကြီးဦးဣဿရိယ က အဖွင့်အမှာစကား ပြောကြားသည်။ မြို့ခံယိမ်းအကအဖွဲ့က ‘ပုဂံအက’ဖြင့် ဖျော်ဖြေပြီးနောက် အခမ်းအနားမှူးက ပြည်သူ့ဂုဏ်ရည်အသင်း၊ ပြည်သူ့ဂုဏ်ရည်ဆုနှင့် ဆုရွေးချယ်ပုံတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မမိုးမိုးဆွေက ဒေါ်ရွှေဇီးကွက် အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း(ရန်ကုန်) အကြောင်းနှင့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးကျော်သူ အတ္ထုပ္ပတ္တိကို ကိုအောင်ဝင်းက ဖတ်ကြားပြီး၊ ဦးကျော်သူက နာရေးကူညီမှုအသင်း သမိုင်းကြောင်းနှင့် ဖြတ်သန်းမှုမှတ်တိုင်အနည်းငယ်ကို ရှင်းပြကာ ‘နာရေးကူညီမှုအသင်း ပေးဆပ်မှုသမိုင်းကြောင်း’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။ ယင်းနောက် ပရိသတ်များ၏ မေးခွန်းများကို ဦးကျော်သူက ဖြေကြားခဲ့ဲသည်။ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ စကားပြောရန် စင်မြင့်သို့ ထွက်ခွာသည့်အချိန်များ၌ ပရိသတ်အားလုံးက မတ်တတ်ရပ်ကာ ဂုဏ်ပြုခဲ့ကြသည်။ အခမ်းအနားအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေ ဒေါ်လာ ၉ ထောင် ၄ ရာ (၉၄၀၀) ရရှိကြောင်း အခမ်းအနားမှူးက ကြေညာပြီးနောက် ဦးကျော်သူ ဒေါ်ရွှေဇီးကွက်တို့နှင့်တကွ ပရိသတ်အား ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို အဆုံးသတ်ခဲ့သည်။ ။

ဤနေရာတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ ကြည့်ရှုနိုင်ပါသည်…

http://www.thithtoolwin.com/2012/05/blog-post_27.html

http://www.facebook.com/media/set/?set=a.168058939992154.36236.100003641486180&type=3&l=366f0600a9