ဦးကျော်သူတို့နှင့် မေရီလန်း မြန်မာမိသားစုတွေ့ဆုံပွဲ ကျင်းပ

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့နှင့် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်ရှိ မြန်မာမိသားစု တွေ့ဆုံညစာစားပွဲကို မေလ ၁၈ ရက်နေ့က မေရီလန်းပြည်နယ် Silver Spring မြို့တွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲကို Silver Spring မြို့ One Veteran Center ၌ ညနေ ၆ နာရီမှ ည ၁၀း၃ဝ နာရီထိ ကျင်းပခဲ့ရာ ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲတွင် ပြည်သူ့ဂုဏ်ရည်အသင်း မေရီလန်းဌာနခွဲ စည်းရုံးရေးတာဝန်ခံ ကိုယဉ်ထွေးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ ကိုဇော်ဇော်က စက်ပိုင်းဆိုင်ရာများကို တာဝန်ယူကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ကိုယဉ်ထွေးက အခမ်းအနားဖွင့် ကျေးဇူးတင်စကား၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ကိုနေလင်းက ပြည်သူ့ဂုဏ်ရည်အသင်း ဖြစ်ပေါ်လာပုံ၊ ၂ဝ၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအကြောင်း တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်မှတ်တမ်း လုပ်ငန်းကော်မတီ တာဝန်ခံ မမြတ်ယဉ်ချောက ဒေါ်ရွှေဇီးကွက် အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့်ပတ်သက်သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးကျော်သူ၏ အတ္ထုပ္ပတ္တိကို စည်းရုံးရေးတာဝန်ခံ ကိုထွန်းထွန်းက ဖတ်ကြားပြီး ဦးကျော်သူက နာရေးကူညီမှုအသင်း သမိုင်းကြောင်းနှင့် ဖြတ်သန်းမှုမှတ်တိုင်အနည်းငယ်ကို ရှင်းပြကာ ‘F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။
ထို့နောက် မဝါဝါမော်က မေတ္တာဖြင့် လာရောက်ခဲ့သော ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ ပွဲဖြစ်မြောက်ရေးအတွက် ကူညီကြသူအားလုံးနှင့်တကွ တက်ရောက်လာကြသော မေရီလန်း၊ ဝါရှင်တန် ဒီစီ နှင့် ဗာဂျီးနီးယားပြည်နယ်မှ မြန်မာမိသားစုများအား မေရီလန်းပြည်နယ် ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားမှူးက နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေစုစုပေါင်း တစ်သောင်း တစ်ထောင် ငါးရာခြောက်ဆယ့်ငါး (၁၁၅၆၅) ဒေါ်လာ လှူဒါန်းနိုင်ခဲ့ကြောင်း ဖတ်ကြားကြေညာရာ တက်ရောက်လာသူအားလုံးက ဝမ်းသာအားရ လက်ခုပ်တီး အားပေးကြသည်။
ပြည်သူ့ဂုဏ်ရည်အသင်း မေရီလန်းဌာနခွဲ မှ ဂုဏ်ပြုလက်ဆောင်အဖြစ် တက်ရောက်လာသူများ လက်မှတ်ရေးထိုးထားသော ပြည်သူ့ဂုဏ်ရည်တီရှပ်ကို ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက်တို့အား ပေးအပ်ခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် မိသားစုများက ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့နှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြပြီး တွေ့ဆုံပွဲကို ည ၁၀:၃၀ နာရီခန့်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။


ဓာတ်ပုံများကြည့်ရန်…