ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် တို့နှင့် ဖလော်ရီဒါမြန်မာမိသားစုများ တွေ့ဆုံပွဲကျင်းပပြီးစီး

ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါ ဌာနခွဲ၏ ပထမဆုံးပြုလုပ်သည့် အခမ်းအနားဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် မေလ ၁၉ ရက် ညနေက အော်လန်ဒိုမြို့ရှိ Mela Room တွင် ပြုလုပ်ခဲ့သည်။
ညနေ ၄ နာရီမှ ည ၉ နာရီအထိ ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲသို့ အော်လန်ဒို (Orlando) မြို့နေ မြန်မာမိသားစုများသာမက မိုင် ၁၅၀ မှ ၂၅၀ ခန့်ဝေးသည့် Gainesville၊ Jacksonville၊ Naples နှင့် Miami မြို့တို့မှ မြန်မာမိသားစုများပါ စိတ်အားထက်သန်စွာ လာရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အလှူရှင်များက ကြက်သားသုပ်၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲ၊ ကြက်သားဒန်ပေါက် အစရှိသည့် မြန်မာအစားအစာများ ရောင်းချခဲ့ကြပြီး ရရှိသည့်ငွေအားလုံးကို နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လှူဒါန်းခဲ့ကြသည်။ ဈေးရောင်းပွဲ ပြုလုပ်နေစဉ်အတွင်း ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီကျော်သူ စီစဉ်တင်ဆက်သည့် ‘ကျော်သူ၏ အတိတ်ဘဝ ဖြတ်သန်းမှုပုံရိပ်များ’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။
ပရိသတ် ၂၀၀ ကျော် တက်ရောက်ခဲ့သည့် တွေ့ဆုံပွဲအခမ်းအနားကို “Florida Myanmar American Dance Company (FMADC)” မှ အကဖြင့် တင်ဆက်ဖျော်ဖြေကာ စတင်ခဲ့သည်။ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲတာဝန်ခံ ကိုသန်းနိုင်က ဖလော်ရီဒါဌာနခွဲ တည်ထောင်ခြင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီး ဖလော်ရီဒါပြည်နယ်အတွင်းရှိ အလှမ်းကွာသောမြို့များမှမိတ်ဆွေများ ဆုံစည်း၍ ပြည်တွင်းသို့ လူမှုကူညီရေးအခမ်းအနားကို ဌာနခွဲ စတင်တည်ထောင်ပြီး ပွဲဦးထွက်မှာပင် အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည့် မြန်မာမိသားစုများ၏ပွဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဂျိမ်းစ်လင်းထွန်းကလည်း အသင်းဝင်များသာမက မြန်မာမိသားစုတိုင်းက စိတ်အားထက်သန်စွာ ဝိုင်းလုပ်ကြသဖြင့် အခမ်းအနား အောင်မြင်ခြင်းဖြစ်ကြောင်း ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ ထိထိရောက်ရောက် ပေးဆပ်လုပ်ဆောင်နေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခေါ်)ဒေါ်ရွှေဇီးကွက် တို့ကို အလှူရှင်များနှင့် ပေါင်းကူးဆက်သွယ်ပေးနိုင်ခဲ့သဖြင့် ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား ဝမ်းသာဂုဏ်ယူကြောင်းလည်း ကိုသန်းနိုင်နှင့် ကိုဂျိမ်းစ်လင်းထွန်းတို့က ပြောကြားခဲ့ကြသည်။
အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဌာနခွဲ စည်းရုံးရေးကော်မတီမှ ကိုစိန်မြင့်အောင်က ဆောင်ရွက်ပြီး ဒေါ်ရွှေဇီးကွက်၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဒေါက်တာဒေါ်နီနီခင်၊ ဦးကျော်သူ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဌာနခွဲ သတင်းပြန်ကြားရေးကော်မတီမှ ကိုသက်လွင် တို့က အသီးသီး ဖတ်ကြားခဲ့ကြသည်။
ဒေါ်ရွှေဇီးကွက် နှင့် ဦးကျော်သူတို့ စင်မြင့်ပေါ်သို့ တက်ရောက်လာသည့်အခါ ပရိသတ်များက လက်ခုပ်သြဘာများပေး၍ တခဲနက် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ၎င်းတို့က နာရေးကူညီမှုအသင်း(ရန်ကုန်) ပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်ကြပုံများကို ရှင်းလင်းပြောပြခဲ့ကြပြီး “F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း” မှတ်တမ်းရုပ်ရှင်ကိုလည်း ပြသရာ ပရိသတ်များ ငြိမ်သက်စွာ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခန်းအနားမှူးက အလှူရှင်များစာရင်းနှင့် အလှူငွေကို ဖတ်ကြားကြေညာပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဖလော်ရီဒါဌာနခွဲ မှ ဂုဏ်ပြုလက်ဆောင်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေများအား ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက်တို့ကို ပေးအပ်ခဲ့သည်။
ဖလော်ရီဒါ မြန်မာမိသားစုတွေ့ဆုံပွဲတွင် ဈေးရောင်းပွဲ ရောင်းရငွေအားလုံးနှင့် အလှူငွေ စုစုပေါင်း ကိုးထောင်တစ်ရာတစ်ဆယ့်ခုနစ် (၉၁၁၇) ဒေါ်လာ ကို နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ လှူဒါန်းနိုင်ခဲ့သည်။


ဤနေရာတွင်ဓာတ်ပုံများကြည့်ရှုပါ…