ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် နှင့် အရီဇိုးနား မြန်မာမိသားစု တွေ့ဆုံပွဲများကျင်းပ

ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် နှင့် အရီဇိုးနား မြန်မာမိသားစု တွေ့ဆုံပွဲများကျင်းပ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဇနီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် တို့နှင့် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ရှိ မြန်မာမိသားစု တွေ့ဆုံပွဲများကို မေလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များ၌ အရီဇိုးနားပြည်နယ်ရှိ ဖီးနစ်မြို့နှင့် စကော့စဒေးမြို့တို့တွင် ပြုလုပ်ခဲ့ကြသည်။
မေလ ၁၃ ရက်နေ့ တွေ့ဆုံပွဲကို ဖီးနစ်မြို့ရှိ ဂရင်းကင်ညွန် တက္ကသိုလ်၌ မွန်းလွဲ ၂ နာရီမှ ညနေ ၄း၃ဝ နာရီထိ ကျင်းပခဲ့ရာ ပရိသတ် ၁၆ဝ ခန့် တက်ရောက်ခဲ့ကြသည်။ အဆိုပါပွဲတွင် ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲ ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး တာဝန်ခံ မဥမ္မာဗိုလ်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဖီးနစ်မြို့ ပျိုးခင်းဒိုးအဖွဲ့ စီစဉ်တင်ဆက်သည့် ဦးရွှေရိုး၊ ဒေါ်မိုး အကဖြင့် ဦးကျော်သူ နှင့်မရွှေဇီးကွက်တို့အား ဂုဏ်ပြုကြိုဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအေးမြင့်က အခမ်းအနားဖွင့် ကျေးဇူးတင်စကား၊ ၂ဝ၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအကြောင်းနှင့် ယခုနှစ် ဆုပေးပွဲမှစတင်မည့် ‘ပြည်သူ့ဂုဏ်ရည်အထူးဆု’ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် မှတ်တမ်း လုပ်ငန်းကော်မတီ တာဝန်ခံ ကိုဟံဝန်းချိုက ဒေါ်ရွှေဇီးကွက် အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း(ရန်ကုန်) နှင့် ပတ်သက်သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးကျော်သူ၏ အတ္ထုပ္ပတ္တိကို မကြည်ဇာစံ(မချိုသဲ)က ဖတ်ကြားပြီး ဦးကျော်သူက နာရေးကူညီမှုအသင်း သမိုင်းကြောင်းနှင့် ဖြတ်သန်းမှုမှတ်တိုင်အနည်းငယ်ကို ရှင်းပြကာ ‘F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။
ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ စကားပြောရန် စင်မြင့်သို့ ထွက်ခွာသည့်အချိန်များ၌ ပရိသတ်အားလုံးက မတ်တတ်ရပ်ကာ ဂုဏ်ပြုခဲ့ကြသည်။ ယင်းနောက် ပရိသတ်များ၏ မေးခွန်းများကို ဦးကျော်သူက ဖြေကြားခဲ့ဲပြီး အခမ်းအနားအတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် လှူဒါန်းသည့် အလှူငွေပမာဏကို အခမ်းအနားမှူးက ကြေညာခဲ့သည်။ ထို့နောက် ညနေဆည်းဆာ တွေ့ဆုံပွဲ အချိန်နှင့်နေရာကို ကြေညာ၍ ပရိသတ်အား ကျေးဇူးတင်စကားပြောကြားကာ ညနေ ၅ နာရီခန့်တွင် အခမ်းအနားကို အဆုံးသတ်ခဲ့သည်။
ထိုနေ့ ညနေဆည်းဆာ တွေ့ဆုံပွဲကို ဖီးနစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ စာရင်းစစ် နှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီတာဝန်ခံ ကိုထွန်းထွန်း၏ နေအိမ်တွင် ညနေ ၇ နာရီမှ စတင်ကျင်းပရာ ပရိသတ် ၅ဝ ခန့် လာရောက်၍ ဦးကျော်သူ၏ ‘အတိတ်ဘဝ ဖြတ်သန်းမှုပုံရိပ်များ’ ရုပ်ရှင်ကို ကြည့်ရှုရင်း၊ မိမိတို့ တပိုင်တနိုင် ယူလာကြသော အစားအစာများကို ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ စားသောက်ကာ သိလိုသည်များအား မေးမြန်းခဲ့ကြသည်။ ည ၉ နာရီခွဲခန့်တွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်။
မေလ ၁၄ ရက် ညနေဆည်းဆာ တွေ့ဆုံပွဲကို စကော့စဒေးမြို့ရှိ ကိုဖီးလစ်ထွန်း၊ မနွယ်နွယ်ဝင်း မိသားစု နေအိမ်တွင် ညနေ ၇ နာရီမှ ည ၁ဝ နာရီထိ ကျင်းပရာ ပရိသတ် ၅ဝ ဦးခန့်က တနိုင်တပိုင် အစားအသောက်များ ယူဆောင်လာပြီး ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်တို့နှင့်အတူ စားသောက်ရင်း သိလိုသည်များအား မေးမြန်းခဲ့ကြသည်။ ဖီးနစ်မြို့ရှိ ဂီတဝါသနာရှင် လူငယ်များကလည်း ကြွရောက်လာသည့် ဧည့်ပရိသတ်ကို ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားများပြုလုပ်သည့် မေလ ၁၃ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် လှူဒါန်းငွေ စုစုပေါင်း ဒေါ်လာ ၂ ထောင် ၇ ရာ ၄၈ (၂၇၄၈) ရရှိခဲ့ပြီး ယင်းအလှူငွေများအား လွှဲအပ်ခဲ့ပြီးဖြစ်သည်။ ။


ဤနေရာတွင် ဓာတ်ပုံများ ကြည့်ရှုနိုင်ပါသည်…