ပြည်သူ့ဂုဏ်ရည် လက်စ်ဗေးဂတ်ဌာနခွဲ ရန်ပုံငွေပွဲ အောင်မြင်စွာ ကျင်းပ

ပြည်သူ့ဂုဏ်ရည် လက်စ်ဗေးဂတ်ဌာနခွဲ၏ ‘ဂီတဆည်းဆာညချမ်း နှင့် ရန်ပုံငွေဈေးရောင်းပွဲ’ ကို ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ ပြုလုပ်သည့် ပွဲတော်သို့ လက်စ်ဗေးဂတ် တွင် နေထိုင်သော မြန်မာများ ၅၀ ခန့် လာရောက်အားပေးခဲ့ကြသည်။
ယင်းပျော်ပွဲရွှင်ပွဲ၌ ဖာလူဒါ၊ ကြာဆံကြော်၊ လက်ဖက်ရည်၊ ကောက်ညှင်းငချိပ်ပေါင်း၊ ဝက်သားတုတ်ထိုး၊ ငုံးကြော်၊ မုန့်ဖက်ထုပ်၊ အအေးမျိုးစုံ အစရှိသည့် ရသာစုံ အစားအစာများအပြင် ပြည်သူ့ဂုဏ်ရည်အသင်း တီရှပ်အင်္ကျီများကိုလည်း ရောင်းချခဲ့ကြသည်။
ည ၈ နာရီခွဲခန့်တွင် ပြည်သူ့ဂုဏ်ရည်အသင်း ပြည်သူ့ဂုဏ်ရည်အသင်းနှင့်ပတ်သက်သည့် အမေးအဖြေ ဉာဏ်စမ်းအစီအစဉ်ကို ပြိုင်ပွဲပြုလုပ်ရာ ပွဲတော်လာ ပရိသတ်ထဲမှ ၁၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ဖြေဆိုသူများထဲမှ အမှတ်အများဆုံး ရရှိသူ ၆ ဦး ဒုတိယအဆင့်အဖြစ် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ကြပြီးနောက် အမှတ်အများဆုံးရရှိသူ ကိုနေလင်း ကို Las Vegas ပြည်သူ့ဂုဏ်ရည်ဌာနခွဲမှ ကိုဝင်းသူအောင် က Kindle Fire Tablet တစ်လုံး ဆုချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲဒိုင်လူကြီးများအဖြစ် ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲတာဝန်ခံ ကိုဘိုတောက် နှင့် ကိုကိုထွေး တို့က ကြီးကြပ် ကူညီဆောင်ရွက်ပေးခဲ့သည်။ ည ၁၁ နာရီခန့်တွင် ရန်ပုံငွေ ဈေးရောင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။