ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်နှင့် ဆန်ဖရန်စစ္စကို မြန်မာမိသားစု တွေ့ဆုံပွဲကျင်းပ

၂၀၁၀ ပြည့်နှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၊ ဇနီး ဒေါ်ရွှေဇီးကွက် နှင့် ဆန်ဖရန်စစ္စကို(ဘေးဧရိယာ) မြန်မာမိသားစုများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် မေလ ၆ ရက်နေ့က
6430, Thornton Ave., Newark ရှိ Newark Pavilion တွင် ကျင်းပရာ ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
လော့စ်အိန်ဂျယ်လိစ်မြို့မှ လေယာဉ်ခရီးဖြင့်ရောက်ရှိလာသည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့ နံနက် ၁၁ နာရီ ၂၀ တွင် အခမ်းအနားကျင်းပရာ ခန်းမသို့ ရောက်ရှိလာရာ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲအဖွဲ့ဝင်များနှင့် စေတနာရှင်များက ဝိုင်းဝန်းကြိုဆိုကာ ဦးကျော်သူတို့ နှစ်ဦး ကျန်းမာစေကြောင်း ဆုတောင်းစကား ပြောကြားကြသည်။
မွန်းတည့် ၁၂ နာရီတွင် ဈေးရောင်းပွဲ စတင်ပြုလုပ်ပြီး အခမ်းအနားသို့ ရောက်ရှိလာသူများက မုန့်ဟင်းခါး၊ ကြာဆံကြော်၊ ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ မြန်မာထမင်းဟင်း အစရှိသည့် အစားအသောက်များကို ဝယ်ယူစားသောက်ကြသည့်အပြင် အလှူခံဌာနသို့ သွားရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေများ ပေးအပ်ကြသည်။
တွေ့ဆုံပွဲ အခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် စတင်၍ မမီးမီး နှင့်အဖွဲ့ တင်ဆက်သည့် ‘ပြည်ထောင်စုအလှ’ တေးသရုပ်ဖော်ဖြင့် ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားမှူးများအဖြစ် ကိုထိန်လင်းနှင့် မနန္ဒီကျော်မင်း တို့က ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ နွေဦးဒိုးပတ်အဖွဲ့၏ သံချပ်၊ တေးသံရှင် ဇယံဓ နှင့် မခင်ခင်အုန်းတို့၏ မြိုင်ထနှစ်ပါးသွားအက၊ ကိုဝေဖြိုး ကိုကျော်ကျော်စိုး ဂျနီဖာ နှင့် အဖွဲ့က ‘လူပျို့ဝါဒ အပျို့ဝါဒ’ တေးသရုပ်ဖော်တို့ကို တင်ဆက်ခဲ့ကြသည်။
ထို့နောက် ဒေါ်ရွှေဇီးကွက်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို မနန္ဒီကျော်မင်း က ဖတ်ပြပြီး ဒေါ်ရွှေဇီးကွက်က နာရေးကူညီမှုအသင်း(ရန်ကုန်) အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဦးကျော်သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပြီးနောက် ဦးကျော်သူက ၎င်း၏ အနုပညာဖြတ်သန်းမှုအကြောင်း မိတ်ဆက်စကား ပြောကြားကာ ‘ကျော်သူ၏ အတိတ်ဘ၀ ဖြတ်သန်းမှု ပုံရိပ်များ’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။
ထူးခြားချက်အနေဖြင့် ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ စကားပြောရန် စင်မြင့်သို့ ထွက်ခွာသည့်အချိန်များ၌ ပရိသတ်အားလုံးက မတ်တတ်ရပ်ကာ ဂုဏ်ပြုခဲ့ကြသည်။
အနုပညာ မှတ်တမ်းရုပ်ရှင် ပြသပြီးနောက် ဦးကျော်သူက နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဖြတ်သန်းမှုမှတ်တိုင်များနှင့်ပတ်သက်၍ အနည်းငယ်ရှင်းပြကာ ‘F.F.S.S ပေးဆပ်မှု သမိုင်းကြောင်း’ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့သည်။ ယင်းနောက် ပရိသတ်များ၏ မေးခွန်းများကို ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့က ဖြေကြားခဲ့ကြသည်။ အခမ်းအနား အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် အလှူငွေ ဒေါ်လာ ၂ သောင်း ၃ ထောင်ကျော် ရရှိကြောင်း ကြေညာခဲ့သည်။
အမေးအဖြေကဏ္ဍအပြီး၌ ကိုခင်မောင်အေးက ဦးကျော်သူ နှင့် ဒေါ်ရွှေဇီးကွက် တို့ကို မြန်မာမိသားစုများကိုယ်စား အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့သည်။ ထို့နောက် ကိုကျော်ဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း သီဆိုကာ အဆုံးသတ်ခဲ့သည်။
အခမ်းအနားပြုလုပ်သည့် မေလ ၆ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် လှူဒါန်းငွေစုစုပေါင်း ဒေါ်လာ ၂ သောင်း ၉ ထောင်ကျော် ရရှိခဲ့သည်။ ။


ဤနေရာတွင် ဓာတ်ပုံများ ကြည့်ရှုနိုင်ပါသည်…