ဦးကျော်သူနှင့် မြန်မာမိသားစု တွေ့ဆုံပွဲများတွင် မှတ်တမ်းရုပ်ရှင် ၂ ခု ပြသမည်

အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲများတည်ရှိရာ မြို့များ၌ မေလ ၅ ရက်နေ့တွင် စတင်ကျင်းပမည့် ‘၂၀၁၀ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် (နာရေးကူညီမှုအသင်း – ရန်ကုန်) နှင့် မြန်မာမိသားစုများ တွေ့ဆုံပွဲ’ များတွင် မှတ်တမ်းရုပ်ရှင်ကား ၂ ခု ပြသမည်ဖြစ်သည်။
ယင်းမှတ်တမ်းရုပ်ရှင်များမှာ ရုပ်ရှင်သရုပ်ဆောင် နှင့် ဒါရိုက်တာဖြစ်သူ ဦးကျော်သူ ရိုက်ကူးတင်ဆက်ထားသည့် ‘ကျော်သူ၏ အတိတ်ဘဝ ဖြတ်သန်းမှုပုံရိပ်များ’ နှင့် ‘FFSS ပေးဆပ်မှုသမိုင်းကြောင်း’ တို့ ဖြစ်သည်။
‘ကျော်သူ၏ အတိတ်ဘဝ ဖြတ်သန်းမှုပုံရိပ်များ’ တွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် အနုပညာလောကထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့သည့် ‘ချစ်ကြိုးလေးနှစ်မျှင်’ ရုပ်ရှင်မှ စတင်ကာ နောက်ဆုံးရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများအထိ ဦးကျော်သူ ၏ အနုပညာတင်ဆက်မှု ကောက်နုတ်တင်ပြချက်များကို ကြည့်ရှုရမည်ဖြစ်ပြီး ပြသချိန် ၈၀ မိနစ် ကြာမြင့်မည်ဖြစ်သည်။
‘FFSS ပေးဆပ်မှုသမိုင်းကြောင်း’ သည် ပြသချိန် ၄၅ မိနစ် ကြာမြင့်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဖြတ်သန်းလာခဲ့ရသည့် မှတ်တမ်းများကို ကြည့်ရှုရမည်ဖြစ်သည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်များကို မေလ ၅ ရက်နေ့ လော့စ်အိန်ဂျယ်လိစ် မြို့တွင် ကျင်းပမည့် အခမ်းအနားမှ စတင်ကာ ပြသသွားမည်ဖြစ်သည်။
တွေ့ဆုံပွဲများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာ http://citizenofburma.org ‘သတင်းနှင့်မှတ်တမ်းများ’ ကဏ္ဍအောက်ရှိ ‘သတင်းများ’ နှင့် ‘အစီအစဉ် ပြက္ခဒိန်’ တို့တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။