ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ

ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားချက်ဖြင့် ပြည်ပသို့ထွက်ခွာခဲ့သည့် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ မေလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီဖြစ်သည်။
ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ လိုက်ပါလာသည့်လေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းလွဲ ၁ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ပြီး လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ ဓာတ်ပုံပါ အမှတ်တရ တီရှပ်များ ဝတ်ဆင်ကာ သွားရောက်ကြိုဆိုခဲ့ကြသည်။
ညနေ ၅ နာရီခန့်တွင် ဦးကျော်သူ နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့အား အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်သူ့ဂုဏ်ရည်ဌာနခွဲ အဖွဲ့ဝင်များက တယ်လီဖုန်း ကွန်ဖရန့်ပြုလုပ်ကာ တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ နှင့် အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့သည် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွင်းရှိ မြန်မာမိသားစုများနှင့်လည်း
တွေ့ဆုံကြမည်ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက်စာမျက်နှာ http://citizenofburma.org ရှိ ‘သတင်းများ’ ကဏ္ဍနှင့် ‘အစီအစဉ် ပြက္ခဒိန်’ ကဏ္ဍ တို့တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု
ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ။