ပြည်သူ့ဂုဏ်ရည်အသင်း ၃ နှစ်ပြည့်အလှူပွဲ ဆန်ဖရန်စစ္စကို ဌာနခွဲ ကျင်းပ

ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ဒုတိယအကြိမ် ဆုပေးပွဲ အခမ်းအနားကို အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းနှင့် ပြည်သူ့ဂုဏ်ရည်အသင်း ၃ နှစ်ပြည့်အထိမ်းအမှတ် အလှူပွဲကို ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကိုဌာနခွဲက မတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည်။
နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပြုလုပ်သော အဆိုပါအလှူပွဲကို Hayward မြို့ရှိ မုဒိတာရွှေကျောင်းတွင် ကျင်းပရာ ဖိတ်ကြားထားသည့် ဧည့်သည် ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
ကြွရောက်လာသော ဧည့်သည်များကို ဌာနခွဲမိသားစုများက မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ သင်္ဘောသီးထောင်း၊ သာကူ၊ ကျောက်ကျော၊ ကောက်ညှင်းပေါင်း အစရှိသည့် စားသောက်ဖွယ်များဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။ ထို့ပြင် ပြည်သူ့ဂုဏ်ရည်အသင်းနှင့်ပတ်သက်သည်များကို ရှင်းပြခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများလည်း လုပ်ဆောင်ခဲ့ကြသည်။
နံနက် ၁၁ နာရီခွဲ၌ သံဃာတော်များအား နေ့ဆွမ်းကပ်လှူပြီး ၁၂ နာရီခွဲတွင် သံဃာတော်များထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ကြရာ ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ မှ ဆရာတော် ဦးဃောသိတ က ဒါနနှင့် စပ်လျဉ်းသော တရားတော်ကို ဟောကြားခဲ့သည်။
အလှူပွဲအတွင်း ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေ အလှူခံဌာန ထားရှိပြီး ကြွရောက်လာကြသည့် ဧည့်သည်များက အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်။ ။
ဤနေရာတွင် ဓာတ်ပုံများ ကြည့်ရှုနိုင်ပါသည်…