ပြည်ထောင်စုနေ့ပွဲတွင် ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲက လုပ်အားပေး စည်းရုံး

ပြည်ထောင်စုနေ့ပွဲ အရီဇိုးနားတွင် ကျင်းပ ဓာတ်ပုံ – ပြည်သူ့ဂုဏ်ရည် (အရီဇိုးနား ဌာနခွဲ)
မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်သို့ ရွှေ့ပြောင်းအခြေချ နေထိုင်လာကြသည့် မိသားစုများ၏ ‘၆၅ နှစ်မြောက် ပြည်ထောင်စုနေ့အကြို ရင်းနှီးချစ်ခင် အားကစားပြိုင်ပွဲ’ ကို ဖီးနစ်မြို့ရှိ Cortez Park ပန်းခြံတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။ နံနက် ၁ဝ နာရီခွဲမှ ညနေ ၅ နာရီထိ ကျင်းပခဲ့သော အဆိုပါပွဲတွင် လူငယ်၊ လူလတ်၊ လူကြီး ၁၅ဝ ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲကလည်း လုပ်အားများပေးခြင်း၊ သတင်းများဖြန့်ဝေခြင်းနှင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
အခမ်းအနားကို နံနက် ၁ဝ နာရီခွဲတွင် စတင်ဖွင့်လှစ်ပြီး ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲ စည်းရုံးရေးကော်မတီ တာဝန်ခံ ကိုမြင့်လွင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကားနှင့် ပြည်ထောင်စုနေ့ နောက်ခံသမိုင်းကို မြန်မာဘာသာဖြင့်
ပြောကြားခဲ့သည်။ ထို့နောက် ကရင်လူငယ် မကိကိက ပြည်ထောင်စုနေ့ နောက်ခံသမိုင်းကို အင်္ဂလိပ်ဘာသာဖြင့် ပြောကြားပြီး
ပြည်ထောင်စုနေ့သီချင်းများဖွင့်၍ အခမ်းအနားကို စတင်ခဲ့သည်။
နံနက် ၁၁ နာရီတွင် ပြည်ထောင်စုနေ့အကြို ရင်းနှီးချစ်ခင် အားကစားပြိုင်ပွဲများကို စတင်ကျင်းပခဲ့ပြီး ၁၂ နှစ်အောက် ကလေးများအတွက် အာလူးကောက်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ နှင့် ဇွန်းပေါ် ကြက်ဥတင်ပြေးပွဲတို့ ကျင်းပခဲ့ပြီး လူလတ်များအတွက် အပြေးပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ အပ်ချည်ထိုးပွဲ နှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲတို့ ကျင်းပခဲ့ကြသည်။
မွန်းလွဲ ၁၂ နာရီခွဲတွင် အားကစားပြိုင်ပွဲများအား ခေတ္တရပ်နားကာ မိသားစုများ တနိုင်တပိုင် ယူဆောင်လာသည့် စားဖွယ်များကို စုပေါင်းစားသောက်ကြသည်။ မွန်းလွဲ ၁ နာရီတွင် အားကစားပြိုင်ပွဲများကို ပြန်လည်စတင်ပြီး လူငယ်များ၏ ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ၊ လူလတ်နှင့် လူကြီးများ၏ ထုပ်ဆီးတိုးပွဲ နှင့် လွန်ဆွဲပွဲများကို ရင်းနှီးချစ်ခင် ပျော်ရွှင်စွာကျင်းပခဲ့ကြသည်။
ညနေ ၄ နာရီခွဲတွင် အားကစားပြိုင်ပွဲများ ပြီးဆုံးပြီး ဆုရရှိသူများအား ဆုငွေများချီးမြှင့်ခဲ့သည်။ ညနေ ၅ နာရီတွင် အခမ်းအနားပိတ်ပွဲ ကျင်းပကာ အမှိုက်များနှင့် အခမ်းအနား ပစ္စည်းများကို စုပေါင်းသိမ်းဆည်းခဲ့ကြသည်။ ။