ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်စစ္စကို ဌာနခွဲ အလှူပွဲ ပြုလုပ်မည်

Sunday, 29 January 2012 16:00
ဓာတ်ပုံ – ပြည်သူ့ဂုဏ်ရည် (ဆန်ဖရန်စစ္စကို ဌာနခွဲ)
ပြည်သူ့ဂုဏ်ရည်အသင်း ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်နှင့် မြန်မာပြည်တွင်းရှိ ကိုယ်ကျိုးစွန့် လူမှုအကူအညီပေးနေသူများအား ဂုဏ်ပြုသောအားဖြင့် အလှူပွဲတရပ်ကို ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်စစ္စကို ဌာနခွဲက မတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
ဆန်ဖရန်စစ္စကို ဌာနခွဲ အနေဖြင့် စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပြီး ဇန်နဝါရီလ ၂၂ ရက်က ပြုလုပ်ခဲ့သည့် ဘေးဧရိယာရောက် မြန်မာ့အရေးလုပ်ဆောင်နေသူ တသီးပုဂ္ဂလများ အဖွဲ့အစည်းများ၏ တတိယအကြိမ် မြန်မာပြည်ကူညီရေးရန်ပုံငွေ ဈေးရောင်းပွဲတွင် ဈေးဆိုင်တစ်နေရာ ပါဝင်ရောင်းချပေးခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်။
ဇန်နဝါရီလ ၂၆ ရက် ညနေကလည်း ဆန်ဖရန်စစ္စမြို့သို့ ရောက်ရှိနေသော ဒေါ်ဆွေဇင်ထိုက်နှင့် တွေ့ဆုံခဲ့ကြပြီး ဒေါ်ဆွေဇင်ထိုက်က မြန်မာပြည်တွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းလုပ်ဆောင်ပုံများကို ရှင်းပြကာ အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြသည်။
မတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်မည့်အလှူပွဲကို ဟေးဝပ်မြို့ (Hayward) ရှိ မုဒိတာရွှေကျောင်းတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါအလှူပွဲတွင် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ပြည်သူ့ဂုဏ်ရည်ဆုရှင်များအပါအဝင် မြန်မာပြည်တွင်းရှိ ကိုယ်ကျိုးစွန့် လူမှုအကူအညီပေးနေသူများအား ဂုဏ်ပြုခြင်း၊ ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ရန် အဘက်ဘက်မှ ဝိုင်းဝန်းကူညီကြသူများအား ကျေးဇူးတင်စကားပြောကြားခြင်း စသည့်အစီအစဉ်များ ပါရှိမည်ဖြစ်သည်။ ။