ပညာပေး ဟောပြောပွဲ ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနား ဌာနခွဲကျင်းပ


ဒေါ်ဆွေဇင်ထိုက်၏ ‘မြန်မာနိုင်ငံတွင်း လူမှုရေးလုပ်ငန်းများဆိုင်ရာ နည်းပညာ’ ပညာပေးဟောပြောပွဲနှင့် ပြည်သူ့ဂုဏ်ရည်အကြောင်း ရှင်းလင်းတင်ပြပွဲကို အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ Imagine School at Cortez Park ကျောင်းတွင် ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့သည်။ ညနေ ၅ နာရီမှ ည ၈ နာရီထိ ကျင်းပခဲ့သော အဆိုပါဟောပြောပွဲကို ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲက စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဟောပြောပွဲကျင်းပရာ Imagine School ကျောင်းသည် သူငယ်တန်းမှ ရှစ်တန်းထိ ပညာသင်ကြားပေးသော ကျောင်းဖြစ်ပြီး၊ မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းအခြေချ နေထိုင်လာကြသည့် မိသားစုများ၏ သားသမီး ၂၀၀ ခန့် တက်ရောက်သင်ကြားလျက်ရှိသည်။ ဟောပြောပွဲသို့ ကလေးမိဘများနှင့် စိတ်ပါဝင်စားသူ ၈၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောထားသော ‘On the participation of civil society organizations and citizens as key development stakeholders’ ၅ မိနစ်ခွဲကြာ ဗီဒီယိုကို ဦးစွာပြသခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုအေးမြင့်က ပြည်သူ့ဂုဏ်ရည်အသင်း၏ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပြီးစီးခဲ့သည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားကို နယူးယောက်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းများကို စတင်လက်ခံနေကြောင်း၊ ပြည်သူ့ဂုဏ်ရည်အသင်း၏ ဝက်ဘ်ဆိုက် www.citizenofburma.org ၏ “ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းခြင်း” ကဏ္ဍ (သို့မဟုတ်) စာတိုက်မှတဆင့် ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား တင်သွင်းနိုင်ကြောင်းတို့ကိုလည်း တင်ပြခဲ့သည်။
ထို့နောက် ဒေါ်ဆွေဇင်ထိုက်ပါဝင် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်ကားများထဲမှ ‘အဖေတစ်ခု သားတစ်ခု’ ၅ မိနစ်စာ ရုပ်ရှင်ကောက်နုတ်ချက်ကို ပြသခဲ့ပြီး၊ ပြည်သူ့ဂုဏ်ရည်အသင်း အရီဇိုးနားဌာနခွဲ ဘဏ္ဍာရေးနှင့် ဘဏ္ဍာငွေရှာဖွေရေး တာဝန်ခံ မဥမ္မာဗိုလ်က ဒေါ်ဆွေဇင်ထိုက်ကို ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သည်။
ဒေါ်ဆွေဇင်ထိုက်က မြန်မာပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် အခက်အခဲများကို ကျော်လွှားပုံများ၊ လိုအပ်ချက်များအပါအဝင် မြန်မာပြည်တွင်း လူထုကျန်းမာရေး အသိပညာပေးလုပ်ငန်းများအကြောင်း ပညာပေးဗီဒီယိုများပြသ၍ အကျယ်တဝင့် ဟောပြောခဲ့သည်။ တက်ရောက်သူများ မေးမြန်းသည့် မြန်မာနိုင်ငံတွင်း လူမှုရေးလုပ်ငန်းများဆိုင်ရာ မေးခွန်းများကိုလည်း ရှင်းလင်းဖြေကြားခဲ့သည်။
ဒေါ်ဆွေဇင်ထိုက် ဟောပြောပြီးနောက် ကြွရောက်လာသည့် ဧည့်ပရိသတ်များက မိမိတို့ တနိုင်တပိုင် ယူလာသည့် အစားအစာများကို စုပေါင်းစားသောက်ခဲ့ကြသည်။ ။