ဒေါ်ဆွေဇင်ထိုက် နှင့် ဆွေးနွေးပွဲ ပြည်သူ့ဂုဏ်ရည် နယူးယောက်ဌာနခွဲ ကျင်းပ

မြန်မာပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများ ဆောင်ရွက်နေသောလုပ်ငန်းများ၊ ရင်ဆိုင်ရသည့် အခက်အခဲများ၊ လိုအပ်ချက်များ အပါအဝင် ပြည်တွင်း လူထုကျန်းမာရေး အသိပညာပေး လုပ်ငန်းများ အကြောင်း ဒေါ်ဆွေဇင်ထိုက်နှင့်
ဆွေးနွေးပွဲ တရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို ဒေါ်ဆွေဇင်ထိုက် အမေရိကန်ပြည်ထောင်စုသို့ ခေတ္တရောက်ရှိခိုက် ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲက စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်၍ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ ဒေါ်ဆွေဇင်ထိုက်က မြန်မာပြည်တွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်နေပုံများကို ရှင်းပြခဲ့ပြီး လူထုကျန်းမာရေး အသိပညာပေး ရုပ်မြင်သံကြားအစီအစဉ်များ ထုတ်လွှင့်ရာတွင် ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ ကွင်းဆင်းဆောင်ရွက်သည့် လုပ်ငန်းအတွေ့အကြုံများနှင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းကိစ္စများအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့သည်။
ထို့ပြင် ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုတင်မောင်အေးက ပြည်သူ့ဂုဏ်ရည် အသင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ကိုဝေလဝင်းက မြန်မာပြည်တွင်း လူမှုရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြခဲ့သည်။
ဒေါ်ဆွေဇင်ထိုက်သည် မြန်မာပြည်တွင်း ပညာရေး၊ ကျန်းမာရေး အပါအဝင် ပရဟိတလူမှုလုပ်ငန်း နယ်ပယ်များတွင် ဆယ်စုနှစ် တစ်ခုကျော် လုပ်ငန်းအတွေ့အကြုံရှိသူဖြစ်ပြီး ပရဟိတလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် ညီလာခံများစွာကို စီစဉ်ဆောင်ရွက်ခဲ့သူဖြစ်သည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများ သိလိုသည့်မေးခွန်းများကို ဒေါ်ဆွေဇင်ထိုက်က ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာပြည်တွင်း၌ လူမှုလုပ်ငန်းလုပ်ကိုင်မည့် အဖွဲ့အစည်းများ ကြိုတင်ပြင်ဆင်သင့်သည့်အချက်များကိုလည်း ထည့်သွင်းဆွေးနွေးသွားခဲ့သည်။ ။