ပြည်သူ့ဂုဏ်ရည်အသင်းကိုယ်စား ၂၀၁၁ခုနှစ်-ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှု ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်း

ဒေါ်ရှု ရေဘေးသင့်ဒေသသို့ သွားရောက်လှူဒါန်း
ပြည်သူ့ဂုဏ်ရည်အသင်းမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများအား ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက အသင်းကိုယ်စား ရေဘေးသင့်ဒေသသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သည်။
ဒေါ်ရှု သည် ပခုက္ကူဒေသသို့ နိုဝင်ဘာလ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ သွားရောက်ကာ ပခုက္ကူ ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ဆန်၊ ငါးခြောက်နှင့် ကော်ဖီမစ်များ လှူဒါန်းခြင်း၊ ရေဘေးဒုက္ခရောက်နေသော ဘိုးဘွား ၃၄ ဦးအား ငွေကြေးထောက်ပံ့လှူဒါန်းခြင်း၊ ပခုက္ကူမြို့ ‘တောင်းဆုပြည့်ဝ မြတ်သုခ’ စေတီဝင်းအနီးရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း သို့ အလှူငွေ လှူဒါန်း ကူညီခြင်းများ ပြုလုပ်ခဲ့သည်။
ယခုအခါ အာဏာပိုင်များက ပခုက္ကူရေဘေးသင့်ပြည်သူများအား ပြန်လည်နေရာချထားရေးကိစ္စများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သို့သော် ဆန် ဆီ အစရှိသည့် အခြေခံစားသုံးကုန်များ ဆက်လက် လိုအပ်နေကြောင်း၊ အထူးသဖြင့် ဆောင်းတွင်းကာလ ဝင်ရောက်နေပြီဖြစ်၍ ဆိတ်ဖြူမြို့နယ်ဘက်တွင် ခြုံစောင်များ လိုအပ်လျက်ရှိကြောင်း ဒေါ်ရှုက ပြောပြခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အသင်း ကိုယ်စား ရေဘေးသင့်ပြည်သူများအား သွားရောက် ကူညီ ခဲ့သည့် ဒေါ်ရှု ကို ပြည်သူ့ဂုဏ်ရည်အသင်းက ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဒေါ်ရှု ကလည်း ပြည်သူ့ဂုဏ်ရည် ကိုယ်စား ဆက်လက် အကျိုးဆောင် ပေးသွားချင်ကြောင်း ပြောဆိုခဲ့သည်။
ရေဘေးသင့်ပြည်သူများကို သွားရောက် ကူညီခဲ့သည့် ဒေါ်ရှု ၏ မှတ်တမ်း ဓာတ်ပုံများ အား ဖော်ပြမှတ်တမ်း တင်အပ်ပါသည်။ ။