ပြည်သူ့ဂုဏ်ရည် ဂျပန်ဌာနခွဲ စည်းရုံးရေးလှုပ်ရှားမှုများ ပြုလုပ်

ယခုနှစ် ဇွန်လ ၁၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲအနေဖြင့် စည်းရုံးရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ အောက်တိုဘာလ ၂၃ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ဂျပန်)မှ ဦးစီးပြုလုပ်သည့် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်၌ မြန်မာအသိုင်းအဝိုင်းရှိ အဖွဲ့အစည်းများနှင့်အတူ ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။
နံနက် ၁ဝ နာရီမှ ညနေ ၆ နာရီထိ ကျင်းပသော အဆိုပါပွဲတော်တွင် ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲက ဆိုင်ခန်းဖွင့်လှစ်ကာ ငါးပေါင်းကြော်နှင့် ငှက်ပျောကြော်တို့ ရောင်းချ၍ ရန်ပုံငွေရှာဖွေခဲ့သည်။ ရောင်းချသည့် အစားအစာများကို မြန်မာလူမျိုးများသာမက ဂျပန်လူမျိုးများကလည်း နှစ်ခြိုက်စွာ ဝယ်ယူအားပေးခဲ့ကြသည်။
သီတင်းကျွတ်ပွဲတော်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုများဖြင့် ဖျော်ဖြေကြသကဲ့သို့ မြန်မာ နှင့် ဂျပန် ရိုးရာအစားအစာများကိုလည်း ရောင်းချကြသည်။ ယခုနှစ် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်၌ စုပေါင်းမဟာဘုံကထိန်အတွက် ငွေပဒေသာပင် စိုက်ထူနိုင်ခဲ့သောကြောင့် ဂျပန်ရောက် မြန်မာများအနေဖြင့် ကောင်းမှုကုသိုလ်များ ပြုနိုင်ခဲ့ကြကြောင်း သိရသည်။
ပြည်သူ့ဂုဏ်ရည်အသင်း ဂျပန်ဌာနခွဲသည် အောက်တိုဘာလ ၉ ရက်နေ့က တိုကျိုမြို့ ယောစုယမြို့နယ်တွင် ပြုလုပ်ခဲ့သော ယိုစုယကို ချစ်မြတ်နိုးသူများပွဲတော် (Yotsuya Daisuki Omasuri) ၌လည်း စည်းရုံးရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ဖွင့်လှစ်ရောင်းချသည့် အဆိုပါပွဲတော်အတွင်း ရန်ပုံငွေရရှိရန် မြန်မာမုန့်ဟင်းခါး ရောင်းချရင်း လက်ကမ်းစာရွက်များဝေငှကာ ပြည်သူ့ဂုဏ်ရည်အသင်းအကြောင်း ရှင်းလင်းစည်းရုံးခဲ့ကြသည်။
ထို့အပြင် နိုဝင်ဘာလ ၁ ရက်နေ့ ညနေကလည်း ပြည်သူ့ဂုဏ်ရည်အသင်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် ဂျပန်ဌာနခွဲ စည်းရုံးရေးတာဝန်ခံ ဦးကိုကိုနှင့် ကိုထွန်းအောင်ကျော် တို့က ပြည်သူ့ဂုဏ်ရည်အသင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ ကော်မတီများ၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုပုံ၊ မဲပေးပုံအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထိုဆွေးနွေးပွဲ၌ ဌာနခွဲသို့ အဖွဲ့ဝင်သစ်များ ထပ်မံဝင်ရောက်လာကြောင်း သိရှိရသည်။ ။