ပြည်သူ့ဂုဏ်ရည်အသင်း ကိုရီးယားဌာနခွဲ ဖွဲ့စည်း

ပြည်သူ့ဂုဏ်ရည်အသင်းအနေဖြင့် အမေရိကန်ပြည်ထောင်စု အတွင်း၌သာမက အခြားနိုင်ငံများရှိ စိတ်ပါဝင်စားသူ မြန်မာမိတ်ဆွေများအား ပြည်သူ့ဂုဏ်ရည်အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိရာ ယခုနှစ်အတွင်း တောင်ကိုရီးယားအပါအဝင် တိုင်းပြည်အချို့ စတင် ပါဝင် လာခဲ့သည်။
တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများက ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြသည်။ မြန်မာပြည်တွင်းမှ ဂုဏ်ပြုထိုက်သော လူမှုရေးသူရဲကောင်းများကို ဖော်ထုတ်ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာပြည်တွင်းမှ လူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန် ရည်ရွယ်ချက်များဖြင့် ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖွဲ့စည်းပုံအခြေခံမူ၊ စည်းမျဉ်းများနှင့်အညီ ဖွဲ့စည်းကြောင်း အောက်တိုဘာလ ၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ ကော်မတီ ၄ ရပ်ကို ကိုဝင်းနိုင်ဦး၊ ကိုမောင်ဇော်၊ ကိုဝင်းမြင့်ဦး၊ ကိုဝင်းမင်း၊ ကိုသန့်ဇင်အောင် တို့ဖြင့် ဖွဲ့စည်းထားပြီး ဌာနခွဲတာဝန်ခံအဖြစ် ကိုဝင်းမြင့်ဦးက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
ကိုရီးယားဌာနခွဲ၏ ပထမဆုံးလှုပ်ရှားမှုအဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့က ပူချွန်းမြို့ ဆော့ဂ်ဝမ်ဆာ ဘုရားကျောင်းဝင်းအတွင်း ကျင်းပသော မြန်မာအသင်းကြီးမှူးကျင်းပသည့် ၁၃ ကြိမ်မြောက် တိလောကမုနိ ဗုဒ္ဓပူဇနိယပွဲတော်၌ ပူးပေါင်းပါဝင်ခဲ့သည်။ အဆိုပါပွဲတော်၌ ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ ရည်ရွယ်ချက်၊ လုပ်ငန်းလမ်းစဉ်၊ ပြည်သူ့ဂုဏ်ရည်အသင်းကြီးနှင့် ဆုရှင်တို့၏မှတ်ချက်များနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များပါဝင်သော လက်ကမ်းစာရွက်များဝေငှခြင်း၊ အလှူငွေကောက်ခံခြင်းတို့ ပြုလုပ်ခဲ့သည်။ ကိုရီးယားဌာနခွဲအနေဖြင့် စက်တင်ဘာလ ၂၅ ရက်နေ့အထိ အလှူငွေ စုစုပေါင်း ကိုရီးယားဝမ်ငွေ ၂၆၀၀၀၀ (နှစ်သိန်း ခြောက်သောင်း) ရရှိပြီးဖြစ်ကြောင်း၊ အလှူငွေကောက်ခံရရှိသည့် ငွေပမာဏကိုလည်း ၃ လလျှင် တစ်ကြိမ် သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) သို့ ဆက်သွယ်လိုပါက ကိုဝင်းမြင့်ဦး (၀၁၁-၂၉၂ ၉၅၄၂)၊ ကိုဝင်းနိုင်ဦး (၀၁၀-၈၆၄၈ ၄၅၃၃)၊ ကိုမောင်ဇော် (၀၁၀-၉၁၆၀ ၉၃၁၉)၊ ကိုဝင်းမင်း (၀၁၁-၉၀၁၃ ၁၀၃၄)၊ ကိုသန့်ဇင်အောင် (၀၁၀-၉၀၅၄ ၄၇၂၇) တို့အား ဆက်သွယ်နိုင်ပါသည်။ ။