ပထမ လူမှုဝန်ထမ်း အမျိုးသမီး ဒေါ်ဦးဇွန်း
မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းတလျှောက် အထက်သို့ ၇ မိုင်ခန့် ဆန်တက်လျှင် မင်းကွန်းသို့ ရောက်ပေသည်။ မင်းကွန်းသည် ရွာငယ်ကလေးပင် ဖြစ်သည်။ သို့ရာတွင် မင်းကွန်းစေတီ၊ မင်းကွန်းခေါင်းလောင်း၊ မင်းကွန်း လူအိုရုံတို့ ရှိနေသဖြင့် အဓိကရ ထင်ရှားသောနေရာတစ်ခု ဖြစ်နေပေသည်။
မင်းကွန်းစေတီနှင့် မင်းကွန်းခေါင်းလောင်းကို ဘိုးတော်ဘုရား တည်ခဲ့သည်။ နှစ်ပရိစ္ဆေဒ ကြာညောင်းသည်နှင့်အမျှ ထိုစေတီ၊ ထိုခေါင်းလောင်းတို့သည် အိုခဲ့၊ ဟောင်းခဲ့ပေသည်။
သို့ရာတွင် မင်းကွန်းလူအိုရုံကား ထိုသို့မဟုတ်။ ၁ နှစ်ထက် ၁ နှစ် အသစ်အသစ် တိုးပွားလာခဲ့သည်။ ဘိုးဘွား ၃ ဦးဖြင့် အစပြုခဲ့သော ဤလူရုံသည် ဘိုးဘွား ၃၀၀ အထိ လက်ခံ စောင့်ရှောက်ထားနိုင်သော အခြေသို့ ယနေ့ ရောက်ရှိနေပေပြီ။
မင်းကွန်းလူအိုရုံကို စတင် တည်ထောင်သူမှာ ဒေါ်ဦးဇွန်း ဖြစ်ပေသည်။ ဒေါ်ဦးဇွန်းသည် ယနေ့ မြန်မာနိုင်ငံ၌ ထမြောက် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော ဘိုးဘွားများ (ဝါ) လူအိုများ စောင့်ရှောက်ရေး လူမှုဝန်ထမ်းလုပ်ငန်းကို မြန်မာလူမျိုးများထံမှ ပထမဦးစွာ မျိုးစေ့ချခဲ့သူ ဖြစ်ပေသည်။
ဒေါ်ဦးဇွန်းကို ၁၂၃၀ ပြည့်နှစ် ဝါခေါင်လဆန်း ၅ ရက် သောကြာနေ့တွင် ရတနာပုံနေပြည်တော် (မန္တလေးမြို့) ၌ ဖွားမြင်သည်။ ထိုအချိန်၌ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်နယ်ချဲ့တို့ သိမ်းပိုက်ပြီးဖြစ်သည်။ အထက်မြန်မာနိုင်ငံကိုမူ မင်းတုန်းမင်း အုပ်စိုးဆဲဖြစ်သည်။ ဒေါ်ဦးဇွန်း ၁၇ နှစ်သမီးအရွယ်သို့ ရောက်သောအခါတွင်မှ သီပေါမင်း ပါတော်မူခဲ့လေသည်။
ဒေါ်ဦးဇွန်း၏ ဖခင်မှာ ဦးအီ ဖြစ်၍၊ မိခင်မှာ ဒေါ်မျှင် ဖြစ်လေသည်။ ဦးအီသည် အမရပူရမြို့ ရက်ကန်းစင်များမှ ပိုးထည်၊ ချည်ထည်တို့ကို အရောင်းအဝယ်ပြုသော ပိုးကုန်သည်ကြီး ဖြစ်ရာ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည်။ ရတနာပုံ နေပြည်တော်တွင် အိမ်ကြီးရခိုင်ဖြင့် နေထိုင်နိုင်သည်။
ဒေါ်ဦးဇွန်းသည် တစ်ဦးတည်းသော သမီးကလေးဖြစ်သည်။ ရုပ်ရည်ရူပကာ လှပတင့်တယ်သည်နှင့်အမျှ စိတ်နေသဘောထားလည်း ထူးခြား မွန်မြတ်သူဖြစ်သည်။ ဒေါ်ဦးဇွန်း၏ အမူအကျင့်၊ စိတ်နေသဘောထားနှင့် ပတ်သက်၍ စာပေဗိမာန်ထုတ် ‘ဖွားဦးဇွန်း’ အတ္ထုပ္ပတ္တိ၌ ဤသို့ ဖော်ပြထားသည်ကို တွေ့ရသည်။
“ဒေါ်ဦးဇွန်းသည် အာဇာနည် အမျိုးသမီး ဖြစ်သည်။ သူ့၌ နူးညံ့သိမ်မွေ့သော စိတ်ဓာတ်ရှိသည်။ သို့သော် တစုံတရာကို ပြုမည်ဟု ပြဋ္ဌာန်းလိုက်သည်ရှိသော် ထိုအရာကို မဖြစ်မနေ ပြုလုပ်တတ်သော သံမဏိစိတ်ဓာတ်လည်း ရှိပေသည်။ x x x ဒေါ်ဦးဇွန်းသည် ငယ်ရွယ်စဉ်က ပွဲလမ်းသဘင် အပျော်အပါးတို့ကို မလိုက်စားခဲ့ချေ။ အဝတ်အစား၌လည်း အခြားသော အမျိုးသမီးများကဲ့သို့ တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် ဝတ်စားဆင်ယင်ခြင်း လုံးဝမရှိဘဲ ပင်နီမျှလောက်နှင့်ပင် ရောင့်ရဲတင်းတိမ်ခဲ့၏။ သာမှု နာမှု သွားသောအခါ၌ပင် ပင်နီချော၊ အမရပူရ လုံချည်မျှသာ ဆင်ယင်၍ စိန်ရွှေ စသည်တို့ကို အလျဉ်းမဝတ်ဘဲ သွားလာလေ့ရှိသည်။ သို့ရာတွင် ကုသိုလ်ကောင်းမှု ပြုမည်ဟု မိမိစိတ်က ပြဋ္ဌာန်းလိုက်လျှင် ထိုပြဋ္ဌာန်းချက်အတိုင်း အထမြောက်အောင် ဆောင်ရွက်ရသည်တို့၌ကား စိတ်ပျော်ရွှင်မှု ဖြစ်သည်ဟု ယူဆလေ့ရှိသည်။ x x x ဒေါ်ဦးဇွန်းသည် ဗဟုသုတ ကြွယ်ဝသည်။ လူပေါင်းဆံ့သည်။ မင်္ဂလာတရားတော်နှင့်အညီ ခြိုးခြံသင့်သော အရာ၌ ခြိုးခြိုးခြံခြံ ကျင့်သုံး၍ ပေးထိုက် လှူထိုက်သောအရာ၌ ရက်ရက်ရောရော ပေးကမ်းလှူဒါန်းတတ်သည်။ ခြိုးခြံရမည့်နေရာတွင် မိမိအဖို့ ထမင်းတစ်နပ်မျှနှင့်ပင် ရောင့်ရဲ တင်းတိမ်နိုင်သည်။”
ဒေါ်ဦးဇွန်းသည် ငယ်စဉ်ကပင် မိဘလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါ မိဘလုပ်ငန်းကို ဦးစီးဦးဆောင် ပြု၍ပင် လုပ်ကိုင်ခဲ့ပေသည်။ ထို့ကြောင့် ပိုးထည်အရောင်းအဝယ် ကိစ္စနှင့်ပတ်သက်၍ အမြို့မြို့သို့ ရောက်ခဲ့၏။ လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံခဲ့၏။ သို့ရာတွင် အိမ်ထောင်သားမွေးကား မပြုခဲ့။ အပျိုကြီးဘဝဖြင့် အရိုးထုတ်ခဲ့လေသည်။
ဒေါ်ဦးဇွန်းသည် အသက် ၃၀ အရွယ်တွင် မန္တလေးမြို့ရှိ ပတ္တမြားဆရာတော်ဘုရားကြီးကို အုတ်ကျောင်းကြီးတစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့သည်။ ထိုမှစ၍ “ပတ္တမြားအုတ်ကျောင်းအမ ဒေါ်ဦးဇွန်း” ဟူ၍ ထင်ရှားခဲ့သည်။
မိဘနှစ်ပါး ကွယ်လွန်သောအခါ အမွေအနှစ်အားလုံးကို ဒေါ်ဦးဇွန်း ရလိုက်သည်။ ယင်းတို့မှာ နေထိုင်သော တိုက်အိမ်၊ ငွေသား တစ်သိန်းခွဲ၊ လယ်ယာမြေ စသည်တို့ဖြစ်သည်။ ဒေါ်ဦးဇွန်းသည် မိဘနှစ်ပါး ရှိစဉ်ကပင် ပိုးကုန်သည်လုပ်ငန်းကို ဦးစီးလုပ်ကိုင်ခဲ့သည်ဖြစ်ရာ မိဘနှစ်ပါး မရှိသော်လည်း လုပ်ငန်းအတွက် လုံး၀ အခက်အခဲမရှိ အောင်မြင်စွာ ဆက်လက်လုပ်ကိုင်နိုင်ခဲ့သည်။ ထို့ကြောင့် စီးပွားဥစ္စာတို့မှာ ဆုတ်ယုတ်မသွား၊ တိုးတက်၍ပင် လာခဲ့ပေသည်။ သို့ရာတွင် သူသည် စီးပွားဥစ္စာများ၌ မပျော်ပိုက်၊ စိတ်ပျော်ရွှင် ချမ်းမြေ့ခြင်း မရှိလှ။ ကွယ်လွန်သူ မိဘနှစ်ပါးကိုသာ သတိတရရ ဖြစ်နေသည်။
သို့ဖြင့် စိတ်ပြေလက်ပျောက်ဖြစ်စေရန် ရန်ကုန်သို့ အလည်အပတ် ဆင်းလာသည်။ ထိုအချိန်၌ ဒေါ်ဦးဇွန်းသည် အသက် ၄၀ အရွယ်ရှိပြီ။ ဒေါ်ဦးဇွန်း ရန်ကုန်ဆင်းလာချိန်တွင် ရန်ကုန်မြို့ စတော့ကိတ်လမ်း (ယခု သိမ်ဖြူလမ်း) ၌ ခရစ်ယာန်သီလရှင်များ ဦးစီးဆောင်ရွက်နေသည့် လူအိုရုံတစ်ရုံ ရှိသည်။ ယင်းသည် မူလက ဘရင်ဂျီ ဂိုဏ်းထောက်ဘုန်းတော်ကြီး ဘီဂင်ဒက်သည် ခရစ်ယာန် သာသနာပြုရန် ပဲရစ်မြို့မှ မော်လမြိုင်မြို့သို့ ၁၈၅၆ ခုတွင် ရောက်ရှိလာသူ ဖြစ်သည်။ မြန်မာစကားကို ကောင်းစွာ တတ်ကျွမ်းသည်။ မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်ပတ်သွားလာခဲ့ဖူးသည်။ ဗုဒ္ဓဘာသာဝင်များနှင့် ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ဖူးသည်။ မင်းတုန်းမင်းနှင့် တွေ့ဆုံ၍ ဘာသာရေးကိစ္စများကို ဆွေးနွေးခဲ့ဖူးသည်။ မင်းတုန်းမင်း ပေးသော ဆင် ၃ စီး၊ လှေတစ်စင်းဖြင့် ဘရင်ဂျီဘာသာဝင်များ ရှိရာဒေသများသို့ ဗန်းမော်မြို့အထိ ဆန်တက်ခဲ့ဖူးသည်။ ဗုဒ္ဓ ဂေါတမ အတ္ထုပ္ပတ္တိ (Life and Legend of Gautama) စာအုပ်ကို ရေးသား၍ ၁၈၅၈ ခုတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုဘုန်းတော်ကြီး ဘီဂင်ဒက်သည် ၁၈၈၉ ခုတွင် ထိုလူအိုရုံကို စတင်တည်ထောင်ခဲ့သည်။ နောင်သောအခါ သီလရှင်ဂိုဏ်းသို့ လွှဲပြောင်းပေးခဲ့သည်။
ရန်ကုန်သို့ ရောက်နေသော ဒေါ်ဦးဇွန်းသည် တနေ့သောအခါ ထိုလူအိုရုံသို့ သွားရောက် လည်ပတ် ကြည့်ရှုသည်။ ခိုကိုးရာမဲ့ ဖြစ်နေသော ဘိုးဘွားများအား ခရစ်ယာန်သီလရှင်များက ကောင်းစွာ ကျွေးမွေး စောင့်ရှောက် ပြုစုထားသည်ကို တွေ့ရသည်။ ထိုအခါ ထိုလုပ်ငန်းကို ဒေါ်ဦးဇွန်း များစွာ နှစ်သက် သဘောကျသွားသည်။ ခိုကိုးရာမဲ့ဖြစ်နေသော ဘိုးဘွားများကို ကျွေးမွေးစောင့်ရှောက်ခြင်းသည် မြတ်သောအမှု၊ မြတ်သောဒါန ဖြစ်သည်ဟူ၍ တွေးမိသည်။ ခရစ်ယာန် သာသနာပြုတို့နည်းတူ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်လည်း ထိုလုပ်ငန်းမျိုးကို လုပ်ဆောင်သင့်သည်ဟု အကြံဖြစ်မိသည်။ ယင်းသို့ တွေးမိ အကြံဖြစ်မိရာမှ ထိုလုပ်ငန်းကို မိမိကပင် စတင်ဦးဆောင် လုပ်တော့မည်၊ ကွယ်လွန်သူ မိဘနှစ်ပါးကိုယ်စား အသက်ထင်ရှား ရှိနေသော ခိုကိုးရာမဲ့ ဘိုးဘွားများကို ပြုစုစောင့်ရှောက်ခြင်းဖြင့် စိတ်ချမ်းသာမှုကို ရှာတော့မည်ဟူ၍ သန္နိဋ္ဌာန် ချလိုက်လေသည်။
သို့ဖြင့် မန္တလေးမြို့သို့ ပြန်ရောက်သောအခါ ဒေါ်ဦးဇွန်းသည် ထိုလုပ်ငန်းကို စတင် အကောင်အထည်ဖော်လေသည်။ ရှေးဦးစွာ မင်းကွန်းရွာရှိ မင်းကွန်းစေတီနှင့် မင်းကွန်းခေါင်းလောင်းကြီးအနီး အေးချမ်းသာယာလှသော မြေနေရာတွင် ကမ္မဋ္ဌာန်းကျောင်း ၃ ကျောင်း ဆောက်သည်။ ထို့နောက် အဘိုးအိုတစ်ဦးနှင့် အဘွားအို နှစ်ဦး၊ ပေါင်း ၃ ဦးကို ထားရှိသည်။ ယင်းတို့မှာ အသက် ၉၅ နှစ်အရွယ်ရှိ ဖိုးဆင့်၊ အသက် ၉၈ နှစ်အရွယ်ရှိ ဖွားစိုး၊ အသက် ၈၅ နှစ်အရွယ်ရှိ ဖွားမယ်တို့ ဖြစ်ကြသည်။ သူတို့ ၃ ဦးကို ဒေါ်ဦးဇွန်း ကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦး၏ အကူအညီဖြင့် ကျွေးမွေးစောင့်ရှောက် ပြုစုသည်။ ၁၂၇၈ ခုမှ စတင်လုပ်ဆောင်ရာ ၁၂၈၀ ပြည့်နှစ်တွင် ဘိုးဘွား ၂၀ အထိ တိုးချဲ့လက်ခံ ထားရှိနိုင်ခဲ့သည်။ ထို ၂ နှစ်အတွင်း ကုန်ကျစရိတ် အ၀၀ကို ဒေါ်ဦးဇွန်းတစ်ဦးတည်းကပင် ကျခံပေသည်။
ထို့နောက် ဒေါ်ဦးဇွန်း၏လုပ်ငန်းကို အားပေးကူညီမည့်ပုဂ္ဂိုလ်နှစ်ဦး ပေါ်လာသည်။ ဦးဘချမ်းနှင့် ဦးမောင်ကြီး (ဘီအိုင်အေ) တို့ ဖြစ်ကြသည်။ မင်းကွန်း လူအိုရုံလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် သူတို့ ၃ ဦး ပူးပေါင်းလျက် လူအိုရုံအသင်း တည်ထောင်ကာ ရန်ပုံငွေ ဖွင့်သည်။ အသင်းတည်ထောင်စ၌ အားပေးမည့်သူ နည်းပါးလှသဖြင့် ၈ နှစ်အတွင်း ရန်ပုံငွေ ရှစ်ထောင်သာ ရသည်။ သို့ရာတွင် မွန်မြတ်သော လုပ်ငန်းကို တိုင်းပြည်က တစတစ သဘောပေါက် နားလည်လာကြသဖြင့် မကြာမြင့်မီပင် ရန်ပုံငွေ ရှစ်ထောင်မှ ၄ သိန်းအထိ တိုးတက်ရရှိလာသည်။ ထိုအခါ မင်းကွန်းလူအိုရုံကို ဘိုးဘွား ၂၅၀ အထိ တိုးချဲ့လက်ခံနိုင်သော အခြေသို့ရောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ခေတ်မီ ရေလှောင်ကန်၊ မီးဖို၊ ဓမ္မာရုံ စသည်တို့ ထားရှိ၍လည်း လူအိုရုံလုပ်ငန်းကို ခေတ်မီ စနစ်တကျ တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်၊ လူအိုရုံပိုင် မော်တော်တစ်စီးပင် ထားနိုင်ကာ မန္တလေးဆိပ်ကမ်းမှ မင်းကွန်းလူအိုရုံသို့ သွားလိုသူများကို အခမဲ့ နိဗ္ဗာန်ကူးတို့ပင် ပို့နိုင်ခဲ့လေသည်။
ယင်းသို့ မင်းကွန်းလူအိုရုံ တိုးတက်အောင်မြင်လာသောအခါ ဒေါ်ဦးဇွန်းသည် အခြားမြို့များတွင် လူအိုရုံများ တည်ထောင်နိုင်ရန် ကြိုးပမ်းပြန်သည်။ သူသည် သူ့ငွေဖြင့်ပင် မ တည်ကာ ၁၂၈၉ ခုတွင် သထုံ မြသပိတ်တောင်ခြေ၌လည်းကောင်း၊ ၁၂၉၀ ပြည့်တွင် ပေါင်းတည်၌လည်းကောင်း၊ ၁၂၉၅ ခုတွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌လည်းကောင်း၊ ၁၂၉၉ ခုတွင် ပခုက္ကူ၌လည်းကောင်း လူအိုရုံများ တည်ထောင်ခဲ့သည်။ ထို့နောက် သူ၌ ရှိရှိသမျှသော ပစ္စည်းအားလုံး စုစုပေါင်း ၂ သိန်းဖိုးခန့်ကိုလည်း လူအိုရုံများသို့ ရက်ရောစွာ လှူဒါန်းလိုက်လေသည်။ လူအိုရုံလုပ်ငန်းကို ကိုယ်ဖိရင်ဖိ ဆောင်ရွက်နေရာမှ အသက် ၆၀ အရွယ် ရှိလာသောအခါ ဒေါ်ဦးဇွန်းသည် ပေါင်းတည်မြို့ လူအိုရုံ၌ သီလရှင်ဘဝသို့ ကူးပြောင်းလိုက်သည်။ (ဘွဲ့မှာ ဘွားသုမာလာ ဖြစ်သည်။) ယင်းသို့ သီလရှင်ဘဝသို့ ကူးပြောင်းသော်လည်း လူအိုရုံ လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်မြဲ ဆောင်ရွက်သည်။
ဤအတွင်း မြန်မာနိုင်ငံသို့ ဒုတိယကမ္ဘာစစ်မီးကြီး ကူးစက် ပြန့်ပွားလာသည်။ စစ်မီးသည် အခြားသော လုပ်ငန်းများနှင့်အတူ ဒေါ်ဦးဇွန်း၏ လူအိုရုံလုပ်ငန်းကိုလည်း ဖျက်ဆီးခဲ့သည်။ စစ်ဒဏ်ကို အခြားလူအိုရုံများထက် နှင်းဆီကုန်း လူအိုရုံက ပို၍ခံရသည်။ ရန်ကုန်မြို့ကို ဂျပန်က ဗုံးကြဲပြီးနောက် အင်္ဂလိပ်စစ်တပ်က မြို့သူမြို့သား အားလုံးအား ၂၈-၂-၄၂ နေ့ကို နောက်ဆုံးထား၍ မြို့မှ ထွက်ခွာသွားကြရန် အမိန့်ပေးသည်။ (ယင်းသို့ အမိန့်ပေးပြီးနောက် ၆-၃-၄၂ နေ့တွင် ရန်ကုန်မြို့ကို အနှံ့အပြား မီးရှို့ဖျက်ဆီးခဲ့သည်။) ဤတွင် နှင်းဆီကုန်း လူအိုရုံမှ အဘိုးအဘွားများအား ဒေါ်ဦးဇွန်း ကိုယ်တိုင် ကြပ်မတ်လျက် ၁၁-၂-၄၂ နေ့တွင် မင်းကွန်းလူအိုရုံသို့ ပြောင်းရွှေ့ပေးခဲ့လေသည်။ (မင်းကွန်းလူအိုရုံသည် နှင်းဆီကုန်း လူအိုရုံကဲ့သို့ စစ်ဒဏ်ကို ပြင်းထန်စွာ မခံစားရသော်လည်း အထိုက်အလျောက်ကား ခံစားခဲ့ရသေးသည်။ ဖက်ဆစ်ဂျပန်တို့သည် မင်းကွန်းလူအိုရုံပိုင် မော်တော်ကို သိမ်းပိုက်ခဲ့၏။ မင်းကွန်းလူအိုရုံပိုင် လျှပ်စစ် ဓာတ်မီးစက်ကိုလည်း သိမ်းပိုက်ခဲ့၏။ ထို့ပြင် လူအိုရုံ အဆောက်အအုံ အချို့ကို ဖျက်ဆီးခဲ့၏။)
နှင်းဆီကုန်း လူအိုရုံမှ ဘိုးဘွားများကို ဒေါ်ဦးဇွန်းကိုယ်တိုင် မင်းကွန်းသို့ ခေါ်ဆောင်ပြောင်းရွှေ့ပေးရာတွင် အချို့သာ လိုက်ပါကြသည်။ အချို့က မင်းကွန်းသို့ မလိုက်လိုဟုဆိုကာ ရန်ကုန်၌ ဇွတ်အတင်း နေခဲ့ကြသည်။ သူတို့သည် ၁ နှစ်ကျော်ခန့် စောင့်ရှောက်သူမရှိ၊ ဖရိုဖရဲ တကွဲတပြားစီ ဖြစ်နေကြသည်။ ဒေါ်ဦးဇွန်း ခမျာမှာလည်း သူတို့အတွက် မည်သို့မျှ မဆောင်ရွက်နိုင်အောင် ဖြစ်ခဲ့ရသည်။ ဤတွင် ၁၉၄၃ ခု၌ စိတ်ထားမွန်မြတ်သူ ပုဂ္ဂိုလ်တစုက စုပေါင်း၍ နှင်းဆီကုန်း ဘိုးဘွားစောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားတို့ကို ပြန်လည်စည်းရုံးကာ ပြုစုစောင့်ရှောက်ကြသည်။ ဒေါ်ဦးဇွန်း၏ လက်ငုတ်ကို ဆက်လက်လုပ်ကိုင်ကြသည်။ ယင်းသို့ လုပ်ကိုင်သည်ကိုလည်း မင်းကွန်းရှိ ဒေါ်ဦးဇွန်းထံ စာရေး၍ သတင်းကောင်း ပေးပို့ကြသည်။
ထိုအခါ ဒေါ်ဦးဇွန်းသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် –
“‘လူအိုရုံကြီးကို တာရှည်ကောင်းဖို့ မျှော်လင့်၍ စောင့်ရှောက်ရေးအဖွဲ့’ ဟု တည်ထောင် ထူထောင်တော်မူကြသောကြောင့် နာယက ဆရာတော်မှစ၍ အဖွဲ့ဝင် လူကြီးများအားလုံး ကြံတိုင်းအောင်ကြပါစေ၊ ကပ်သုံးပါးမှ ကျော်လွှားနိုင်ပါစေဟု မေတ္တာ ပို့ပါ၏။ ဥက္ကဋ္ဌကြီး ဦးတင်ထံက စာကို ရရှိသည်မှာ ရွှေထုပ် ငွေထုပ်ကို ရရှိသည်ထက် များစွာ အဖိုးတန်လှပါပေသည်။ လူအိုများအကျိုး လိုဟန်ဆောင်၍ လောဘ အတ္တဟိတသမားများ တွေ့ရှိ ထင်မြင်ပါလျှင် နှိမ်နင်းပယ်ရှား နိုင်ပါစေ ဟု ဆုတောင်းပါ၏။”
ဟူ၍ ၂၈-၅-၄၃ နေ့စွဲဖြင့် စာ ပြန်ကြား ရေးသားခဲ့လေသည်။
ထိုအချိန်၌ ဒေါ်ဦးဇွန်းသည် ဇရာထောင်းနေပြီ။ ကျန်းမာရေးလည်း ချို့တဲ့နေပြီ။ ထို့ကြောင့် ၂၅-၁၀-၄၃ နေ့စွဲဖြင့် အဖွဲ့သို့ ရေးသားပေးပို့သောစာ၌ ဤသို့ ထည့်သွင်းမှာကြားခဲ့သည်။ “အဘွားလည်း အသက်အရွယ် ကြီးပါပြီ။ ကောင်းကောင်းလည်း မကျန်းမာသဖြင့် မောင်တို့ပဲ ဒီလုပ်ငန်းကို ဆက်လက် တာဝန်ယူကြပါ။ အဘွားတော့ မတတ်နိုင်တော့ပါ။”
ဤစာသည် ဒေါ်ဦးဇွန်း၏ နောက်ဆုံးစာပင် ဖြစ်သည်။ ဤစာ ရေးပြီးနောက် ၁ နှစ်ခန့်အကြာတွင် ဒေါ်ဦးဇွန်း ကွယ်လွန်အနိစ္စရောက်သွားရှာလေသည်။ ဒေါ်ဦးဇွန်းသည် မွန်မြတ်လှသည့် လုပ်ငန်းကြီးကို ထူးချွန်စွာ ဆောင်ရွက်လျက် ဘဝကို တန်ဖိုးရှိစွာ အသုံးချနေထိုင်သွားသူ ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပေသည်။ သူကွယ်လွန်သည့်နေ့သည် ၁၁-၅-၄၄ နေ့ဖြစ်၍ စစ်ကာလအတွင်း ဖြစ်သည်။ ကွယ်လွန်ချိန်၌ အသက် ၇၆ နှစ်အရွယ် ရှိသည်။ သူ မြတ်နိုးခင်တွယ်လှသည့် မင်းကွန်းလူအိုရုံမှာပင် ကွယ်လွန်ရှာလေသည်။
ဒေါ်ဦးဇွန်း ကွယ်လွန်သော်လည်း သူ၏လုပ်ငန်းကား မကွယ်ခဲ့။ ၁ နှစ်ထက် ၁ နှစ် တိုးတက်ကျယ်ပြန့်၍ပင် လာခဲ့ပေသည်။ ယနေ့ မြန်မာနိုင်ငံတွင် ဒေါ်ဦးဇွန်း အုတ်မြစ်ချပေးခဲ့မှုကြောင့် လူအိုရုံခေါ် ဘိုးဘွားရိပ်သာများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေပြီ။ မင်းကွန်း၊ ရန်ကုန်၊ ပခုက္ကူ၊ သထုံ၊ ပေါင်းတည်တို့၌ သာမက ဖြူး၊ မော်လမြိုင်တို့၌လည်း ဘိုးဘွားရိပ်သာများ ရှိနေပြီ၊ ထို့ပြင် ပုသိမ်၊ မန္တလေး၊ ပြည်၊ မြောင်းမြ စသည်တို့၌လည်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြပြီ။ဒေါ်ဦးဇွန်း အုတ်မြစ်ချခဲ့သော လုပ်ငန်းကို ပုဂ္ဂိုလ်ကြီးများ၊ အသင်းအဖွဲ့များသာမက နိုင်ငံအစိုးရကပါ အလေးအမြတ် ထား၍ ဆောင်ရွက်နေလေပြီ။ ။
၁၉၆၈ ခုနှစ် နှလုံးလှစာပေထုတ် ‘ပထမ မြန်မာများ’ စာအုပ်မှ မင်းယူဝေ ရေးသားသောဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းတလျှောက် အထက်သို့ ၇ မိုင်ခန့် ဆန်တက်လျှင် မင်းကွန်းသို့ ရောက်ပေသည်။ မင်းကွန်းသည် ရွာငယ်ကလေးပင် ဖြစ်သည်။ သို့ရာတွင် မင်းကွန်းစေတီ၊ မင်းကွန်းခေါင်းလောင်း၊ မင်းကွန်း လူအိုရုံတို့ ရှိနေသဖြင့် အဓိကရ ထင်ရှားသောနေရာတစ်ခု ဖြစ်နေပေသည်။

၁၉၆၈ ခုနှစ် နှလုံးလှစာပေထုတ် ‘ပထမ မြန်မာများ’ စာအုပ်မှ မင်းယူဝေ ရေးသားသောဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။