မန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) အတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦး အဆိုပြုခဲ့ပါသည်။ ယင်းတို့အနက် အောက်ဖော်ပြပါ ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။
မှတ်ချက် ။ ။ အမည်များကို မြန်မာအက္ခရာစဉ်အတိုင်း စီထားပါသည်။
၁။ ဇီဝိတဒါန သံဃာ့ဆေးရုံ
အမှတ် ၃၈၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တွင် တည်ရှိသော ‘ဇီဝိတဒါန သံဃာ့ဆေးရုံကြီး’ကို ဗြိတိသျှကိုလိုနီလက်ထက် ၁၉၄၀ ပြည့်နှစ် မေလ ၈ ရက်နေ့တွင် ဆေးပေးခန်းကလေးမှ စတင်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ “လူမျိုး မရွေး၊ ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေး၊ ကျားမ မရွေး၊ လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်ဟူသမျှကို အခမဲ့စမ်းသပ် ဆေးဝါးကုသ ပေးကမ်းလှူဒါန်းရန်” ဖြစ်သည်။ ဆေးခန်း စတင်ဖွင့်လှစ်စဉ်က ပြည်သူများ၏ အလှူငွေများနှင့် ဆေးပညာရှင်များ၊ စေတနာရှင် ပုဂ္ဂိုလ်များ၏ လုပ်အားဒါနအပေါ် အခြေပြုခဲ့ရာ ရည်ရွယ်ချက်ကောင်းမွန်ခြင်း၊ စေတနာကောင်းမွန်ခြင်း၊ ပြည်သူများ၏အားပေးမှုကြောင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်ကာလတွင်လည်း တည်တံ့ခဲ့သည်။ ရဟန်းသံဃာ သီလရှင်များ နှင့် လူပုဂ္ဂိုလ်များ အားထားကုသရာ ဆေးရုံကြီးဖြစ်သည်။
၂။ အရှင်ဉာဏိဿရ (သီတဂူဆရာတော်)
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပါအဝင် ၁၉၈၀ ခုနှစ်များ ကတည်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း အခြေပြုပြီး သောက်သုံးရေ၊ ဆေးကုသမှု၊ သံဃာတော်များပညာရေးနှင့် လူမှုလုပ်ငန်းများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်၊ အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် ဆရာတော်ကြီးဖြစ်သည်။ ၁၉၈ဝ ပြည့်နှစ်တွင် စစ်ကိုင်းတောင် ‘သီတဂူ ရေအလှူတော်စီမံကိန်း’ကို တည်ဆောက်ခဲ့သည်။ ၁၉၈၅ တွင် ကျပ်သိန်း ၅ဝဝ ကျော် ကုန်ကျသော ခုတင် ၁ဝဝ ဆံ့ ‘သီတဂူ အာယုဒါနဆေးရုံတော်’ကို စတင်တည်ဆောက်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဆရာတော်သည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တို့တွင် နှစ်စဉ် အစာအာဟာရများ ကျွေးမွေးလှူဒါန်းခြင်း၊ တရားဓမ္မချီးမြှင့်ခြင်းတို့အပြင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ၊ မျက်မမြင် ဆွံ့အ နားမကြား ဝေဒနာရှင်များ၊ စစ်မှုထမ်းဟောင်းများကို ငွေကြေး၊ ဆေး အစားအစာများ မကြာခဏ လှူဒါန်းလေ့ရှိသည်။
၃။ အရှင်နာယက (မန္တလေး ဖောင်တော်ဦးကျောင်းဆရာတော်)
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၀ စုနှစ် တစ်ခုကျော် ဦးဆောင် အကောင်အထည်ဖော်ခဲ့သူဖြစ်သည်။ အလှူရှင်များ၊ အဖွဲ့အစည်းများ၊ စေတနာရှင်လုပ်အားပေးများဖြင့် ဘုန်းတော်ကြီးကျောင်းအခြေပြု နေ့ကျောင်းနှင့် အဆောင်ကျောင်းများတွင် ပညာသင်ဦးရေ ၅ ထောင်ကျော်ကို ပညာသင်ပေးနေသည်။ ပြည်နယ် အစွန်အဖျား အနှံ့မှ ကလေးသူငယ်များကိုလည်း စောင့်ရှောက်ပျိုးထောင်ပေးလျက်ရှိသည်။ ဘုန်းတော်ကြီးသင်ကျောင်းများမှတဆင့် အဆင့်မြင့်ပညာရေး ဆက်နိုင်အောင်လည်း အားပေးဆောင်ရွက်နေသူဖြစ်သည်။
၄။ အရှင် ပညာစာရ
ဆရာတော် အရှင်ပညာစာရသည် သက်တော် ၅၇၊ ဝါတော် ၃၇ ဝါ ရှိပြီး၊ စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့သည်။ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော ပရဟိတ ရဟန်းတော်တစ်ပါးဖြစ်သည့်အပြင် မိဘမဲ့ လူမမယ် ကလေးများအကျိုးကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေ စုဆောင်းလေ့ရှိသည့် သမိုင်းသုတေသီတစ်ဦးဖြစ်ပြီး၊ ဆရာတော်ပြုစုခဲ့သည့် သမိုင်းစာပေများကို မှီငြမ်းကိုးကားကာ အမျိုးသားစာပေဆုနှင့် Ph.D ဒေါက်တာဘွဲ့များ ရရှိခဲ့ကြကြောင်း သိရှိရပါသည်။ ဆရာတော်အား ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က လူဝတ်လဲ ဖမ်းဆီးပြီးနောက် ဘာသာ သာသနာ ညှိုးနွမ်းစေမှု၊ သာသနာ့မြေကို ငှားရမ်း အသုံးပြုမှု၊ နိုင်ငံတည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှု၊ လိမ်လည်မှု၊ စည်ပင်သာယာ အက်ဥပဒေ၊ တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ လဲလှယ်ရေး အက်ဥပဒေ စသည့်ပုဒ်မ ၇ ခုတပ် တရားစွဲဆိုခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၈ နှစ်နှင့် ၃ လအပြင် ငွေဒဏ် ကျပ်ငွေတစ်သောင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
၅။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်
နိုင်ငံရေးအမှုအခင်းများကို အခမဲ့လိုက်ပါ အကျိုးဆောင်ပေးရန် ဥပဒေကျောင်းသား လူငယ်များကို စည်းရုံး စုစည်းလျက် Myanmar Youth Law Firm ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များကို အမှုလိုက် အကျိုးဆောင်ပေးခဲ့သည်။ ရဲရဲရင့်ရင့် ခုခံအကျိုးဆောင်ပေးတတ်သူ ဖြစ်သည့် ဦးဖိုးဖြူ ကိုယ်တိုင်လည်း တရားရုံးကို မထီမဲ့မြင်ပြုမှု အကြောင်းပြချက်ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီး ရှေ့နေလိုက်ခွင့်လိုင်စင်လည်း ပိတ်ပင်ခံရသည်။ သို့သော် ယနေ့အချိန်ထိ အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူများနဲ့အတူ အလုပ်သမား အမှုအခင်းများကို အခမဲ့ လိုက်ပါဆောင်ရွက်ပေးခြင်း၊ တောင်သူလယ်သမားများကို သမဂ္ဂဖွဲ့စည်းရေးအတွက် ဥပဒေဆိုင်ရာ အကြံပေးခြင်းများနှင့် လယ်မြေအမှုအခင်းများကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည်။
၆။ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း
မန္တလေးမြို့အခြေစိုက် အသင်းကြီးဖြစ်ပြီး လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားအားပေးတော်မူကြသည့် ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ မြို့မိမြို့ဖလူကြီးများ ပါဝင်ဖွဲ့စည်းမှုဖြင့် ၁၉၉၈ ခုနှစ် မေလ ၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ ဖွဲ့စည်းချိန်မှစတင်ကာ လူမျိုးဘာသာ ကျားမ မရွေး အားလုံး၏ နာရေးကူညီမှုလုပ်ငန်းအတွက် ကူညီမှုများ ဆောင်ရွက်ခဲ့ပြီး နာရေးပို့ဆောင်ခြင်းလုပ်ငန်းကို မှန်လုံကား ၄ စီး ကာဒီလက်ကားကြီး ၁ စီး စုစုပေါင်း ၅ စီး၊ အဝေးခရီးများအတွက် ဟိုင်းလတ်ယာဉ် ၃ စီးကို အသုံးပြု ပို့ဆောင်ပေးလျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ် ဧပြီလ မှစ၍ အစိုးရပြည်သူ့ဆေးရုံများ၌ တက်ရောက် ကုသခံယူပြီး အကူအညီလိုအပ်နေသော အတွင်းလူနာများကို ဆေးဝါးကူညီ ထောက်ပံ့ပေးသည့် ကျန်းမာရေးကူညီမှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၂ ရက်မှ စတင်ကာ ကုသိုလ်ဖြစ် ပြင်ပလူနာဆေးပေးခန်း၊ ကျန်းမာရေး ကူညီမှုလုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ နာဂစ် ဆိုင်ကလုန်းကြောင့် ဘေးဒုက္ခကြုံတွေ့ရသော ပြည်သူများကို အသင်းက ကျပ်သိန်း ၁၀၀ မတည်ပြီး အလှူငွေ၊ အဝတ်အထည်၊ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆေးဝါး၊ သောက်ရေသန့်ပါမကျန် စုစုပေါင်း ကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးကို ဖျာပုံမြို့နယ်နဲ့ ဘိုကလေးမြို့နယ်များက ဘေးဒုက္ခကြုံတွေ့နေရသူများထံ သွားရောက် ကူညီထောက်ပံ့ပေးခဲ့သည်။
၇။ မေတ္တာမွန်ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားသော မီးသတ်ရဲဘော် ၅ ဦး
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကုန်လှောင်ရုံ မီးလောင်ပေါက်ကွဲမှုအတွင်း မီးငြှိမ်းသတ်ရင်း သေဆုံးခဲ့သည့် မီးသတ်ရဲဘော်များဖြစ်သည်။ တာမွေမြို့နယ် မီးသတ်ဦးစီး ဌာနမှ ဦးပြည်ဇော်ဌေး ( ၅၀ နှစ်) ၊ ဦးတင်စိုး (၃၄ နှစ်) ၊ ကိုသော်ဇင်မျိုးထက် (၂၁ နှစ်)၊ ကိုအောင်အောင် (၂၈ နှစ်)၊ ကိုမျိုးကျော်ကျော် (၂၀ နှစ်) တို့ ဖြစ်သည်။
၈။ မွတ်စ်လင် ကုသိုလ်ဖြစ်ဆေးရုံ
ရန်ကုန် ကျောက်တံတားမြို့နယ်တွင်ရှိပြီး အထွေထွေရောဂါနှင့် မျက်စိကု ကုသိုလ်ဖြစ်ဆေးရုံဖြစ်သည်။ ၁၉၃၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့ပြီး ဂိုဏ်းဂဏစွဲ မရှိဘဲ၊ လူသားအကျိုးဆောင် စေတနာဆေးရုံ တစ်ရုံအဖြစ်၊ ဆင်းရဲသော လူသားတိုင်းအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ အခြားသော မည်သည့်အသင်းအဖွဲ့နှင့်မျှ တွဲဖက်ထားခြင်းမရှိ၊ လွတ်လပ်စွာ ကူညီလည်ပတ်နေသော ဆေးရုံဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ်လေမုန်တိုင်း ဘေးဒုက္ခကျရောက်စဉ်ကလည်း မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံက ဆရာဝန်နှင့် သူနာပြုများ ပါဝင်သော အရေးပေါ် လေဘေးကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ လေဘေးသင့် ဒေသများသို့ ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးပို့ကူညီခဲ့ကြသည်။
၉။ ရခိုင်သဟာရအသင်း (ရန်ကုန်)
၁၉၆၁ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် အသင်းဖြစ်သည်။ နှစ်စဉ်သဘာဝဘေး ဒဏ်ခံနေရသော ရခိုင်ဒေသတွင် ကယ်ဆယ်ရေး၊ ကူညီရေးလုပ်ငန်းများကို လုပ်ကိုင်နေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများဖြင့် စနစ်တကျဆောင်ရွက်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။ ၁၉၇၈ ခုနှစ် ကျောက်ဖြူ၊ စစ်တွေ ဆိုင်ကလုန်း လေဘေးနှင့် ၂၀၀၄ ခုနှစ် မြေပုံ လေဘေးကယ်ဆယ်ရေး လုပ်ငန်း၊ ၂၀၀၆ ခုနှစ် မာလာ လေဘေးအတွက် ဂွမြို့နယ်ကို ကျပ်သိန်းပေါင်း ၂၀၀ ဖိုး၊ ၂၀၀၈ ခုနှစ် ဧရာဝတီတိုင်း နာဂစ်လေဘေးအတွက် ကျပ်သိန်းပေါင်း ၁၀၀၀ ဖိုး၊ ၂၀၁၀ ပြည့်နှစ် ဂီရိမုန်တိုင်းသင့် ဒုက္ခသည်များအတွက် ကျပ်သိန်းပေါင်း ၁၇၀၀ ဖိုး ကူညီထောက်ပံ့ခဲ့သည်။ ရခိုင်ပြည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ ဆေးရုံ ဆေးပေးခန်းများ ဆောက်လုပ်ဖွင့်လှစ်ပေးခြင်းတို့ကို စီမံကိန်းများချပြီး ဆောင်ရွက်လျက်ရှိသည်။ ပညာရေးအတွက် ၁၉၈၁ ခုနှစ်မှ စတင်ကာ ၂၀၁၀ ခုနှစ်အထိ တက္ကသိုလ်/ကောလိပ် ကျောင်သား ၃၀၃ ဦးကို ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်ခဲ့သည်။
၁၀။ ဦးရောဘတ်စန်းအောင်
ရှေ့နေတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်က ဦးပီတာလင်းပင် (ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ၏အမှုတွင် လိုက်ပါဆောင်ရွက်ခဲ့သည့်အတွက် ထိုအမှုပြီးစီး၍ ၆ လ အကြာတွင် တရားရုံးချုပ်မှ ၎င်း၏ရှေ့နေလိုင်စင်အား ရုပ်သိမ်းခဲ့သည်။ ထို့အပြင် နိုင်ငံရေးယုံကြည်မှုအတွက် စစ်အစိုးရလက်ထက်တွင် ၆ ကြိမ်တိုင်တိုင် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပြီး ၁၇၊ ၁၂၊ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကလေးထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ယနေ့တိုင် ရှေ့နေလိုင်စင် ပြန်မရသေးသော်လည်း တတ်ကျွမ်းသည့် ဥပဒေပညာရပ်ဖြင့် လယ်မြေအဓမ္မသိမ်းယူခံရခြင်း၊ အဓမ္မလုပ်အားပေး စေခိုင်းခံရခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်းခံရခြင်း စသည့်အမှုကိစ္စများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
၁၁။ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့
ရွှေဘိုမြို့ ရွှေခြင်္သေ့ကျောင်းတွင် အခြေပြုဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ HIV/AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ဒေသတွင်း၌သာမက နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။ HIV/AIDS နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သကဲ့သို့ ဝေဒနာသည်နှင့် မိသားစုအား စောင့်ရှောက်ကူညီခြင်းများပါ လုပ်ဆောင်လျက်ရှိသည်။ ကလေးဖွံ့ဖြိုးရေးကျောင်းကို ဖွင့်လှစ်ထားပြီး ကလေးများအတွက် စာပေသင်ကြားခြင်း၊ ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေး အစရှိသည်များလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။ ကလေးအခွင့်အရေး၊ အုပ်ထိန်းမှုနှင့်စပ်လျဉ်းသော အကြောင်းအရာများကိုလည်း မိဘများနှင့် ဆွေးနွေးပွဲများ ပြုလုပ်လေ့ရှိသည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရွှေခြင်္သေ့စာကြည့်တိုက်ကို ဖွင့်လှစ်ကာ အသိပညာ ဖြန့်ဝေသကဲ့သို့ ကျန်းမာရေးအသိပညာ လူထုကြား ပိုမိုပျံ့နှံ့စေရန် ပြခန်းများ၊ ပြပွဲများ ပြုလုပ်ခဲ့သည်။ မီးဘေးကဲ့သို့သော အရေးပေါ်အခြေအနေများတွင်လည်း သွားရောက်ကူညီနေသော အသင်းဖြစ်သည်။
၁၂။ လဖိုင်နော်မိန်း
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံကျေးရွာကလေးတွင် ဒေသဖွံ့ဖြိုးရေး၊ လူငယ်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို အာဏာပိုင်များ၏ ဖိနှိပ်မှုကို အံတုကာ ဒေသခံများအတွက် ရပ်တည်ဆောင်ရွက်ခဲ့သူ ခရစ်ယာန် ဓမ္မဆရာတစ်ဦးဖြစ်သည်။ မန်တုံကျေးရွာတွင် ဘုရားရှိခိုးကျောင်းဆောက်လုပ်မှုတွင် ခေါင်းဆောင်ခဲ့မှုအတွက် မြန်မာစစ်တပ်၏ရိုက်နှက်၊ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည့်အပြင် ဒေသခံရွာသူရွာသားများအား မြန်မာစစ်တပ်မှ ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးခြင်းများ အတွက် မားမားမတ်မတ်ရပ်တည်၍ ကာကွယ်ခဲ့သောကြောင့်လည်း စစ်တပ်၏စောင့်ကြည့်ခံရမှုနှင့် ဖမ်းဆီးစစ်ဆေးခြင်း မကြာခဏ ခံရသူဖြစ်သည်။ ၂ဝဝ၂ ခုနှစ်မှစ၍ ကချင်လူငယ်များ၏အနာဂတ်အတွက် စီးပွားရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး အစီအစဉ်ဆောင်ရွက်ရာတွင် တက်ကြွစွာဦးဆောင်ခဲ့သည်။ Kachinland News သတင်းဌာနကို ပါဝင်တည်ထောင်ကာ သတင်းထောက်ချုပ် တာဝန်ကိုယူခဲ့သည်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်နေသည့်နေရာသို့ သွားရောက် သတင်းယူနေစဉ် မြန်မာအစိုးရစစ်တပ်မှပစ်ခတ်သော သေနတ်ကျည်ဆံထိမှန်ကာ လည်ပင်းအောက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်ဖြစ်ခဲ့ရပြီး မိသားစု၏ ပြုစုမှု ခံနေရသည်။
၁၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုများကို လစဉ် ထောက်ပံ့ကူညီ အားပေးခြင်းများ ပြုလုပ်နိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။ ၁၉၉၅ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး သဒ္ဓါပေါက်သူများ လှူဒါန်းသည့် အလှူငွေများဖြင့် နိုင်ငံရေးအကျဉ်းသားများအား တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်း လစဉ်ထောက်ပံ့ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်မှစ၍ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်အတွက် တစ်ဦးလျှင် တစ်လ ၅၀၀၀ ကျပ်နှုန်း၊ ဆေးရုံတက်နေရသည့် နိုင်ငံရေးအကျဉ်းသားများအတွက် ကျပ် ၁ သောင်းမှ ၅ သောင်းအထိ၊ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအတွက် တစ်ဦးလျှင် ခရီးစရိတ် ၁ သောင်းနှုန်း ထောက်ပံ့ကူညီလျက်ရှိသည်။ သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းများကိုလည်း အရေးပေါ်လိုအပ်တိုင်း ကူညီထောက်ပံ့ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင် ကလေးငယ်များအတွက် ကျောင်းစရိတ်နှင့် ပညာရေး အထောက်အကူပြုလုပ်ငန်းများ၌် ထောက်ပံ့ကူညီခြင်းများ ဆောင်ရွက်လျက်ရှိသည်။
၁၄။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ
မိဘနှစ်ဦးလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးအား ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိသူများ၊ အခြေအနေအရပ်ရပ်ကြောင့် သိမ်ငယ်စွာ ခံစားနေထိုင်ကြရသူများနှင့် စောင့်ရှောက်မည့်သူမရှိသည့် HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ကလေးငယ်များအား မိသားစု အခွင့်အရေးများကို တတ်နိုင်သမျှ အပြည့်အဝရရှိခံစားနိုင်ရန် ၂၀၀၅ ခုနှစ်မှ စတင်၍ လက်ခံပြုစုစောင့်ရှောက် ပေးထားသည့် နေရာဖြစ်သည်။ အသက် ၁ နှစ်ခွဲမှ ၁၅ နှစ်အထိ အရွယ်အသီးသီးရှိသော ကလေးများအတွက် ပညာရေးအနေဖြင့် မူကြိုအရွယ်ကလေးများအတွက် မူကြိုကျောင်းနှင့် သူငယ်တန်းမှ လေးတန်းအထိ ကလေးငယ်များအတွက် ဝိသာခါသီလရှင် ပညာဒါနကျောင်းတွင် နာမည်စာရင်းပေးသွင်းထားပြီး သုခရိပ်မြုံ၌ပင် သင်ရိုးများအတိုင်း သင်ကြားပေးလျက်ရှိသည်။
၁၅။ ဦးသန်းနိုင် Community Water Filtration System
Community Engineering Team ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး တပိုင်တနိုင် ရေသန့်ထုတ်နည်းကို လက်တွေ့ပြသကာ ဖြန့်ဝေပေးနေသူဖြစ်သည်။ နိုင်ငံခြားဖြစ် ပစ္စည်းများမပါဘဲ သဲ၊ ကျောက်၊ မီးသွေး အစရှိသည့် အလွယ်တကူ ရရှိနိုင်သည့် ပစ္စည်းများဖြင့် ရေသန့်ထုတ်ယူနိုင်ပုံ နည်းစနစ်ကို ပညာပေး ဖြန့်ဝေလျက်ရှိသည်။ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း၊ ၂၀၁၀ ဂီရိဆိုင်ကလုန်း မုန်တိုင်းသင့်ရာဒေသများဖြစ်သည့် ဒေသများသို့သွားရောက်ကာ အဆိုပါပညာရပ်ကို ဖြန့်ဝေပေခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုစေသည့် ရေသန့်ထုတ်နည်းကို အခြေခံလူထုကြား ပျံ့နှံ့အောင် ကြိုးစားခဲ့သည်။ ကိုယ်တိုင်နှင့် နီးစပ်ရာမိတ်ဆွေများ၏ ကုန်ကျစရိတ် တပိုင်တနိုင် ထည့်ဝင်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်သည်။ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်အတွင်းရှိ ဒေသများအထိ အဆိုပါနည်းပညာကို သွားရောက်ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။
၁၆။ ဒေါ်သန်းမြင့်အောင်
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုဥက္ကဋ္ဌ ဖြစ်ပြီး နာရေးကူညီမှုလုပ်ငန်းအပြင်၊ အိတ်ချ်အိုင်ဗီ ကူးစက်ခံ ကလေးငယ်များ စောင့်ရှောက်ရေးအတွက် ရန်ပုံငွေရှာခြင်းနှင့် လူထုအတွင်း စေတနာ့ဝန်ထမ်းစိတ်များ ပေါ်ပေါက်လာစေရန် တိုက်တွန်းအားထုတ်နေသူဖြစ်သည်။ ဒေါ်သန်းမြင့်အောင်သည် စိတ်တူကိုယ်တူ မိတ်ဆွေများနှင့် ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်သော သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ၂၀၁၀ ဧပြီလ၌ စတင်တည်ထောင်သည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတို့တွင် ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။ လက်ရှိတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၌ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး အနာကြီးရောဂါ ပပျောက်ရေးနှင့် မရမ်းချောင် ပညာရေးထောက်ပံ့မှုအဖွဲ့၊ အိတ်ချ်အိုင်ဗီ ကာကွယ်ရေး၊ မိဘမဲ့ကလေးများ ပြန်လည်ထူထောင်ရေး ပရဟိတ လုပ်ငန်းများ၊ စိတ်ရောဂါအထူးကုဆေးရုံကြီး၏ စိတ်ကုထုံးသစ်များနှင့် ကုသရေးတို့တွင် ပါဝင်ကူညီလျက်ရှိသည့်အပြင် တပိုင်တနိုင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
၁၇။ ဆရာတော် ဦးအာစိဏ္ဏ
ယခင်က လှိုင်မြို့နယ် ၁၅ ရပ်ကွက် အနောက်အုတ်ကျင်းတွင် တည်ရှိခဲ့သော တေဇာရာမ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းကို တည်ထောင်ခဲ့သော ဆရာတော်ဖြစ်သည်။ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်တွင် စက်ရုံအများအပြား ရှိပြီး ဆင်းရဲချို့တဲ့သည့် စက်ရုံအလုပ်သမားများ၏ သားသမီးအများစုမှာ မူလတန်းပညာကိုပင် ပြီးဆုံးအောင် မသင်ကြားနိုင်ကြဘဲ အရွယ်ရောက်သည်နှင့် မိဘများနည်းတူ စက်ရုံများတွင် အလုပ်ဝင်ကြရသည်။ ထိုသံသရာကို မနှစ်မြို့သော ဆရာတော်က နွမ်းပါးသူ ကလေးများအတွက် ဘုန်းတော်ကြီးသင် အခြေခံမူလတန်းကျောင်းကို ၁၉၆၄ တွင်တည်ထောင်ကာ ပိုမိုကောင်းမွန်သော ဘဝများသို့ ရောက်ရှိစေရန် ပံ့ပိုးပေးခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဆရာတော်ကျောင်းအပါအဝင် ၎င်းရပ်ကွက်များမှ မိသားစုအားလုံး ရွှေပြည်သာမြို့နယ်သို့ အစိုးရအမိန့်ဖြင့် ပြောင်းရွှေ့ပေးခဲ့ရသည်။ ၁၉၆၄ မှ ၂၀၀၅ အထိ အနောက်အုတ်ကျင်းတွင် ဘုန်းတော်ကြီးသင် မူလတန်းကျောင်းနှင့် ၂၀၀၅ မှ ယနေ့ထက်တိုင် ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်းအဖြစ် ၁ နှစ်လျှင် ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်အား ပညာအမွေများ လက်ဆင့်ကမ်းပေးလျက်ရှိသည်။
၁၈။ ဦးအုန်း
သစ်တောပညာရှင်တစ်ဦးဖြစ်ပြီး သစ်တောဝန်ထောက်၊ သစ်တောညွှန်ကြားရေးမှူး၊ ရန်ကုန်တက္ကသိုလ် သစ်တောပညာ တွဲဖက်ပါမောက္ခ စသဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ သုတေသနစာစောင် ၁၅ စောင် ပြုစုခဲ့ပြီး သစ်တောပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အတွက် ပုပ္ပားတောင်ဒေသ တောင်ကတုံး ဖြစ်မည့်အန္တရာယ်မှ ရှောင်လွဲနိုင်ခဲ့သည်။ ဒီရေရောက်တောများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သည့်အပြင် အင်းလေးကန်ဒေသ ထိန်းသိမ်းရေး၊ ဧရာဝတီ မြစ်ဆုံအရေးကိစ္စများတွင် ပညာရှင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။ သစ်တော သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း FREDA (Forest Resource Environment Development and Conservation Association, FREDA) ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၂၀၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံက ချီးမြှင့်သော Minamata Environmental Award ဆုကို ရရှိခဲ့ပြီး ဆုငွေ ဂျပန်ယန်း ၁ သန်း လက်ခံရရှိခဲ့သည်။ ယင်းငွေဖြင့် ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုတစ်ခု နှစ်စဉ်ရွေးချယ်သွားရန် ပြင်ဆင်လျက်ရှိသည်။
၁၉။ Metta Development Foundation
Metta Development Foundation ကို အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) အဖြစ် ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကချင်ပြည်နယ်ရှိ ဝေးလံခေါင်ဖျားသည့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို စတင်လုပ်ကိုင်ခဲ့ပြီး လူမျိုး ဘာသာ မခွဲခြားဘဲ အခြားဒေသများတွင်ပါ တိုးချဲ့လုပ်ကိုင်သွားရန် ရည်ရွယ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ စုပေါင်းဆောင်ရွက်ကြသည့် အလေ့အထများ ထွန်းကားလာစေရန်နှင့် ထိုလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် ကျွမ်းကျင်သူများ မွေးထုတ်ရန်၊ ဒေသခံများဦးဆောင်သည့် လူမှုရေးနှင့် ဒေသန္တရစီးပွားရေး ဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ထွန်းလာစေရန်တို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။
၂၀။ Swanyee Development Foundation
‘စွမ်းရည်’ ဖွံဖြိုးရေးဖောင်ဒေးရှင်းသည် ၂၀၀၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သော NGO တစ်ခုဖြစ်ပြီး အဖွဲ့ဝင် ၉၁ ဦးခန့် ပါဝင်သည်။ အရေးပေါ်ကူညီထောက်ပံ့ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှိရေးလုပ်ငန်းများကို ရည်မှန်းကာ နိုင်ငံတကာမှအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။ ဧရာဝတီတိုင်းရှိ ဘိုကလေး၊ လပွတ္တာနှင့် ရခိုင်ပြည်နယ် ဂွ၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် ကျေးလက်ရေရရှိရေး၊ အိမ်သာများဆောက်လုပ်ခြင်း၊ တံတားများဆောက်လုပ်ပေးခြင်း၊ ဆန်နှင့် အစားအစာများ ထောက်ပံ့ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ကျန်းမာရေးလုပ်ငန်းများတွင် ကူညီလုပ်ကိုင်ပေးခဲ့သည်။ ယခုအခါ အထက်ပါဒေသများအပြင် ကချင်ပြည်နယ် ကျေးလက်တောရွာအချို့ရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားမိသားစုများကိုပါ ကူညီထောက်ပံ့ပေးလျက်ရှိသည်။