Skip to content

ပြည်သူ့ဂုဏ်ရည်အသင်း အယ်လ်အေဌာနခွဲ ရန်ပုံငွေရှာဖွေပွဲ အောင်မြင်စွာကျင်းပ

ပြည်သူ့ဂုဏ်ရည်အသင်း အယ်လ်အေဌာနခွဲ၏ ရန်ပုံငွေရှာဖွေသည့် ကာရာအိုကေ အဆိုပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက်နေ့က Monterey Park ရှိ အောင်ဇေခန်းမ တွင် ကျင်းပခဲ့သည်။ ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသော ရန်ပုံငွေပွဲသို့ ရပ်ဝေးရပ်နီးမှ မြန်မာပြည်ဖွား ပရိသတ် ၁၀၀၀ နီးပါး လာရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။
ဈေးရောင်းပွဲတော်တွင် ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင် အစရှိသော တိုင်းရင်းသား မိသားစုများနှင့် တသီးပုဂ္ဂလ စေတနာရှင်များက ရိုးရာဓလေ့ အစားအစာမျိုးစုံ ချက်ပြုတ်၊ လုပ်ကိုင် ရောင်းချကာ အရင်း အမြတ် ၂ ရပ်စလုံးကို ရန်ပုံငွေအဖြစ် ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့်လည်း ပွဲတော်လာ ဧည့်ပရိသတ်များက အစားအသောက်များကို မြိန်ရေရှက်ရေ ဝယ်ယူသုံးဆောင်ခဲ့ကြသည့်အပြင် သီးသန့် အလှူငွေများကိုလည်း လှူဒါန်းခဲ့ကြသည်။
ကာရာအိုကေ အဆိုပြိုင်ပွဲတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်များမှ အသက် ၆၀ ကျော်အရွယ်များအထိ ပါဝင်ယှဉ်ပြိုင်ကြပြီး စင်တီရေးဂိုး၊ အရီဇိုးနား စသည့် ရပ်ဝေးနေ မြန်မာပြည်သားများကလည်း လာရောက်ကူညီကာ စွမ်းရည်ပြ ပြိုင်ပွဲဝင်ခဲ့ကြသည်။ ခေတ်ဟောင်းတေးမှ ခေတ်သစ် Rap အထိ သီချင်းအမျိုးအစားပေါင်းစုံဖြင့် သီဆိုပြိုင်ပွဲဝင်ကြသောကြောင့် ရသမျိုးစုံ ခံစားရသောပွဲတစ်ပွဲဟုလည်း ဆိုနိုင်ကြောင်း ပွဲတော်လာ ပရိသတ်တစ်ဦးက ပြောသည်။
အမှတ်ပေးဒိုင်လူကြီးများအဖြစ် နိုင်ငံကျော်အဆိုတော် နီနီဝင်းရွှေ၊ ကချင်ဗွီဒီယိုမင်းသမီး Maureen Sang Mai, ရေဒီယိုနှင့် ဓာတ်ပြားအဆိုတော် ကိုတင်ထွဋ်၊ BBS ဂီတပညာရှင်များဖြစ်ကြသည့် Ricky Zaw and Brian Tiu တို့က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပါသည်။ ပြိုင်ပွဲဝင် ၂၅ ဦးထဲမှ ပထမဆုကို ကိုရန်နိုင်၊ ဒုတိယ ကိုတင့်လွင်ဦး၊ တတိယ ကိုမိုက်ကယ်ချန်း၊ နှစ်သိမ့်ဆု ကိုမျိုးမြင့်နှင့် ပရိသတ် အကြိုက်ဆုံးဆုကို ၇ နှစ်အရွယ်သမီးငယ် ရှားရှားတို့က ရရှိသွားခဲ့သည်။ ။

Donate Us

Contact admin in need : admin@citizenofburmaaward.org