အဖဦးမြင့်အောင် အမိဒေါ်တင်တင်အေးတို့မှ ၁၉၆၂ခုနှစ် မေလ ၂၂ရက်နေ့တွင်မွေးဖွားသည်။ မကွေးတိုင်း တောင်တွင်းကြီးမြို့ဇာတိဖြစ်သည်။
ငယ်စဉ်ကတည်းက လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် ဝါသနာပါခဲ့ပြီး ရန်ကုန်တိုင်း တာမွေမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ ၁၉၇၇ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ ၁၉၈၀ပြည့်နှစ် နဝမအကြိမ်မြောက် စံပြကြက်ခြေနီအဖြစ် ရွေးချယ်ဂုဏ်ပြုခြင်းခံခဲ့ရသည်။ ၁၉၈၈ခုနှစ် မတ်လ၁၃ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားကိုဖုန်းမော်ကျဆုံးခဲ့မှုနှင့် ပတ်သက်သည့် မတ်လကျောင်းသားလှုပ်ရှားမှုကြောင့် မတ်လ ၁၇ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ၌ အဖမ်းခံခဲ့ရသည်။ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) တွင် ဗဟိုအလုပ်အမှုဆောင်တဦးတာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ခုနှစ် ဇွန်လ ၂၇ရက်တွင် အာဏာဖီဆန်ရေး လှုပ်ရှားမှုများကြောင့် ထပ်မံအဖမ်းခံခဲ့ရပြီး ၁၉၉၉ နိုဝင်ဘာလ ၅ရက်နေ့တွင် အကျဉ်းထောင်မှပြန်လည်လွတ်မြောက် ခဲ့ပါသည်။
၂၀၀၅ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ ရှစ်ဆယ့်ရှစ်ကျောင်းသားများ (နောင်အခါ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ၏ စုစည်းလှုပ်ရှားမှုများတွင်ပါဝင်ခဲ့ပြီး ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် နယ်စပ်သို့ တိမ်းရှောင်ရာမှ ၂၀၀၇ခုနှစ် နိုဝင်ဘာလတွင် UNHCR ၏ အစီအစဉ်ဖြင့် United Kingdom သို့ ပြောင်းရွှေ့ အခြေချနေထိုင်ခဲ့ပါသည်။
၂၀၁၀ခုနှစ်တွင် လန်ဒန်မြို့၌နေထိုင်စဉ် ပြည်ပရောက်မြန်မာနိုင်ငံသားများစုစည်းကာ စတင်ဖွဲ့စည်းသည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ UK ဌာနခွဲ၌ပါဝင်ခဲ့ပါသည်။ ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လည်အခြေချ နေထိုင်ခဲ့ပြီး မသန္တာယုနှင့် အိမ်ထောင်ပြုခဲ့သည်။ ယနေ့အချိန်ထိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး၊ လူမှုရေး ကူညီစောင့်ရှောက်မှုတွင် တတပ်တအား ပါဝင်ကူညီပေးနေပြီး ပြည်သူ့ဂုဏ်ရည်အသင်းတာဝန်ကိုလည်း ပြည်တွင်း၌နေထိုင်၍ ဆောင်ရွက်လျက် ရှိပါသည်။
ဦးဇော်ဇော်အောင် (ယူကေဌာနခွဲ ) ထွေထွေအတွင်းရေးမှုး
Categories: