ဦးထိန်လင်း (ဆန်ဖရန်စစ်စကို ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၈-၂၀၂၀)

ဦးထိန်လင်း (ဆန်ဖရန်စစ်စကို ဌာနခွဲ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၈-၂၀၂၀)

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ (၂၀၁၈-၂၀၂၀)

Ko Htein Linn

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် အဖ ဦးကျော်ညွန့်၊ အမိ ဒေါ်စန်းမြင့်တို့က ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၄ ဦးအနက် ဒုတိယဖြစ်သည်။ အခြေခံပညာကို ဟင်္သာတမြို့၊ ရန်ကုန်မြို့တို့ရှိ စာသင်ကျောင်းများတွင် တက်ရောက်သင်ယူခဲ့ပြီး ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ စတင် တက်ရောက်ခဲ့သည်။

စတုတ္ထနှစ် တက်ရောက်နေစဉ် ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနှင့် ကြုံကြိုက်ခဲ့ပြီး ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့တွင် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုများကြောင့် ၂ ကြိမ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။

၁၉၉၀ ပြည့်နှစ် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းမှထွက်ကာ မူဆယ်မြို့နယ်၊ တွံတေးမြို့နယ်တို့ရှိ တွဲဖက် အထက်တန်းကျောင်းများတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ဘုန်းတော်ကြီးသင် စာသင်ကျောင်း တစ်ကျောင်း ဖြစ်မြောက်ရေး အပါအဝင် ပရဟိတ လုပ်ငန်းအချို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၉၅ ခုတွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(ပထဝီဝင်အထူးပြု) ရရှိခဲ့သည်။

၁၉၈၉ ခုနှစ်မှစ၍ စာပေနယ်သို့ ဝင်ရောက်ခဲ့ပြီး စာပေရေးသားခြင်းဖြင့် အသက်မွေးခဲ့သည်။ ၁၉၉၅-၉၆ နှင့် ၁၉၉၉-၂ဝဝဝ တို့တွင် ‘ဂျစ်တူးရုပ်စုံ’၊ ၂ဝဝဝ-၂ဝဝ၁ တွင် ‘ဇီဝက မဂ္ဂဇင်း’ ၌ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။

၂ဝဝ၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ (အေအေပီပီ)’သို့ ဝင်ရောက်ကာ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး နိုင်ငံတကာ ဓာတ်ပုံပြပွဲများ ကျင်းပခြင်း၊ နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုခြင်း စသည့်လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် မဒီဇင်မိုးနှင့် အိမ်ထောင်ပြုခဲ့သည်။

၂ဝဝ၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်သည့် ချင်းမိုင်မြို့အခြေစိုက် ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်း အင်တာနက် မဂ္ဂဇင်း ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး အယ်ဒီတာအဖြစ် ၂ဝဝ၅ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု အခြေစိုက် ‘လွတ်လပ်တဲ့အာရှအသံ (အာရ်အက်ဖ်အေ)’ ရေဒီယိုတွင် ‘အတွေးသမားတစ်ဦးရဲ့ အာဘော်’ ခေါင်းစဉ်ဖြင့် အပတ်စဉ်အသံလွှင့်ဆောင်းပါး ၄ နှစ် ရေးသားထုတ်လွှင့်ခဲ့သည်။

နော်ဝေအခြေစိုက် ‘ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)’ ရေဒီယိုတွင် ‘နိုင်ငံရေးနှင့် စာပေအနုပညာ’ ခေါင်းစဉ်ဖြင့် အပတ်စဉ်အသံလွှင့်ဆောင်းပါး ၂ နှစ် ရေးသားထုတ်လွှင့်ခဲ့သည်။ အခြားသော သတင်းဌာနများ၊ စာနယ်ဇင်းများ တွင်လည်း စာပေရေးသားခြင်းများ လုပ်ဆောင်ခဲ့သည်။ ယခုအချိန်ထိ ကလေးများအတွက် ကဗျာ၊ ပုံပြင်အပါအဝင် စာအုပ် ၁၃ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတင်ဖွဲ့စည်းခဲ့ရာတွင် ပါဝင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆန်ဖရန်စစ္စကိုဌာနခွဲ ကို ကိုယ်စားပြု တာဝန်ယူဆောင်ရွက်ခဲ့သည်။