၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကြေညာချက်အမှတ် ၆/၂၀၂၁

ရက်စွဲ – ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်

လက်ရှိကာလ မြန်မာပြည်သည် အကြမ်းဖက်စစ် အာဏာရှင် လက်အောက်ကို ကျရောက်နေပြီး ကြုံတွေ့နေရသော နိုင်ငံရေး အခြေအနေများအရ ၂၀၂၁ ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအတွက် လူပုဂ္ဂိုလ်များနှင့် အသင်းအဖွဲ့များကို အမည်စာရင်း တင်သွင်းခြင်း နှင့် မဲပေး ရွေးချယ်ခြင်း၊ လုပ်ငန်းစဉ်များအား လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါ။ တပြိုင်နက်တည်းတွင်လည်း လက်ရှိကာလသည် တိုင်းရင်းသား ပြည်သူအများမှ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို တော်လှန်နေကြသည့် နွေဦးတော်လှန်ရေး၏ အရေးတော်ပုံ ကာလလည်း ဖြစ်နေပါသည်။ နွေဦးတော်လှန်ရေးသည် တစ်စု တစ်ဖွဲ့၊ တစ်ဦးတစ်ယောက်တည်းက ဦးဆောင် လုပ်ကိုင်နေသည့် တော်လှန်ရေးမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံ တိုင်းရင်းသားများ အားလုံးက ပါဝင်တော်လှန်နေသည့် သမိုင်းဝင် တော်လှန်ရေးကြီးလည်း ဖြစ်သည်နှင့်အညီ နွေဦးတော်လှန်ရေးတွင် မိမိတို့ အသက်ကို စွန့်လွှတ်သွားကြသည့် သူရဲကောင်းများ၊ မိမိတို့၏ ဘဝများကို စတေးခံပြီး တော်လှန်နေကြသည့် သူရဲကောင်းများ၊ ဖမ်းဆီး ထိန်းသိမ်းခံနေရသူများ၊ နည်းလမ်းမျိုးစုံဖြင့် တော်လှန်နေကြသူများ၊ CDM ဝန်ထမ်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ပြည်တွင်း ပြည်ပမှ ထောက်ပံ့နေကြသူများ စသဖြင့် လေးစားဂုဏ်ယူဖွယ်ရာ လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့ အများအပြားကို တွေ့ရပါသည်။ယင်းအခြေအနေ အောက်တွင် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုမှုအား တစ်ဦးတစ်ယောက်၊ တစ်သင်း တစ်ဖွဲ့ တည်းကို ထုတ်နုတ်၍ ဂုဏ်ပြုရန် မဖြစ်နိုင်သည့်အတွက် ​မေ လ ၂၂ ရက် (စနေနေ့) တွင် ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ နွေဦးတော်လှန်ရေးတွင် ပါဝင်​​ နေကြသည့် တိုင်းရင်းသား မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကို ဂုဏ်ပြုနိူင်ရန် အတွက် “မြန်မာ့ နွေဦးတော်လှန်ရေး” ကို ၂၀၂၁ ခုနှစ် ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုအပ်ပါသည်။အဝေးရောက် မြန်မာနိုင်ငံတိုင်းရင်းသား မိသားစုများ၏ ချွေးနှဲစာဖြင့် ဂုဏ်ပြု လှူဒါန်းငွေများကိုလည်း နွေဦးတော်လှန်ရေး၏ လိုအပ်သည့် နေရာများသို့ ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပြည်သူ့ဂုဏ်ရည်အသင်း