☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮

☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်ရှိ စစ်ဘေးဒဏ်သင့် မိဘမဲ့ကလေးများအတွက် ဖွင့်လှစ်ထားသော ပန်းပျိုးလက်(နောင်ထောဝ်)ဘော်ဒါဆောင်၊ အဆောင်သစ်၏ သံမံတလင်းပေါ်တွင် သစ်သားကြမ်းခင်းများဖြင့် အိပ်စက်နေထိုင်နိုင်စေရန် ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲအသီးသီးမှ မိသားစုများက အလှူငွေ(၇)သိန်း (၃)သောင်း (၆)ထောင်တိတိကို ထောက်ပံ့ လှူဒါန်း နိုင်ခဲ့ပါတယ်။

၂၀၁၆ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် နောင်ထောင်ဝ်ကျေးရွာသို့ ပြည်သူ့ဂုဏ်ရည်အသင်းမှ ကိုသန်းနိုင် သွားရောက်ခဲ့ပြီး “ပန်းပျိုးလက်(နောင်ထောင်ဝ်)ဘော်ဒါဆောင်”တွင် စစ်ဘေးကြောင့် ဒုက္ခရောက်နေကြရသော ကလေးငယ်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပအိုဝ်တ်ုင်းရင်းသား(၅၁) ကယားတိုင်းရင်းသား(၅၀)တို့ဖြစ်ကြပါတယ်။ မိဘနှစ်ပါးလုံး မရှိကြတော့သူများ ၊ မိဘတဦးတည်းသာရှိသူများဖြစ်ကြပြီး ဝမ်းစာရေးပင်ခက်ခဲနေသော အလွန်ဆင်းရဲသည့် မိသားစုများမှ ကလေးငယ်များဖြစ်ကြပါတယ်။ စာသင်ကျောင်းမရှိသော တောတောင်အတွင်းမှ ထိုကလေးငယ်များကို ပန်းပျိုးလက (နောင်ထောင်ဝ်) ပရဟိတအသင်းမှ ဘော်ဒါဆောင်တခုတည်ထောင်၍ နေစရာ၊ စားစရာ၊ ကျောင်းစရိတ်နှင့် ကျောင်းတက် နိုင်ရေးကိစ္စများ၊ ကျောင်းတွင် သင်ကြားခဲ့သောစာများကို ထပ်မံရှင်းလင်းသင်ပြခြင်းတို့ကို စေတနာလုပ်အားရှင်များ၊ စေတနာအလှူရှင်များဖြင့် တာဝန်ယူ စောင့်ရှောက် ပျိုးထောင်ပေးလျက်ရှိပါတယ်။ ဘော်ဒါဆောင်ဆရာမကြီးဒေါ်အေးမိ နှင့် အကျိုးဆောင်လူကြီးများဖြစ်ကြသော ဦးခင်ဇော် ၊ ဦးတောင်ကြီး ၊ ဦးတောက်ထွန်း ၊ ဦးထွန်းအောင် ၊ ဘဏ္ဍာရေးမှူး ဒေါ်ကေသီမြင့် တို့က အခြေအနေများကို ရှင်းပြကြပါတယ်။ ကျောင်းသားကျောင်းသူ အကြီးများက ကလေးငယ်(၅)ဦးကျစီ တာဝန်ယူထိမ်းသိမ်း အဝတ်လျော် လုပ်ပေးကြပြီး၊ အလှည့်ကျ မီးဖိုဆောင် ချက်ပြုတ်ရေးကူကြရပါတယ်။

ပန်းပျိုးလက်(နောင်ထောဝ်)ပရဟိတဘော်ဒါဆောင်မြေနေရာမှာ(၁၂)ဧကကျယ်ပါတယ်။ ယခင်ကတပ်မှူးတဦးပိုင်ဆိုင်ခဲ့ပြီး၊ ထိုသူမှစွန့်လွှတ်သွားသောနေရာကို ကျန်လူများက လိုချင်ရာများ ဖျက်ဆီးယူဆောင်နေချိန်တွင် အနီးနားရှိ ဘုန်းတော်ကြီး ကျောင်းမှ ဆရာတော်အားသိမ်းပိုက်တော်မူရန်လျောက်ထားခဲ့ကြပါတယ်။ ဆရာတော်လက်အောက်ရောက်သွားချိန်မှာတော့ ကလေးများအတွက် ဘော်ဒါဆောင်လုပ်နိုင်စေရန် ဆရာတော်မြှပန်လည်စွန့်လှူခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တပ်မှူးမှ နေရာကောင်း ကိုယူ၍ ပြုပြင်ထားသဖြင့် သုံးရေအဆင်ပြေပါတယ်။ သောက်ရေကို ကြိုချက်ပြီးမှ သောက်သုံးစေပါတယ်။ ထမင်းကို ပေါင်းအိုးဖြင့်ချက်ပါတယ်။ လျှပ်စစ်မီးကို ချောင်းရေအားလျှပ်စစ်မှရရှိပါတယ်။ ပိုမိုများပြားလာသော ကလေးများ အတွက် အဆောင်သစ်ဆောက်လုပ်နေခြင်းမှာ ပြီးစီလုနီးပါပြီ။ သံမံတလင်းအခင်းပေါ်တွင် နေထိုင်အိပ်စက်၍ အဆင်မပြေ သည့်အတွက်ကြောင့် ကလေးများကို နေရာချထား၍မရသေးဖြစ်နေပါတယ်။ ထိုကိစ္စအတွက် သစ်သားကြမ်းခင်း လုပ်ပေးနိုင် စေရန် ပြည်သူ့ဂုဏ်ရည်အသင်းမိသားစုများမှ စုပေါင်းကူညီလှူဒါန်းကြခြင်းဖြစ်ပါတယ်။

ဘော်ဒါဆောင် ကလေးများစားသောက်ရေးအတွက် (၁၆)မိုင်ဝေးသော ဆီဆိုင်မြို့သို့(၅)ရက်တစ်ကြိမ် ဈေးထွက်ဝယ်ရ ပါတယ်။ ရွာသို့ကားဖြင့် သယ်ယူပို့ဆောင်ရန်အဆင်မပြေသောနေ့များမှာ စားစရာအသီးအရွက်များပျက်စီးကုန်တဲ့အတွက် ဈေးဝယ်ရန်၊ ကလေးများကျောင်းသွားရန်၊ အခြားလိုအပ်ချက်များသုံးနိုင်ရန် ကားလေး(၁)စီး အထူးလိုအပ်နေကြောင်း သိခဲ့ရပါတယ်။ တစ်ဦးချင်းဖြစ်စေ ၊ စုပေါင်း၍ဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ လှူဒါန်းခြင်းဖြင့်၎င်း။ ပရဟိတအသင်းငယ်များသို့ ကားများရရှိနိုင်ရန် အလှူရှင်ရှာဖွေလှူဒါန်းပေးလျက်ရှိသော နာရေးကူညီမှုအသင်း (ရန်ကုန်)ထံသို့ ကူညီတင်ပြပေးခြင်းဖြင့် ၎င်း၊ ကူညီစောင်မမှုများ ပြုလုပ်ပေးကြပါရန် မေတ္တာရပ်ခံလိုပါတယ်။ ပန်းပျိုးလက်(နောင်ထောင်ဝ်) ဘော်ဒါဆောင် ဆရာမကြီးနှင့် အမှုဆောင်များ၏ ပရဟိတအကျိုးဆောင်စိတ်ထက်သန်မှုများ ၊ ဘော်ဒါဆောင်ကလေးများအပေါ် စေတနာမေတ္တာကြီးစွာထားရှိမှုများ ၊ အလှူငွေကို စာရင်းဇယား၊ ဘောက်ချာ၊ ဘဏ္ဍာရေး မှူး စသည်ဖြင့် စနစ်တကျ ထားရှိသုံးစွဲမှုများကို လေးစားစွာတွေ့မြင်သိရှိခဲ့ရပါတယ်။

ကျနော်၏ခရီးစဉ်ကို အစစအရာရာကူညီခဲ့ကြသော ရန်ကုန်မြို့မှ ကိုတင့်ဝေမိသားစုများ ကိုဂျိမ်းစ်လင်းထွန်းမိသားစုများ ၊ တောင်ကြီးမြို့မှ ဦးဘုန်းနိုင် ၊ လွိုင်ကော်မြို့မှ ကိုနေမိုးအောင် 9 Generation Force (Travel & Tours) နှင့် အလှူရှင် ပြည်သူ့ဂုဏ်ရည်အသင်းမိသားစုများကို အထူးကျေးဇူးတင်ရှိပါတယ်။ ကလေးတိုင်း အနာဂတ်လှပကြပါစေ။
ပန်းပျိုးလက် (နောင်ထောဝ်) ပိုမိုအောင်မြင်ပါစေ။

သန်းနိုင် (ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်)

အလှူရှင်များမှာ – အယ်လ်အေဌာနခွဲမှ ကိုဘိုဘို+မယဉ်မင်းဟန်(၅)သောင်း(၉)ထောင် ၊ ဖလော်ရီဒါဌာနခွဲမှ ကိုရဲဝင်းနိုင်+မဟန်စုယဉ်(၁)သိန်း ၊ ဖလော်ရီဒါဌာနခွဲရံပုံငွေမှ(ဒေါ်လာနှစ်ရာအတွက်)(၂)သိန်း(၃)သောင်း(၆)ထောင် (ကိုစိန်မြင့်အောင် ၊ ကိုမောင်စိုး ၊ ကိုဘိုဘို ၊ ကိုနေဝင်းထွန်း ၊ ကိုဂျိမ်းစ်လင်းထွန်း ၊ ကိုရဲဝင်းနိုင် ၊ မဟန်စုယဉ် ၊ ကိုသန်းနိုင်) ၊ ဖလော်ရီဒါဌာနခွဲမှ ကိုဂျိမ်းစ်လင်းထွန်း+မဝင်းစန္ဒာစန်း(၅)သောင်း(၂)ထောင်(၅)ရာ ၊ ကိုသန်းနိုင်(၅)သောင်း(၂)ထောင်(၅)ရာ ။ ကိုကျော်ဝဏ္ဏ+မမိုးချိုသင်း(ပြည်သူ့ဂုဏ်ရည်အသင်း ၊ LA ဌာနခွဲ) (၁)သိန်း(၁)သောင်း(၈)ထောင် ။ (ပြည်သူ့ဂုဏ်ရည် အသင်းမိသားစုများ ၊ အရီဇိုးနားဌာနခွဲ) (၁)သိန်း(၁)သောင်း(၈)ထောင် ဖြစ်ကြပါတယ်။
(ပန်းပျိုးလက် (နောင်ထောဝ်) သို့ ဆက်သွယ်လှူဒါန်းရန် – ဦးခင်ဇော် ဒုတာဝန်ခံ 09799125240 / 09253933474 ။ ဘော်ဒါဆောင်ဖုံး 09783250511) Ref. & Credit:
https://www.facebook.com/than.naing.9047/posts/1080417965368878